Thursday, September 25, 2014

ဈေးချိုနာရီစင် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး ပြုပြင်မည်


မန္တလေး၊ စက်တင်ဘာ ၂၄

နှစ်ပေါင်း ၃၀ နီးပါးကြာ နာရီ ရပ်နေသည့် ဈေးချိုနာရီစင်ကို ပထမအကြိမ် ပြန်လည်ပြုပြင်ခြင်းကို ကျပ်သိန်း ၁၃၀ ကျော် အကုန်အကျခံ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန ဌာနစုမှူး (အင်ဂျင်နီယာ) ဦးအုန်းကျော်က ပြောကြားသည်။
နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိ ဈေးချိုနာရီစင်ကြီးကို အချိန်မှန် လည်ပတ်နိုင်စေရန် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မန္တလေးအခြေစိုက် Processor အီလက်ထရွန်နစ်တို့ ပူးပေါင်းကာ အောက်တိုဘာလအတွင်း အပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“နာရီစင်ကြီး ပျက်နေတာဆိုတော့ မန္တလေးပုံရိပ် ဖော်ဆောင်နိုင်အောင်လို့ ပြန်ပြုပြင်ခြင်း ဖြစ်ပါတယ်။ နာရီစင်ကြီးက သက်တမ်းအရ ပျက်စီးတာရော၊ မီးအားအတက်အကျ မမှန်လို့ ပျက်စီးတာရော၊ သဘာဝဘေးဒဏ်နဲ့ ခိုတွေကြောင့်လည်း တော်တော်လေး ပျက်စီးနေတာ တွေ့ရပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ နာရီစင်ကို ၁၉၈၅ ခုနှစ်က တစ်ကြိမ်သာ ပြုပြင်မှု ရှိခဲ့ပြီးနောက် လက်ရှိ ဒုတိယအကြိမ် ထပ်မံပြုပြင်ခြင်း ဖြစ်ကာ လက်ရှိ နာရီစင်အတွင်းရှိ အမှိုက်နှင့် ခိုချေးများကို စတင်သန့်ရှင်းရေး လုပ်နေပြီး ခို၊ ငှက်များ မဝင်နိုင်စေရေးအတွက် ပြတင်းပေါက်များနှင့် လေဝင်လေထွက်ပေါက်များ အားလုံးကို ခြင်လုံဆန်ခါ တပ်ဆင်သွားမည် ဖြစ်ပြီး ဆေးသုတ်မည့် အစီအစဉ်လည်း ပါဝင်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“နာရီစင် အထပ်တိုင်း အတွင်းပိုင်းမှာ လျှပ်စစ်မီး တပ်ဆင်မယ်။ နာရီဒိုင်ခွက် အလယ်ဗဟို တည့်တည့်မှာ Motor Attached Transfer စက်တပ်ဆင်ပြီး နာရီလေးဖက် အချိန်တစ်ပြိုင်တည်း ဖြစ်အောင် အလယ်ဗဟိုမှာ တပ်ဆင်သွားမယ်” ဟု Processor အီလက်ထရွန်နစ် တာဝန်ရှိသူ ဦးရဲဝင်းက ဆိုသည်။

Processor အီလက်ထရွန်နစ်သည် ရန်ကုန်မြို့တော် သိမ်တော်ကြီး နာရီစင်၊ ပခုက္ကူမြို့ အရှေ့တိုက် ကျောင်းနာရီစင်၊ ကျိုက်မရော နာရီစင်၊ ဂန့်ဂေါနာရီစင်၊ သီဟိုရှင် နာရီစင်တို့ကိုလည်း ပြုပြင် တပ်ဆင်ပေးထားကြောင်း အဆိုပါ အီလက်ထရွန်နစ်ထံမှ သိရသည်။

“အန်တီတို့ ငယ်ငယ်တုန်းက ဈေးချိုရုံကြီးက နံနက် ၇ နာရီဆို ဈေးဖွင့်တာ၊ အဲ့ဒီတုန်းက ရွှေဆိုင်တန်းက နာရီစင်နဲ့ တစ်ပြခွဲလောက် ဝေးပေမယ့် နံနက်စောစော ဈေးလာကတည်းက နာရီစင်က နာရီသံ နားထောင်ပြီး ကျောင်းတက် ကျောင်းဆင်း လုပ်ကြတယ်။ ဈေးချိုရုံ အောက်ကနေ နေ့လယ်ဆိုရင် ရေသန့် လွှတ်ပေးတော့ နေ့လယ်ကျောင်းဆင်းရင် ရေချိုးပြီးမှ ကျောင်းတက်ကြတာ ရေလွှတ်မယ့် အချိန်ကို နာရီသံ နားစွင့်ပြီး အလုပ်လုပ်ကြတယ်” ဟု မန္တလေးဈေးချိုတော် ရွှေဆိုင်တန်း ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

ဈေးချိုနာရီစင်ကို ၁၉၀၉ ခုနစ်က အင်္ဂလန် ဝိတိုရိယဘုရင်မက နန်းသက် နှစ် ၆၀ အဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

(ဇူးဇူး)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...