Wednesday, October 22, 2014

မြင်ကွန်း မြို့ဟောင်းမှ ပုဂံခေတ်ပြိုင် စေတီများ



မကွေးတိုင်း ဒေသကြီး မကွေးမြို့နယ် အတွင်းမှ မြင်ကွန်း ဒေသသည် လက်ရှိ အခြေအနေတွင်
ရွာ ၁ဝ ရွာပါဝင်သော တိုက်နယ် အဆင့်ဖြစ်ပြီး အိမ်ခြေ ၁၄ဝဝ ခန့်နှင့် လူဦးရေ ၅၅ဝဝ ကျော်ရှိသည်။ ကုန်းဘောင်ခေတ်က မြင်ကွန်းမင်းသား အပိုင်စားရသော မြို့ဖြစ်ပြီး မြို့သူကြီး အဆင့် အုပ်ချုပ်သော မြို့အဖြစ် တွင်ကျယ်ခဲ့၏။ ယနေ့တိုင်လည်း မြင်ကွန်း မြို့ဟု ဒေသခံတို့က   ခေါ်နေဆဲ ဖြစ်သည်။

 မြင်ကွန်း ဒေသခံများသည် ယာကိုအားထား လုပ်ကိုင်ကြလျက် မြေပြန့်ပြီး ယာကောင်းသဖြင့် စီးပွားရေး ချောင်လည် ကြသည်။ မြင်ကွန်း ဒေသတွင် ပုဂံခေတ်က စောလူးမင်း ယာယီမြို့ နန်းတည်ဆောက်၍ ကျုံး၊ မြို့ရိုးနှင့် တကွ စံနေတော် မူခဲ့ဖူးကြောင်း မကွေး တက္ကသိုလ် သမိုင်း ပါမောက္ခ ဌာနမှူး ဆရာဦးကျော် ၁၉၇၇ ခုနှစ်က ပြုစုခဲ့သည့် အောက်ဖြစ်စဉ် အကြောင်း သမိုင်း(၁၈၁၉-၁၈၈၅) စာတမ်းတွင် လေ့လာမှတ်သား ရဖူးသည်။ ယင်းစာတမ်း၌ ခရစ်သက္ကရာဇ် ၁၈၆၈ ခုနှစ်က မြင်ကွန်းမြို့သည် ခြောက်မြို့ဝန်၊ ဝန်စုပါမြို့နယ် ဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့်   မြင်ကွန်းမြို့ဝန်ကို မြင်ကွန်း၊ တောင်ခွင်၊ ပဌာနဂိုရ် သုံးမြို့ဝန်ဟု ခေါ်ခဲ့ကြောင်း သိရှိရသည်။

သက္ကရာဇ် ၁၉ဝ၈ ခုနှစ်တွင် မကွေးမြို့ဝန် မစ္စတာဝှီးလ်သည် မြင်ကွန်းမြို့ကို စနစ်တကျ မြို့ကွက်ချ၍ လမ်းများကို အရှေ့၊ အနောက်၊ တောင်နှင့်မြောက် ဖြောင့်တန်းစွာ ဖောက်လုပ်ခဲ့ပြီး ရပ်ကွက်   ခြောက်ရပ်ကွက်ဖြင့် မြို့ကွက်ပြန်လည် ဖော်ထုတ်ခဲ့သည်။ ထို့ပြင် ဒုတိယ ကမ္ဘာစစ် အတွင်းကလည်း   မြင်ကွန်းမြို့သည် စစ်ဘေးစစ်ဒဏ် မခံရဘဲ ကင်းလွတ် ခဲ့သောကြောင့် ရှေးဟောင်းအဆောက် အအုံများ၊ စေတီပုထိုး ကျောင်းကန်ဇရပ်များ မပျက်စီးဘဲ သမိုင်း အမွေအနှစ်များ အကောင်း ပကတိအတိုင်း ကျန်ရစ်ခဲ့သည်။

မြင်ကွန်း ဒေသသည် ပုဂံခေတ်ကလည်း ပုဂံအင်ပါယာ အတွင်း ပါဝင် တည်ရှိခဲ့ကြောင်း၊ ယနေ့   မြင်ကွန်းမြို့တွင် ကျန်ရှိနေသေးသော ပုဂံခေတ်လက်ရာ စေတီပုထိုး ဂူကျောင်းများ၊ ကျောက်စာများက သက်သေပြလျက် ရှိသည်။ မြင်ကွန်းမြို့တွင် လက်ရှိ စေတီပုထိုး ဂူကျောင်းများ စုစုပေါင်း ၆ဝ ခန့်ကျန်ရှိပြီး ပုဂံခေတ်က ရေးထိုးခဲ့သော ကျောက်စာများကို ခုနှစ်၊ သက္ကရာဇ်နှင့်တကွ တွေ့ ရသည်။ ကျောက်စာ အားလုံးကို ရှေးဟောင်း သုတေသန ဦးစီးဌာနမှ ကျောက်စာရုံ ငါးခုဖြင့် ထိန်းသိမ်း စောင့်ရှောက်ထားသည်။ ထင်ရှားသော စေတီနှင့် ကျောင်းများမှာ လေးဆူစံရာ ဘုရား၊ လေးမျက်နှာဘုရား၊ ရှင်အဇ္ဇဂေါဏဂူ၊ ကုလားကျောင်းဂူပျက်၊ ရဟန္တာသိမ် ဘုရား၊ မုန့်ပေါင်းသည် ညီအစ်မဘုရား၊ ရွှေနန်းပေါက် ဘုရား၊ ငါးမျက်နှာစေတီ၊ ကွမ်းထမ်းညီနောင် ဘုရား စသည်တို့ဖြစ်၏။

ယင်းတို့အနက် လေးဆူစံရာ ဘုရားတွင် ကျစွာမင်းကြီး (၉၅၆-၆၁၂) ၏အမိန့်တော် ကျောက်စာ တွေ့ရှိရသည်။ ကျောက်စာမှာ နှစ်ဖက်မျက်နှာ ဖြစ်ပြီး ရှေ့ဘက်၌ ၄၃ ကြောင်း၊ ကျောဘက်တွင် ၃၁ ကြောင်းတွေ့ရသည်။ ကျောက်စာများကို လေ့လာခြင်းအားဖြင့် ပုဂံ ခေတ်နှောင်းပိုင်းက မြင်ကွန်းမြို့၏ စီးပွားရေး ချောင်လည်ပုံ၊ သူဌေးသူကြွယ်များ ရှိခဲ့ပုံ၊ ပုဂံခေတ် ကတည်းက မြို့သူကြီး အဆင့်အုပ်ချုပ်သော အရပ်ဒေသ ဖြစ်ခဲ့ပုံ၊ မုဆိုးမက အစ ဘုရားတည်၊ ကျောင်းဆောက် လှူဒါန်းနိုင်ပုံ၊ ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားခဲ့ပုံ တို့ကို သိရှိရသည်။ လေးမျက်နှာ ဘုရားအတွင်း ပုဂံခေတ်လက်ရာ ဆေးရေးပန်းချီများ ရေးခြယ် ထားသည်ကို အရှည် တည်တံ့နိုင်ရန် သံဆန်ခါများ ကာရံ၍ ထိန်းသိမ်းထား၏။ လေးမျက်နှာ ဘုရား၌ အတွင်းနံရံလမ်းဖြင့် စေတီ၏ အပေါ်ပစ္စယံသို့ တက်ရောက်နိုင်အောင် တည်ဆောက်ထား၏။ လေးမျက်နှာ ဘုရားအနီးတွင် ရှင်အဇ္ဇဂေါဏ သီတင်းသုံး၍ ဖိုထိုးသွားသည့် လိုဏ်ဂူစေတီပျက် တစ်ခုလည်း တွေ့ရသည်။

မြင်ကွန်းမြို့တွင်း ရှေးဟောင်း စေတီပုထိုး၊ ဂူကျောင်းများကို ကြည့်လေရာရာတွင် တွေ့မြင်ရဆဲ၊ နေဝင်ရိုးရီ အချိန်များဆိုလျှင် ပုဂံမြို့ဟောင်းကို ရောက်နေသလားဟု ထင်ယောင် ဝိုးတဝါး ခံစားမိပါ၏။ ပုဂံခေတ် ရှေးဟောင်း အမွေအနှစ် များသည် မြန်မာတို့၏ အားမာန်ကို ဝင့်ထည်စေခဲ့သည်။ ထို့ကြောင့်ပင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည် များလည်း လာရောက် လေ့လာလျက်ရှိရာ မကွေး ဟိုတယ်ဇုန်အတွင်း ကျရောက်နေသော မြင်ကွန်း မြို့ဟောင်းသည်လည်း လေ့လာစရာ ရှေးဟောင်း အမွေအနှစ် များကြောင့် နိုင်ငံခြားသားများ အတွက် စိတ်ဝင်စားဖွယ် ဖြစ်ပေသည်။ မကွေးမြို့မှ မြင်ကွန်းမြို့သို့ ရေလမ်းမှ သွားလျှင် ၁ဝ မိုင်ခန့်သာ ဝေးသည်။ မကွေးမြို့မှ မြင်ကွန်းမြို့သို့ ကားလမ်းမှ သွားလျှင် ၂၃ မိုင်ခန့်ဝေးသည်။

မကွေး-တောင်တွင်း ကားလမ်းမှ မြင်ကွန်းဘက်သို့ ခွဲထွက်သွားသော် ခုနစ်မိုင်ရှည်သော မြေသားလမ်း ရှိသည်။ နိုင်ငံခြား ဝင်ငွေရနိုင်သော၊ နိုင်ငံခြားသားများ လ့လာနိုင်သော မြင်ကွန်း မြို့ဟောင်းရှိ ပုဂံခေတ် စေတီတော် များကို လက်ရှိ အနေအထားထက် ပိုမိုကောင်းမွန်သော အစီအမံများ ပြုလုပ်ထားမည် ဆိုပါက နိုင်ငံတော် အတွက် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးသော ရှေးဟောင်း အမွေအနှစ် တစ်ခုအဖြစ် ဂုဏ်တင့်မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

မြဝတီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...