Friday, October 10, 2014

ခိုင်သင်းကြည်ကို စုန်းပြူးနဲ့ အကယ်ဒမီရစေချင်တယ်လို့ ဘာ့ကြောင့် ပြောတာလဲ


မကြာခင် ရုံတင်တော့မယ့် စုန်းပြူးဇာတ်ကားမှာ ပါဝင်တဲ့ သက်မွန်မြင့်က ခိုင်သင်းကြည်ကို ဒီဇာတ်ကားနဲ့ အကယ်ဒမီရစေချင်တယ်လို့ ဆိုလာပါပြီ။ ခိုင်သင်းကြည်ကိုအကယ်ဒမီ ဘာ့ကြောင့်ရစေချင်တာလဲ။“မိသားစုတစ်စုအကြောင်းကို အခြေခံထားတဲ့ ဇာတ်ပါ။ လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး ဆုံးဖြတ်ချက်ချလို့ မရဘူးဆိုတဲ့ သင်ခန်းစာလည်း ပါတာမို့ ဒီကားက ရသတစ်မျိုးထူးခြားပြီး ပရိသတ်ရင်ထဲ တစ်ခုခုကျန်ခဲ့မယ်လို့ မျှော်လင့်ပါတယ်”လို့ သက်မွန်မြင့်က ဆိုပါတယ်။ "ဒီကားမှာ အကယ်ဒမီရစေချင်တာ ကတော့ မခိုင်လေး (ခိုင်သင်းကြည်)ပါပဲ။ သူက ဒီဇာတ်ကားမှာ သရုပ်ဆောင်ထားတာ အရမ်းကောင်းတယ်။ ပြီးတော့ Step by step သွားတဲ့ဇာတ်ရှိန်ကို မခိုင်လေး အစွမ်းကုန်လုပ်ပြထားတာမို့ သူ့ကို ရစေချင်တယ်”
စုန်းမြူးဇာတ်ကားမှာ လူတွေက နေတိုးကို လူဆိုးလူမိုက်လို့ အထင်လွဲကြပေမယ့် မဟုတ်မခံစိတ်နဲ့ မိသားစုအတွက် စွန့်လွှတ်အနစ်နာခံတတ်တာကို သိနေတဲ့ နေတိုးရဲ့ ငယ်သူငယ်ချင်းတစ်ယောက်အဖြစ် နားလည်ပေးတဲ့ အားပေးဖော်အဖြစ် သက်မွန်မြင့်က ပါဝင်သရုပ်ဆောင်ထားပါတယ်။ နေတိုး၊ မင်းရာဇာ၊ မိုးယံဇွန်၊ ခိုင်သင်းကြည်၊ သင်ဇာဝင့်ကျော်၊ ဝါဆိုမိုးဦး၊ သိင်္ဂီထွန်းတို့နဲ့အတူ သက်မွန်မြင့်က ပါဝင်သရုပ်ဆောင်ထားပါတယ်။
ရင်သွေးလွယ်ထားရတဲ့ သက်မွန်မြင့်က ဒီနှစ် နေတိုး၊ အိန္ဒြာကျော်ဇင်။ ပြေတီဦးနဲ့ ကစ်ကစ်တို့ရနိုင်တယ်လို့ တင်ကြိုခန့်မှန်းလိုက်ပါသေးတယ်။ မိခင်လောင်းဖြစ်လာလို့ အစားအသောက်ရှောင်ရသလို ကလေးရဲ့ နှလုံး ခုန်သံကြားလို့ ကြည်နူးစိတ်တွေပေါ်လာတယ်လို့ ဆိုပါတယ်။
“ကလေးမီးဖွားပြီးရင် ဇာတ်ကားရိုက်တာ ကျဲလာနိုင်ပါတယ်။ အိမ်ထောင်သည်ဘဝ၊ မိခင်ဘဝ၊ အနုပညာ သမားဘဝမှာ ပရိသတ်အတွက် အဆင်ပြေအောင်၊ မျှမျှတတဖြစ်အောင် ကြိုးစားရမှာပေါ့။ အိမ်ထောင်ကျ သွားလို့ဆိုပြီး ချစ်တဲ့စိတ်က အပြောင်းအလဲဖြစ်တာမျိုးတော့ မရှိပါဘူး”
“အပြောင်းအလဲကတော့ အနည်းနဲ့အများ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေကို တွေးကြောက်နေလို့လည်း မရပါဘူး။ အရေးကြီးတာက ကိုယ့်ရင်သွေးလေးတစ်ယောက် လူ့လောကထဲကို ကောင်းကောင်း မွန်မွန် ရောက်လာဖို့က ပိုအရေးကြီးပါတယ်”
(ရွှေညာခိုင်စိုး)
Kamayut Media

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...