Tuesday, September 9, 2014

ထိုင်း နိုင်ငံမှ ကမ္ဘာ့ အကြီးဆုံး လက်ပိုင်ရှင် အမျိုး သမီးကြီး ရောဂါဆန်း တစ်ခု ခံစား နေရ


ထိုင်းနိုင်ငံ ဆူရင်ပြည်နယ်မှ အသက် ၅၉ နှစ်အရွယ် ကမ္ဘာ့အကြီးဆုံး လက်များပိုင်ရှင် အမျိုးသမီးကြီးသည် လက်နှစ်ဖက်အရွယ်အစား အလွန်ကြီးမားလွန်းသော ကြောင့် နာကျင်ကိုက်ခဲနေသည့် ရောဂါဆန်း တစ်မျိုးကို ခံစားနေရကြောင်း သိရသည်။

ဆာမက်စ်ဆာမန် အမည်ရှိ အဆိုပါ အမျိုးသမီးကြီးသည် ၎င်းရောဂါဆန်းကို ငယ်ရွယ်စဉ်ကပင် ခံစား ခဲ့ရခြင်းဖြစ်ပြီး သူမ၏ လက်အရွယ်အစား ကြီးမားနေမှုကြောင့် ခေါင်းလျှော်ခြင်း သို့မဟုတ် ခေါင်းဖြီးခြင်း ကဲ့သို့သော သာမန်လုပ်ဆောင်မှုများ ကို လုပ်ဆောင်ရာတွင် အခက်အခဲနှင့် ကြုံတွေ့ရသည်ဟု သိရသည်။

သူမ၏ အခြေအနေကြောင့် ဆာမက်စ်ဆာမန်မှာ ကျောင်းမနေခဲ့ရသည့်အပြင် အသက် ၂ဝ နှစ်အထိ အိမ်တွင်းပုန်း ဘဝအဖြစ် နေထိုင်ခဲ့ရသည်။ သို့သော် အသက် ၂ဝ အရွယ်တွင် မိဘနှစ်ပါး အိုမင်း လာခြင်းကြောင့် မိသားစု ကုန်စုံဆိုင်ကို တာဝန်ယူ လုပ်ဆောင်ခဲ့ရာမှ သူမ၏ ထူးဆန်းသည့် အခြေ အနေမှာ သတင်း ပျံ့နှံ့သွားခဲ့ပြီး အသက် ၂၅ နှစ်အရွယ်တွင် ခွဲစိတ်မှု စတင်ခဲ့သည်။ သို့ရာတွင် ခွဲစိတ်မှုမှာ မအောင်မြင်ဘဲ ပိုမိုဆိုးရွား လာခဲ့ခြင်းကြောင့် ငါးလခန့်အကြာတွင် ခွဲစိတ်မှုနှစ်ကြိမ် ထပ်မံပြု လုပ်ခဲ့ရ သည်ဟု သိရသည်။

နှစ်ပေါင်းများစွာအကြာတွင် ဂျပန်နိုင်ငံမှ ခွဲစိတ်ဆရာဝန် တစ်ဦးသည် ဆာမက်စ်ဆာမန်ထံသို့ ရောက်ရှိ လာခဲ့ပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ရာ သူမသည်လက်များ အလွန် အမင်းကြီးထွားသည့် ရောဂါဆန်းတစ်မျိုးကို ခံစားနေရကြောင်း တွေ့ရှိခဲ့ရသည်။ အဆိုပါရောဂါသည် အလွန်ဖြစ်ခဲလှသော ရောဂါတစ်ခုဖြစ်ပြီး ဆာမက်စ်ဆာမန်သည် အဆိုပါရောဂါ ခံစားနေရသည့် ကမ္ဘာ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်နိုင်ကြောင်း၊ အဆိုပါ ရောဂါဆန်းဖြစ်ပွားရသည့် အကြောင်းရင်းကို မဖော်ထုတ်နိုင်သေး၍ ကုသရန် လည်း ဆေးမရှိကြောင်း ဂျပန် ခွဲစိတ်ဆရာဝန် အီဂျူအူချင်းဂူမာက ပြောကြားခဲ့သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...