မန္တလေး စက်တင်ဘာ ၂၉
၂ဝ၁၄ MNLအမှတ်ပေးချန်ပီယံ ရတနာပုံအသင်း၏ အိမ်ပြန်ခရီးမှာ ယခင်အကြိမ်များကဲ့သို့ပင် တစ်ခဲနက် ကြိုဆိုသူများဖြင့် စည်ကားခဲ့သည်။ စက်တင်ဘာ ၂၈ ရက်တွင်MNLအမှတ်ပေးချန်ပီယံဆုကို လက်ခံရ ယူခဲ့သည့် ရတနာပုံအသင်းမှာ စက်တင်ဘာ ၂၉ ရက်တွင် ကိုယ်စားပြု တိုင်းဒေသကြီးဖြစ်သည့် မန္တလေးသို့ ပြန်ကာ အောင်ပွဲခံခဲ့ခြင်းဖြစ်သည်။
ရတနာပုံအသင်း ပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်း ဦးဆောင်၍ CEO၊ အုပ်ချုပ်/နည်းပြ အဖွဲ့ဝင်များ၊ အောင်ပွဲရ ကစားသမားများသည် နံနက် ၇ နာရီ တွင် Air KBZ လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့မှ မန္တလေးမြို့သို့ ထွက်ခွာ ကြပြီး နံနက် ၈ နာရီခွဲမှစ၍ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင် အောင်ပွဲခံကြသည်။ အောင်ပွဲရ ရတနာပုံအသင်းကို လေဆိပ်တွင် မန္တလေးမြို့ မြို့မိ မြို့ဖများ၊Fan Club ဝင်များ၊ ဒေသခံဘောလုံး ပရိသတ် များက သောင်းသောင်းဖြဖြကြိုဆိုကြ သည်။
ချန်ပီယံရတနာပုံအသင်း၏ အောင်ပွဲခံယာဉ်တန်းသည် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မြစ်ငယ်၊ ပုလိပ်မြို့တို့ကို ဖြတ်သန်းပြီး ကျွဲဆည်ကန် (၇၈)လမ်း၊ (၃၅)လမ်းမှ (၈၄)လမ်းအတိုင်း ဈေးချိုအထိ လှည့်လည် အောင်ပွဲခံကြသည်။ မန္တလေးမြို့ခံ ပရိသတ်များသည် လေဆိပ်ကတည်းက မော်တော် ဆိုင်ကယ်များဖြင့် လိုက်လံအောင်ပွဲခံ ခဲ့ရာ အောင်ပွဲခံယာဉ်တန်းကြီးမှာ ပိုမို ရှည်လျားသွားခဲ့ပြီး မန္တလေးမြို့ထဲ အရောက်တွင် တိုးမပေါက်အောင် ဖြစ်ခဲ့ရသည်။
ရတနာပုံအသင်းသည် မန္တလေး ဈေးချိုတွင် ဈေးသူဈေးသားများ၏ ဂုဏ်ပြုမှုကိုခံယူပြီး ဈေးချိုမှ ကျုံးကို ပတ်ကာ အောင်မြေမန္တလာ ဘောလုံး ကွင်းအထိ ထပ်မံအောင်ပွဲခံကြသည်။ အောင်မြေမန္တလာကွင်းတွင် ဆုဖလား အပ်နှံပွဲကို ဆက်လက်ကျင်းပသည်။ ဆုဖလားအပ်နှံပွဲတွင် အောင်ပွဲရ ရတနာပုံအသင်း ပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းနှင့် အသင်းသားများက မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ဆုဖလားကို အပ်နှံသည်။
ရတနာပုံအသင်း၏ အောင်ပွဲ အထိမ်းအမှတ်အဖြစ် ညနေပိုင်းမှစ၍ စိုင်းစိုင်းခမ်းလှိုင်၊R ဇာနည်၊ ဇော်ပိုင်၊ ဖိုးကာ၊ ခန့်စည်သူ၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်၊ ဖြူဖြူကျော်သိန်း၊ ဝိုင်းစု ခိုင်သိန်းစသည့် အနုပညာရှင်၊ တေးသံရှင်များက သီချင်းများဖြင့် ဖျော်ဖြေကြပြီး ဈေးရောင်းပွဲတော်များ နှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပသည်။
သတင်း-ဖိုးသော်ဇင်၊
ဓာတ်ပုံ-စိုးညွန့်

0 comments:
Post a Comment