Friday, September 19, 2014

ပျော်ရွှင်ဆင်နွှဲ အာခါရိုးရာ ဒန်းစီးပွဲ


ရှမ်းပြည်နယ်(အရှေ့ပိုင်း) သံလွင်အရှေ့ခြမ်းဒေသတွင် အဓိကမှီတင်း နေထိုင်ကြသည့် အာခါတိုင်းရင်းသား များသည် တောင်ယာစိုက်ပျိုးခြင်းအား အဓိကထားဆောင်ရွက်လေ့ရှိရာ အာခါရိုးရာပြက္ခဒိန်အရ ''ရဲခူလ''ခေါ် စက်တင်ဘာလသည် တောင်ယာစိုက်ပျိုးခြင်းလုပ်ငန်းများ ပြီးဆုံးကာ အသီးအနှံများ သီးပွင့်မှု မဖြစ်ပေါ်မီ တောင်ယာလုပ်ငန်းခွင်တွင် ပင်ပန်းနွမ်းနယ်ခဲ့မှုများအား အပန်းဖြေရင်း အားလပ်သော အခါသမယဖြစ်သည်နှင့် အညီ ''လာချိုအားဖေ''ခေါ် အာခါရိုးရာဒန်းစီးပွဲအား ဆင်နွှဲကြသော အခါသမယလည်း ဖြစ်ပေသည်။
''ကျွန်တော်တို့ အာခါတိုင်းရင်းသားများမှာ မျိုးနွယ်စုပေါင်း ၄ဝ ကျော်ရှိပါတယ်။ အာခါဆိုတဲ့ဝေါဟာရကတော့ ဘက်မလိုက်သော၊ သဟဇာတဖြစ်အောင် နေတတ်သောလူမျိုးလို့ အဓိပ္ပာယ်ရရှိပါတယ်။ ကျေးရွာတစ်ရွာ တည်တော့မယ်ဆိုရင် မျိုးနွယ်စုတစ်စုတည်းက တည်လို့မရပါဘူး၊ အနည်းဆုံး မျိုးနွယ်စုသုံးစု စုပေါင်းပြီးတော့မှ တည်ရပါတယ်။ ဒီလိုတည်ရာမှာလဲ ဒန်းစင်တည်ဆောက် ရန်နေရာကို မပါမဖြစ် ထည့်သွင်းရွေးချယ်ရပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ မျိုးနွယ်စုသုံးစုထဲမှာ ပထမအင်အားအကြီးဆုံး မျိုးနွယ်က ဒန်းစင်တည်ဆောက်ဖို့ တိုင်လေးတိုင်၊ ဒုတိယအင်အားကြီးတဲ့မျိုးနွယ်စုက နွယ်ကြိုး၊ တတိယ မျိုးနွယ်စုက ဒန်းစင်ပေါ်က ထုပ်တန်းတို့ကို တာဝန်ယူရပါတယ်။ အဓိပ္ပာယ်ကတော့ စည်းလုံး ညီညွတ်မှုကို ဖော်ဆောင်တာပဲဖြစ်ပါတယ်။ ဒန်းစီးပွဲတော်ဟာ အာခါရိုးရာ ဓလေ့မှာ လွတ်လပ်ပျော်ရွှင်မှု အရှိဆုံးပွဲဖြစ်သလို ဒီပွဲတော်မှာ စည်းလုံးညီညွတ် ခြင်းကိုပြသသလို ကျေးရွာအတွက်လိုအပ်တဲ့ စည်းကမ်းတွေကို ရွေးချယ်အတည် ပြုတဲ့ပွဲလည်းဖြစ်ပါတယ်။ စက်တင်ဘာလ အတွင်း ကျေးရွာအလိုက် သင့်တော်သလို ရက်ရွေးချယ်ပြီး လေးရက်တိုင်တိုင်ဆင်နွှဲကြပါတယ် ''ဟု စက်တင်ဘာ ၁၇ ရက်က တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု နမ့်လုတ်(အာခါ)ရွာ တွင် ကျင်းပသော အာခါရိုးရာဒန်းစီး ပွဲတော်တွင် တာချီလိတ်မြို့နယ် အာခါတိုင်း ရင်းသားရိုးရာစာပေနှင့်ယဉ်ကျေးမှုကော်မတီအတွင်းရေးမှူး ဦးအားလယ်က ရိုးရာဓလေ့များကို ရှင်းလင်းပြောပြသည်။

အာခါရိုးရာယဉ်ကျေးမှုတွင် ကျေးရွာအုပ်ချုပ်ရေးကဏ္ဍအား ဂျွေးမား၊ ဖီးမား၊ ညီးဖာ စသည့်အကြီးအကဲ သုံးဦးက ရပ်ရွာ၏ အုပ်ချုပ်ရေး၊ ဘာသာရေး ဓလေ့ထုံးတမ်းနှင့် ကျန်းမာရေးဆိုင်ရာများကို ညှိနှိုင်း တိုင်ပင်ဆောင်ရွက်ကြကာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများအား ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြသည်။

ယနေ့ကျင်းပသည့် အာခါရိုးရာဒန်းစီးပွဲတွင် မိတ်ဆွေဖွဲ့စကား၊ ဆုံးမစကားနှင့် ကျေးဇူးတင်စကားများကို ထုံးတမ်းစဉ်လာအတိုင်း အစီအစဉ် အလိုက်ပြောကြားကြကာ သားသမီးရတနာ ထွန်းကားရေး၊ ကောက်ပဲ သီးနှံများ ဖြစ်ထွန်းအောင်မြင်ကာ စားနပ်ရိက္ခာဖူလုံရေး၊ ကျန်းမာရေး တိုးတက်ကောင်းမွန်စေရေး ဘိုးဘွား များကို တိုင်တည်ဆုတောင်းကြကာ ကျန်းမာရွှင်လန်းပါစေဟု အဓိပ္ပာယ်ဖော်ဆောင်သည့် ''အိုးလိုချော်'' ဟူသည့် ဆုတောင်းသံများကို သံပြိုင်သီဆိုကြကာ တပျော်တပါး ဒန်းစီးပျော်ပါးနေမှုကို သံလွင် အရှေ့ခြမ်း ဒေသမှ ရိုးသားဖြူစင်သော အာခါတိုင်းရင်းသားတို့၏ ဒန်းစီးပွဲတော်ကို မှတ်တမ်းပြုရေးသား လိုက်ရပါသည်။ ။

(မောင်ယဉ်ကျေး)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...