Sunday, October 26, 2014

နှစ်စဉ် ကျပ်သိန်း ၂၂၀၀ နီးပါး ၀င်ငွေရနေသည့် ကန်တော်ကြီး အပါအ၀င် ပန်းခြံ ၅၀ ကျော်၏ ၀င်ကြေးများကို ၂၀၁၅ ခုနှစ် ဧပြီမှစတင်ကာ အခမဲ့ပြုလုပ်မည်ဟုဆို



Photo-ကိုထွန်းထွန်း

နှစ်စဉ် ကျပ်သိန်း ၂၂ဝဝ နီးပါး ဝင်ငွေရနေသည့် ကန်တော်ကြီး အပါအဝင် ပန်းခြံ ၅ဝ
 ကျော်၏ ဝင်ကြေးများကို ၂ဝ၁၅ ခုနှစ် ဧပြီမှ စတင်ကာ အခမဲ့ပြုလုပ်သွားမည်ဖြစ်ကြောင်း
 ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ပန်းခြံ ၆၃ ခုရှိသည့်အနက် လက်ရှိအခမဲ့ ဝင်ခွင့်ပြု ထားသည့် ပန်းခြံအချို့အပါအဝင် ပန်းခြံ ၅၉ ခုကို ၂ဝ၁၅ ခုနှစ် ဧပြီမှစတင်ကာ ဝင်ကြေးအခမဲ့   ပြုလုပ်မည်ဖြစ်ပြီး ကျန်ရှိသည့် မြကျွန်းသာ၊ မြိုင်ဟေဝန်၊ ပြည်သူ့ရင်ပြင်၊ အာဇာနည် ဗိမာန် စသည့် လေးခုကိုမူ ဝင်ကြေးဆက်လက် ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဝင်ကြေးအခမဲ့ ပြုလုပ်ပေးခြင်းမှာ အများပြည်သူ အပန်းဖြေနိုင်အောင် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။ “မြကျွန်းသာက ပုဂ္ဂလိကကုမ္ပဏီငှားထားပြီး အဆင့်မြှင့်တင်မှုလုပ်ငန်းတွေ လုပ်နေတုန်းမို့ ဝင်ကြေးဆက်ပြီး ကောက်ခံသွားမှာပါ။

 ပြည်သူ့ရင်ပြင်ကလည်း Natural World ကုမ္ပဏီကို ငှားထားတာဖြစ်လို့ ဝင်ကြေးအခမဲ့ မဖြစ်နိုင်သေးပါဘူး။ ရှစ်မိုင်လမ်းဆုံက မြိုင်ဟေဝန်ပန်းခြံကလည်း အဆင့်မြှင့်တင်မှု မလုပ်ရသေးပေမယ့် ဆက်လက်ဝင်ကြေး ကောက်ခံမှာပါ။ အာဇာနည်ဗိမာန် ဆိုရင်လည်း ဝင်ကြေးပေးရတဲ့စနစ်ကို ပယ်ဖျက်လို့မရပါဘူး။ အခြားနိုင်ငံတွေမှာလည်း ဒီလိုအထိမ်းအမှတ် နေရာတွေကို ဝင်ကြေးပေးဆောင် ရပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အခမဲ့ ပြုလုပ်မည့်ပန်းခြံ ၅၉ ခုအနက်မှ ကန်တော်ကြီးဥယျာဉ်မှာ နှစ်စဉ်ဝင်ငွေကျပ် သိန်း ၂ဝဝဝ ခန့်ရရှိနေပြီး အင်းလျားပန်းခြံမှ ဝင်ငွေကျပ်သိန်း ၁၅ဝ ခန့်၊ စော်ဘွားကြီးကုန်းရှိ နံ့သာမြိုင်ပန်းခြံမှ ဝင်ငွေ ၁၅ သိန်းခန့်နှင့် အင်းစိန်ပန်းခြံမှ ဝင်ငွေ ၁၄ သိန်းခန့် ရရှိနေခြင်းဖြစ်ပြီး အခမဲ့ပြုလုပ်မည်   ဖြစ်သောကြောင့် နှစ်စဉ်ပန်းခြံများမှ ဝင်ငွေကျပ်သိန်း ၂၂ဝဝ နီးပါးရရှိတော့မည် မဟုတ်ကြောင်း ယင်းတာဝန်ရှိသူက ဆိုသည်။

ကန်တော်ကြီးဥယျာဉ်အား ဝင်ကြေးအခမဲ့ ရရှိမည်ဟုဆိုရာတွင် ဇေကမ္ဘာကုမ္ပဏီအား ငှားရမ်းထားသည့်   မျှော်စင်ကျွန်းမှလွဲ၍ ကျန်ရှိသည့် ဝင်ပေါက်ခုနစ်ပေါက်မှ အခမဲ့ဝင်ရောက်ခွင့် ရရှိမည်ဖြစ်ကြောင်း၊ အခမဲ့ဝင်ရောက်ခွင့်ပြုမည့် ပန်းခြံ ၅၉ ခုစလုံးကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဝင်ရောက်အပန်းဖြေနိုင်အောင် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အခမဲ့ဝင်ကြေးဟု ဆိုရာတွင် လူဝင်ကြေးနှင့် ယာဉ်ဝင်ခများသာ အခမဲ့ရရှိမည်ဖြစ်ပြီး စီးပွားဖြစ် ဗီဒီယိုရိုက်ကူး မှုများအတွက်မူ သတ်မှတ်ငွေကြေး ပေးဆောင်ရမည်ဟု သိရသည်။

Eleven

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...