Wednesday, October 29, 2014

ပင်လယ်ငါး ဈေးကွက်နှင့် ငါးခြောက် ဈေးကွက်များ တွင်ကျယ်


ရေရှိလျှင် ငါး၊ ပုစွန် ရှိသည်ဟု ဆိုသော်လည်း ရာသီဥတုနှင့် နေရာဒေသ အပေါ် အခြေခံပြီး ငါး၊ ပုစွန်များ ပေါများခြင်း၊ ရှားပါးခြင်း ကွာခြားမည် ဖြစ်သည်။ရေပေါ်လွှာနေ ငါးနှင့်   ရေအောက်ပိုင်းတွင်   ပျော်မြူးသည့် ငါးများ ရှိသကဲ့သို့ ငါးတို့၏ သဘာဝ အရ အုပ်စုဖွဲ့ပြီး နေသည်လည်း ရှိကြသည်။ ထို့ပြင် ရာသီအလိုက် ပေါက်ဖွားသည့် ငါး၊ ပုစွန်တို့ ရှိကြောင်းလည်း သိရှိရသည်။ မိုးအကုန် ဆောင်းအကူး ပွင့်လင်းရာသီတွင် သဘာဝ အနေအထား အရ မြန်မာ့ ပင်လယ်ပြင်တွင် လှိုင်းလေ ငြိမ်သက်သည့် ရာသီ ရောက်ရှိလာပြီ ဖြစ်၍ မိုးတွင်း ရေချိုငါး၊ ပုစွန်များ အမိအရ နည်းပါးသွားပြီ ဖြစ်သည်။ မြန်မာနိုင်ငံ အတွက် သဘာဝက ပေးထား သည့် မြန်မာ့ ပင်လယ်ပြင် ဘက်ဆီသို့ ပင်လယ် ငါး၊ ပုစွန်များ ဖမ်းဆီးရန် ဖျာပုံမြို့နယ် အတွင်းမှ ငါးဖမ်း စက်လှေများ၊ အခြား ငါးဖမ်းဆီးသည့် ရေလုပ်ငန်း အမျိုးမျိုးတို့ လုပ်ငန်းများ စတင် နေကြပြီ ဖြစ်သည်။

 ဖျာပုံမြို့မှ ရေလုပ်ငန်းရှင် တစ်ဦးက ''ပင်လယ်ပြင် ငါးဖမ်းလို့ ကောင်းတဲ့ ရက်တွေကတော့ တန်ဆောင်မုန်း လပြည့်ကျော်လောက်မှ ကောင်းတယ်။ ဆောင်းတွင်း ကာလတွေမှာ မိတာ များတယ်။ ငါး၊ ပုစွန် ရှားပါးသွားမှု အပေါ် မူတည်ပြီး အမိအရ နည်းနေတော့ ပင်လယ်ပြင်မှာ သူများ မထွက်ခင် ကိုယ်က စောစော ထွက်နိုင်ရင်တော့ အမိအရ နည်းပေမယ့် ဈေးကောင်း ရတာပေါ့'' ဟု ပြောပြသည်။

ယခု ရက်ပိုင်း တွင် ငါးများ ရေခဲရိုက်ပြီး ရန်ကုန် ဈေးကွက်သို့ မော်တော်ကား၊ ရေယာဉ်များဖြင့် တင်ပို့လျက် ရှိရာ ငါး၊ ပုစွန် အဝယ်ဒိုင်များ ဝင်ငွေ ရရှိနေပြီ ဖြစ်သကဲ့သို့ ငါး အဝယ်ဒိုင်တွင် အလုပ် လုပ်နေကြသည့် အလုပ်သမား များနှင့် အနှေးယာဉ် ဆိုက်ကား သမားများ၊ ဆိုင်ကယ် ကယ်ရီသမား တို့လည်း နေ့အလိုက် ဝင်ငွေကျပ် ၃၅ဝဝ ကြားမှ ၅ဝဝဝ အထိ ရရှိနေကြောင်း သိရသည်။ ပင်လယ် ငါးဖမ်းလုပ်ငန်းများ ပြန်လည် လုပ်ကိုင် မှုကြောင့် ဖျာပုံမြို့ မြို့မဈေးကြီး၊ ငါးခြောက်ရောင်းသည့် ဈေးနှင့် ဈေးအနီး ငါးခြောက်ရောင်းသည့် အိမ်ဆိုင် များရှိ ငါးခြောက် ဈေးနှုန်းများကို အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းတွင် စုံစမ်းရာ ကကူရံ ငါးခြောက် အသေး တစ်ပိဿာ ငွေကျပ် ၉ဝဝဝ၊ အကြီး ငွေကျပ် ၁၂ဝဝဝ၊ ငါးကွမ်းရှပ် ငါးခြောက် တစ်ပိဿာ ငွေကျပ် ၉ဝဝဝ ၊ ငါးနှပ်ခြောက် ခေါင်းပါ တစ်ပိဿာ ငွေကျပ် ၅၅ဝဝ၊ ခေါင်းဖြတ် ငွေကျပ် ၆ဝဝဝ၊ ငါးနီခြောက် တစ်ပိဿာ ငွေကျပ် ၅၅ဝဝ မှ ငွေကျပ် ၆ဝဝဝ၊ ငါးမြီးတံသွယ်ခြောက် တစ်ပိဿာ ငွေကျပ် ၁၅ဝဝ တို့ဖြင့် ရောင်းဝယ်လျက် ရှိကြရာ ပင်လယ်ငါး ဈေးကွက်နှင့် ငါးခြောက်ဈေးကွက်များ တွင်ကျယ်လျက် ရှိကြောင်း တင်ပြ လိုက်ရ ပေသည်။

မြဝတီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...