Friday, September 19, 2014

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တာချီလိတ်၌ ရေလွှမ်း


တာချီလိတ် စက်တင်ဘာ ၁၈

တာချီလိတ်ဒေသအတွင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့ကာ မယ်ဆိုင်ချောင်းနှင့် မယ်ခေါင်ချောင်းများအတွင်း တောင်ကျရေစီးဆင်းမှုကြောင့် စက်တင်ဘာ ၁၈ ရက် နံနက် ၁ နာရီ မှစတင်ကာ တာချီလိတ်မြို့အနိမ့်ပိုင်း ရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့သည်။

တောင်ကျရေများသည် တာချီလိတ် မြို့လယ်အား ဖြတ်သန်းစီးဆင်းလျက်ရှိသည့် နမ့်ယွန်းချောင်းအတွင်းသို့ တစ်ရှိန်ထိုးစီးဆင်းခဲ့ပြီး နံနက် ၂ နာရီ ခန့်တွင် ရေကျသွားသော်လည်း မဲခေါင်မြစ်ရေတိုးလာမှုနှင့်အတူ မယ်ဆိုင်ချောင်း နှင့်မယ်ခေါင်ချောင်း များအတွင်း ရေတိုးလာသည့်အတွက် ပုန်းထွန်ရပ်ကွက်၊ တာလော့ ရပ်ကွက်နှင့် မယ်ခေါင်ရပ်ကွက်များအတွင်း အချို့နေရာများတွင် ရေအနက်သုံးပေမှ ခြောက်ပေကျော် အထိ ရေလွှမ်းမိုးခဲ့ကာ ကျန်ရပ်ကွက်များတွင် ရေလွှမ်းမိုးမှုအနည်းငယ်သာ ဖြစ်ပေါ်ခဲ့သည်။

ရေလွှမ်းမိုးမှုကြောင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁)၏ တံတားအောက်ခြေတိုင် များအား ရေစီးဖြင့်မျောပါလာသော သစ်ပင်၊ ဝါးပင်များ ရိုက်ခတ်ဒဏ်ကြောင့် တံတားပေါ်တွင် ယာဉ်များဖြတ်သန်းခွင့်ကို မွန်းလွဲပိုင်းအထိ ပိတ်ထားခဲ့ရပြီး နှစ်နိုင်ငံတာဝန်ရှိသူများ၏ ပူးပေါင်းအစီအစဉ်ဖြင့် မယ်ဆိုင်ချောင်းအတွင်း မျောပါလာသော သစ်ပင်ကြီးများနှင့်အမှိုက်များအား စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းပေးခဲ့သည်။ တောင်ကျရေကျဆင်းမှုကြောင့် တာချီလိတ်လေယာဉ်ကွင်း လေယာဉ်ပြေး လမ်းအစပ်ထိ ရေလွှမ်းမိုးလာသည့်အတွက် လေယာဉ်များ မတော်တဆဖြစ်မှုမှ ကြိုတင် ကာကွယ်နိုင်ရန် လေယာဉ်ဆင်း-တက်မှုအား နံနက်ပိုင်းမှစ၍ ခေတ္တပိတ်ထားခဲ့ပြီး နံနက် ၁၁ နာရီအချိန်တွင် လေယာဉ်များ ပုံမှန်ပျံသန်းဆင်းသက်နိုင်ခဲ့သော်လည်း နံနက်ပိုင်းပြေးဆွဲမည့် Air KBZ,Yangon Airways, မြန်မာ့လေကြောင်းနှင့် Asia Wins လေယာဉ်ခရီးစဉ်များကိုမူ ဖျက်သိမ်းခဲ့ရပါသည်။

ရေလွှမ်းမိုးမှုကြောင့် အထက (ဆန်ဆိုင်း)၊ အလက(ပုန်းထွန်)နှင့် တာလော့ မူလွန်ကျောင်းများကို ပိတ်ပေးခဲ့ရကာ ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံး၊ မြန်မာ့ဆက်သွယ်ရေး အပါအဝင် ဌာနဆိုင်ရာရုံးအဆောက် အအုံအချို့ ရေလွှမ်းခဲ့ကာ ဗိုလ်ချုပ်အောင်ဆန်းလမ်း မကြီးပေါ်တွင် ရေအမြင့် နှစ်ပေကျော်အထိ မြင့်တက်လာမှုကြောင့် ယာဉ်သွားလာမှု ခေတ္တခက်ခဲခဲ့ရသည်။

တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြကာ ထမင်းထုပ်၊ အစား အစာများ၊ သောက်ရေသန့်များအား ဖြန့်ဖြူးလှူဒါန်းပေးခဲ့ကြပါသည်။

ရေလွှမ်းမိုးမှုဖြစ်စဉ်တွင် နေအိမ်အုတ်တံတိုင်းအချို့ ပြိုကျပျက်စီး ခဲ့ရသည်မှအပ လူနှင့်ကျွဲ၊ နွား တိရစ္ဆာန်များ သေကျေပျက်စီးမှု မရှိသော်လည်း စိုက်ပျိုးပြီး လယ်မြေအချို့ ရေလွှမ်းမိုးခဲ့ သည့်အတွက် လိုအပ်သည်များအား ပံ့ပိုးဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာမှ စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

(မောင်ယဉ်ကျေး)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...