Sunday, October 26, 2014

အမျိုးဘာသာ/သာသနာ ကာကွယ်စောင့်ရှောက်ရေး ဥပဒေပြဋ္ဌာန်းပေးရန် ရန်ကုန်တိုင်းဒေသကြီး မဘသအဖွဲ့မှ ဦးဆောင်၍ ရဟန်းရှင်လူ ၃၀၀၀ ကျော် ရွှေတိဂုံစေတီတော် အနီးတွင် ဆန္ဒပြ


အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းပေးရေး ဆန္ဒပြတောင်းဆိုနေသည့် သံဃာတော်များနှင့် လူများအား ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်အနီး တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းပေးရေးအတွက် အောက်တိုဘာ ၂၅ ရက်တွင် ရန်ကုန်၌ သံဃာတော်များ အပါအဝင် လူ ၃ဝဝဝ ထက် မနည်း လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

ထိုဆန္ဒပြတောင်းဆိုမှုကို ရန်ကုန်တိုင်း အမျိုးဘာသာ/သာသနာ ကာကွယ်စောင့်ရှောက်ရေးမှ ဦးစီးပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များမှ မ.ဘ.သ အဖွဲ့ဝင်များသာမက အခြားတိုင်းဒေသကြီးမှ မ.ဘ.သ အဖွဲ့ဝင်များ သံဃာတော်များ၊ သီလရှင်များမှ အမျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းပေးရေး တောင်းဆိုခဲ့ကြကာ ၎င်းဆန္ဒပြပွဲကို သက်ဆိုင်ရာ ခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆန္ဒပြမှုကို ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်အနီးရှိ ကြေးသွန်းဘုရားရှေ့တွင် စတင်ခဲ့ပြီး ကမ္ဘာအေးစေတီလမ်း၊ ရွှေတိဂုံဘုရားလမ်း၊ ဦးဝိစာရလမ်း၊ အနောက်ရွှေဂုံတိုင်လမ်း အတိုင်း   ရွှေတိဂုံဘုရားကို တစ်ပတ်ပတ်ကာ ကြေးသွန်းဘုရားရှေ့တွင် မျိုးစောင့်ဥပဒေအကြောင်း   ဟောပြောမှုများ ပြုလုပ်ကာ ဆန္ဒပြပွဲအား အဆုံးသတ်ခဲ့သည်။

ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် တိုင်းရင်းသူ အမျိုးသမီးတစ်ဦးက “မျိုးစောင့်ဥပဒေကို အမြန်ဆုံးပြဋ္ဌာန်းပေးဖို့ သမ္မတကြီးကို ဒီနေရာကနေ တောင်းဆိုလိုက်ပါတယ်။ လူမျိုးမပျောက်ဖို့အတွက် မျိုးစောင့်ဥပဒေက အရေးကြီးပါတယ်။ ဒီဥပဒေကို မျက်စိမှိတ် ကန့်ကွက်နေတဲ့ သူတွေအားလုံးက အမျိုးသား သစ္စာဖောက်တွေလို့ ကျွန်မကတော့ ခံယူတယ်” ဟု ဆန္ဒပြနေစဉ်အတွင်း The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ေ ထောင်ပေါင်းများစွာသော ဆန္ဒပြသူများသည် “မြန်မာတိုင်းရင်းသား လူမျိုးများ မပပျောက်ရေး အမျိုးစောင့်ဥပဒေ အမြန်ပြဋ္ဌာန်းပေး” “အမျိုးစောင့်ဥပဒေကို ကန့်ကွက်သူသည် မိမိအမျိုးကို မစောင့်ထိန်းလိုသူဖြစ်သည်” “ဘာသာပေါင်းစုံ ငြိမ်းချမ်းအေးချမ်းစေရေး အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းပေး”စသည့် ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ကာ အမျိုးစောင့်ဥပဒေ ကန့်ကွက်နေသူများ ဒို့ မလိုလား၊ အမျိုးသားရေး ချိုးဖောက်သူ ဒို့ရန်သူ စသည့်ကြွေးကြော်သံများဖြင့် လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပွဲ ဦးဆောင်ဆရာတော် တစ်ပါးဖြစ်သည့် မကွေးကျောင်းဆရာတော် ဦးပါမောက္ခက ဟောပြောပွဲအား စုဝေးနားထောင် နေကြသည့် ထောင်ပေါင်းများစွာသော လူအုပ်ကို “မျိုးစောင့်ဥပဒေသည်   မြန်မာနိုင်ငံအတွက် အသက်သွေးကြောဖြစ်တယ်။ ဒါကြောင့် ဒီဥပဒေကို အမြန်ပြဋ္ဌာန်းပေးဖို့အတွက် ဘုန်းကြီးတို့က ဒီနေရာကနေပြီးတော့ နိုင်ငံသမ္မတကြီးနဲ့တကွ သက်ဆိုင်ရာ အာဏာပိုင်များ၊ ဥပဒေပြုရေး လွှတ်တော်အမတ်များကို တောင်းဆိုလိုက်တယ်။ ဒီမျိုးစောင့်ဥပဒေသည် ဘာသာခြား လူမျိုးခြားတို့ကို ထိခိုက်နစ်နာမှုမရှိဘူး၊ လက်ရှိအစိုးရကိုလည်း ထိခိုက်မှုမရှိဘူး၊ ဒီမိုကရေစီနဲ့လည်း ကိုက်ညီတယ်။ နောက်ပြီး နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းနဲ့လည်း ကိုက်ညီတဲ့အတွက် အမြန်ပြဋ္ဌာန်းပေးဖို့ကို တောင်းဆိုလိုက်ပါတယ်” ဟု မိန့်ကြားသည်။


Sunday, October 26, 2014
Eleven

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...