Wednesday, September 10, 2014

အရက်၊ ဘီယာအခွန်နှစ်ဆကောက်ပါက ရောင်းချသည့်ဆိုင်များ ပိတ်သိမ်းနိုင်


WEDNESDAY, 10 SEPTEMBER 2014


အရက်ယမကာသုံးစွဲ မှုထိန်းချုပ်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အရက်၊ ဘီယာ ထုတ်လုပ်ရောင်း ချနေမှုများ အပေါ် အခွန်နှုန်းထားနှစ်ဆကျော် တိုးမြှင့်ကောက်ခံပါကအရက်၊ ဘီယာရောင်းချသူများ အနေဖြင့် ဆိုင်ပိတ်သိမ်းသည်အထိ အခက်အခဲတွေ့ကြုံနိုင်ကြောင်း သတင်းရရှိသည်။

ယစ်မျိုးခွန်ဥပဒေကြမ်းကို စက်တင်ဘာ ၁ ရက်က ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်အ စည်းအဝေးတွင် အတည်ပြုခဲ့ သည်။

‘‘လက်ရှိ အခွန်နှုန်းထားနဲ့ တောင် အဆင်မပြေဖြစ်နေတာ။ ဈေးကွက်ထဲမှာ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ အခွန်နှစ်ဆတော့ မဆောင်တော့ဘူး။ လုပ်ငန်း ပြောင်းလုပ်ဖို့ စဉ်းစားထားတယ်’’ ဟု ရန်ကုန်-မန္တလေး ကားလမ်းဘေး တွင် ဘီယာဆိုင်ဖွင့်လှစ်ထားသူ ဒေါ်အေးအေးသင်းက ပြောသည်။ယင်းသို့ ပြုလုပ်ခြင်းသည် အရက်၊ ဘီယာဈေးကွက်ပြန်ကျ ဆင်းသွားနိုင်သော အနေအထား ဖြစ်နိုင်ပြီး အခွန်နှုန်းထားသာမကကုန်ထုတ်ဈေးကွက်ပါမြှင့်တင်ပါ က အရက်၊ ဘီယာဈေးနှုန်းများ လည်း ကြီးမြင့်လာကာ သောက် သုံးသူများမှာ အခက်အခဲရှိနိုင် ကြောင်း ဘီယာဆိုင်ဖွင့်ထားသူ အချို့က ပြောသည်။

လွတ်လပ်သော စီးပွားရေးမူ ၀ါဒများချမှတ်သည့်အခါ ပုဂ္ဂလိကသို့ လွှဲအပ်ချိန်မှစ၍ အရက်သုံးစွဲမှုပိုများလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းအောင်က ပြောကြားထားသည်။

တစ်နိုင်ငံလုံး အရက်ယမကာ လျှော့ချရေးအတွက်လည်း ကဏ္ဍအသီးသီးမှ ပညာရှင်များ ဆွေးနွေး အကြံပြုချက် (၁၂) ချက်ကို နိုင်ငံတော်မူဝါဒ တစ်ရပ်အဖြစ်သတ်မှတ်နိုင်ရန်စီစဉ်ဆောင်ရွက်နေသည်။

ယင်းသို့ သတ်မှတ်နိုင်ရန် အတွက် အရက်နှင့် ယမကာသုံးစွဲမှုလျှော့ချရေးမူဝါဒနှင့် မဟာဗျူ ဟာကြမ်းကို သက်ဆိုင်ရာအစိုးရ ဌာနအသီးသီးနှင့် ညှိနှိုင်းပြီး ပြည် ထောင်စုဝန်ကြီးများနှင့် သမ္မတ ထံ တင်ပြကာ လွှတ်တော်တွင် အတည်ပြုပြဋ္ဌာန်းမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေး ရှင်းဥက္ကဋ္ဌ ဦးသန်းစိန်က ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ ၂၀၀၉ ခုနှစ် ကောက်ယူထားသော စစ်တမ်းအရ မြန်မာနိုင်ငံတွင် အရက်သောက်သုံးမှုမှာ အမျိုးသားများ၌ ၂၅ နှစ်မှ ၃၀နှစ်အရွယ်၊ အမျိုးသမီးများ၌ ၃၅ နှစ်မှ ၄၄ နှစ်အရွယ်များမှာ သောက်သုံးမှုပိုများပြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးချက်များ တွင် အရက်ဝယ်ယူရေးခက်ခဲမှုရှိ စေရန် တားမြစ်ခြင်းများဖြစ်သော အရက်ဝယ်ခွင့်အနိမ့်ဆုံး အသက် (၁၈) နှစ်ထက်ပိုသော အသက်ကို တိုးမြှင့်သတ်မှတ်ပေးခြင်း၊ အရက်ရောင်းချခွင့်နေရာ၊ အချိန်၊ နေ့ ရက်များကန့်သတ်ခြင်း၊ အရက် အမျိုးအစားလိုက် လိုင်စင်ဖြင့် ထိန်းချုပ်သတ်မှတ်ပေးခြင်း အမျိုးသမီးများကိုယ်တိုင် အရက်ရောင်းချမှု တားမြစ်ပိတ်ပင်ထားခြင်းတို့ ပါဝင်သည်။

အရက်နှင့် ယမကာသုံးစွဲမှု လျှော့ချရေးအတွက် အထက်ပါ အချက်များကို ဆောင်ရွက်နေ ခြင်းသည် တိုင်းပြည်အတွက် ကောင်းမွန်သော်လည်း ထို့သို့ ပြု လုပ်ခြင်းကြောင့် အခက်အခဲတွေ့ ကြုံနိုင်သူများကို အခြားနည်း လမ်းများနှင့် ဖြေရှင်းပေးရန်လို အပ်ကြောင်း အရက်၊ ဘီယာဖြန့် ဖြူးရေးတွင် လုပ်ကိုင်နေသည့် မန်နေဂျာတစ်ဦးက ပြောသည်။

‘‘အရက်ကို မိန်းကလေးတွေ ရောင်းခွင့်မပေးဘူးဆိုရင် သူတို့ အတွက် အလုပ်အကိုင်ဘယ်လို ရှာဖွေပေးမှာလဲ အခုတောင် လူငယ်တွေကြားမှာ အလုပ်လက်မဲ့ပြဿနာတွေဖြစ်နေတာ’’ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

အထက်ပါ ပြဋ္ဌာန်းလိုက် သည့် ဥပဒေသည် ပြည်သူအားလုံးအတွက် တစ်ပြေးညီသက်ရောက်မှုရှိရန် လိုအပ်ပြီး အသေးစား၊ အလတ်စားလုပ်ငန်းများ ထိခိုက်နစ်နာစေမည့် ဥပဒေမျိုးမဖြစ်ရန် လိုအပ်ကြောင်း ရွှေဗန်ဒါ စည်ဘီယာအရောင်းဆိုင်တာဝန်ခံ မခိုင်ကပြောသည်။

‘‘အစိုးရက ကောင်းမယ်ထင် လို့ သတ်မှတ်ပြဋ္ဌာန်းတာကိုတော့ ဘာမှမပြောလိုပါဘူး။ ဒါပေမဲ့ သူတို့သတ်မှတ်တဲ့ ဥပဒေတွေက ခရိုနီတွေကို အလွတ်ထားပြီး နှစ် စဉ် အခွန်ဆောင်ပေးနေရတဲ့သူ တွေထိခိုက်ဆုံးရှုံးသွားစေတဲ့ ဥပဒေမျိုး မဖြစ်ဖို့လိုတယ်’’ဟု မခိုင်က ပြောသည်။

ကမ္ဘာတစ်ဝန်းလုံး၌ အရက် သောက်သုံးမှုကြောင့် တစ်နှစ် လျှင် လူဦးရေ နှစ်သန်းခွဲကျော်သေဆုံးရပြီး အမျိုးသားဦးရေတစ်ရာ လျှင် ခြောက်ဦးနှုန်း၊ အမျိုးသမီး ဦးရေတစ်ရာလျှင် တစ်ဦးနှုန်းသေ ဆုံးနေရသည်ဟု WHO ၏ စစ် တမ်းများအရ သိရသည်။

တစ်နိုင်ငံလုံးအရက်ယမကာ သုံးစွဲမှု လျော့ကျစေရေးအတွက် အမျိုးသားအဆင့်ညှိနှိုင်းတာဝန် ယူနိုင်သည့် အဖွဲ့အစည်းတစ်ခု ထူထောင်ပြီး အမျိုးသားအဆင့် သုတေသနနှင့်မူဝါဒဆိုင်ရာ ဌာန တစ်ခုတည်ထောင်ကာ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းအပြင် အ လွှာစုံပါဝင်သော အရက်ကင်းစင် ရေးဆိုင်ရာ ကွန်ရက်များ၊ အရက်ကင်းစင်စံပြမြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်များထူထောင်သွားရန်လည်း ဆွေးနွေးပွဲအကြံပြုချက်တွင် တိုက်တွန်းထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံတစ် နိုင်ငံလုံးအနေဖြင့် အရက်၊ ဘီယာရောင်းချခွင့်လိုင်စင်ဆိုင်ပေါင်း လေးသောင်းကျော်နှင့် အရက် ချက်စက်ရုံ ၇၃ ရုံ၊ ဘီယာစက်ရုံ လေးရုံရှိကြောင်း အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ သိရသည်။
7Day News Daily

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...