ရှမ်းပြည်နယ် (တောင်ပိုင်း) ရွှေညောင်မြို့တွင် နှစ်စဉ် ကျင်းပမြဲ ဖြစ်သော (၃၄)ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်း မဟာဘုံကထိန် ပွဲတော်ကြီးကို ယမန်နေ့ နံနက် ၇ နာရီက အလှူရှင်များက ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော် ပင့်ဆောင်သည့် ဆင်ရုပ်ပုံ၊ မနုဿီဟ ဖင်နှစ်ခွပုံ၊ ဘုရားပုံတော်များ၊ ကရဝိက်ရုပ် ပုံတော်၊ ရိုးရာ တိုင်းရင်းသားတို့၏ ရုပ်ပုံများ၊ ဗောဓိညောင်ပင် ပုံတော် ၊ ခြင်္သေ့နှစ်ကောင်နှင့် အသောက ကျောက်စာတိုင်ပုံ၊ အင်းသားတို့ရိုးရာ လှေပုံ၊ ပိဋကတ် ကျောက်စာပုံတော် စသည့် လက်ရာမြောက်စွာဖြင့် ပဒေသာပင် ၇၉ ပင် တို့ကို ရွှေညောင်မြို့ လမ်းများသို့ စည်ကားသိုက်မြိုက်စွာ လှည့်လည် အပူဇော်ခံ ကျင်းပခဲ့သည်။
အဆိုပါ ပဒေသာပင် များကို မင်္ဂလာ အောင်မြေရပ်ကွက်ရှိ ဒက္ခိဏရာမ စာသင် ကျောင်းတိုက်သို့ ပို့ဆောင်၍ လှူဒါန်းမှု အစုစုအတွက် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ထံမှ ကိုးပါးသီလ ခံယူ ဆောက်တည် ကြပြီး ရေစက်သွန်းချ အမျှပေးဝေသည်။ မြို့လုံးကျွတ် စုပေါင်း မဟာဘုံကထိန် ပွဲတော်ကို တောင်ကြီးခရိုင် အတွင်းရှိ ရွှေညောင်၊ ညောင်ရွှေ၊ တောင်ကြီး၊ ဟဲဟိုး၊ အေးသာယာနှင့် ရပ်စောက်မြို့နယ် တို့ရှိ ပရိယတ္တိ စာသင်တိုက်များနှင့် ဘုန်းတော်ကြီး ကျောင်းပေါင်း ၈၈ ကျောင်းမှ ဆရာတော်၊ သံဃာတော် ၁၄၈ ပါး တို့ကို ပဒေသာပင် ပစ္စည်းတန်ဖိုး ငွေကျပ်သိန်း ၅ဝ ကျော် ၊ ငွေသားတန်ဖိုး ငွေကျပ်သိန်း ၁၁ဝ တို့ကို ခွဲဝေ လှူဒါန်းပြီး မဟာဘုံကထိန် ပွဲတော် ကျင်းပရေး ကော်မတီက ဆရာတော်၊ သံဃာတော် အရှင်သူမြတ် များအား ငွေကျပ်သိန်း ၆ဝ ကျော်ခန့် အကုန်အကျခံ၍ ဆွမ်း၊ ဘောဇဉ် ခဲဖွယ် ကပ်လှူ၍ စုပေါင်း ရေစက်ချ လှူဒါန်း ခဲ့ကြောင်း သိရသည်။
0 comments:
Post a Comment