စက်တင်ဘာ ၂၃ ရက် ၊၂၀၁၄ ခုနှစ်
ကချင်ပြည်နယ် ကာမိုင်းမြို့နယ်ခွဲ ထွယ်ဆန်ယန်ရပ်ကွက်၊ အိမ်အမှတ်(၄၄) ဦးအင်ခွန်ဇော်ခွဲနေအိမ်၌ ဆက်ကြေးကောက်ခံရန် ရောက်ရှိနေသော ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့အား စက်တင်ဘာ ၂၀ ရက်နေ့တွင် ဒေသခံများ၏ ပူးပေါင်းကူညီမှုဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအဖွဲ့မှ ငါးရှဥ့်မြုံးထောင်လုပ်ငန်းရှင်(၄)ဦးအား ခေါ်ယူကာ ဆက်ကြေးငွေတောင်းခံနေစဉ် ရှေ့တန်း အစိုးရတပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ၀င်ရောက်ရှာဖွေရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသော KIA အဖွဲ့တွင် ဂေါ်ရီတိုက်နယ်ရုံးမှ ခေတ္တတိုက်နယ်မှူး လခေါန်ဦးစီး အဖွဲ့ဝင်(၃)ဦး ဖြစ်ကြောင်းနှင့် ဆက်ကြေးတောင်း ရန် ခေါ်ယူထားသော ငါးရှဥ့်မြုံးထောင် လုပ်ငန်းရှင်(၄)ဦး လည်း ရောက်ရှိနေ ကြောင်း ထွယ်ဆန်ယန်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းလှိုင်က ပြောသည်။
``မြို့ခံပြည်သူအချို့က လာသတင်းပေးတာပါ။ ရပ်ကွက်ထဲထိလာပြီး၊ အိမ်ပေါ်တက် ဆက်ကြေးတောင်းတာ ကို ဖမ်းဆီးပေးဖို့ တောင်းဆိုကြပါတယ်။ ဒါ့ကြောင့် အုပ်ချုပ်ရေးမှူးနဲ့ တိုင်ပင်ပြီး ၀င်ရောက်ဖမ်းဆီးခဲ့တာပါ´´ ဟု အစိုးရတပ်မှ ဗိုလ်မှူး ကိုကိုလွင်က ပြောကြားသည်။
KIA အဖွဲ့မှ ဆက်ကြေးကောက်ရန်ခေါ်ယူထားသော ငါးရှဥ့်မြုံးထောင်လုပ်ငန်းရှင် ၄ ဦးမှာ ဦးဘကွန်းနှင့် ဒေါ်နွယ်နွယ်ဦး မအူပင်စုရပ်ကွက်၊ ကာမိုင်းမြို့၊ ဒေါ်အိစံနှင့် ခေါ်ကော့လိန်၊ မြစိမ်းအောင် ရပ်ကွက်၊ ကာမိုင်း မြို့တို့ဖြစ်ကြောင်း သိရသည်။
``မြို့ပေါ်ရပ်ကွက်တွေမှာ ဈေးဆိုင်၊ သစ်စက်၊ ငါးရှဥ့်မြုံးထောင်လုပ်ငန်း၊ တံငါလုပ်ငန်းတွေအားလုံးကို KIA က ဆက်ကြေးကောက်နေကျပါ၊ ဒီတစ်ကြိမ် အခုလို ဖမ်းဆီးမိတာကောင်းပါတယ်၊ လက်ပူးလက်ကြပ် ဖမ်းမိတော့ ငြင်းလို့ မရတော့ဘူးပေါ့၊ ထိထိရောက်ရောက်အရေးယူပေးဖို့လိုပါတယ်၊ ဒါမှ သူတို့က ဆင်ခြင်မှာလေ´´ ဟု မြို့ခံစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသွားသည်။
ကောင်းခန့်
0 comments:
Post a Comment