Friday, October 17, 2014

ခွေးကို လောင်ချာနှင့် ခြောက်လန့်ရာမှ မှားနှိပ်မိ၍ နေအိမ်နှစ်လုံး ဗုံးထိ၊ နှစ်ဦးဒဏ်ရာရ





ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာအုပ်စု အခြေစိုက် ကာလိုင်ပြည်သူ့စစ်တပ်ဖွဲ့ နယ်မြေရှင်းလင်းစဉ် ခွေးဟောင်နေ၍ လောင်ချာဖြင့် ဝှေ့ယမ်းခြောက်လန့်ရာ ခလုတ်မှားနှိပ်မိ၍ နေအိမ်နှစ်လုံး ဗုံးထိမှန်ပြီး လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

အောက်တိုဘာလ ၁၅ ရက်နေ့က လုံမွန်ရွာသို့ ရောက်လာချိန်၌ နေအိမ်တစ်အိမ်က ခွေးတစ်ကောင် လိုက်ဟောင်နေသဖြင့် ခြောက်လှန့်ရာမှ ယင်းသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ပေါက်ကွဲ လွင့်စဉ်လာသော ဗုံးဆန်ထိမှန်ခြင်းကြောင့် နေအိမ်အတွင်း ရှိနေသူ မဆော်နန်၏ နားထင်နှင့် ညာပေါင်တို့တွင် ဒဏ်ရာရရှိခဲ့ပြီး မမာသောင်(မ်) ဆိုသူတွင် ဘယ်ဘက်နံရိုး ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း မမာသောင်(မ်) က ပြောကြားသည်။

“ကျွန်မနဲ့ မဆော်နန်တို့က အိမ်ထဲမှာ ဗီဒီယိုကြည့်နေတာ။ ပေါက်ကွဲသံကြီး ကြားရပြီး နှစ်ယောက်စလုံးကို ဗုံးဆန်လာမှန်တာပါ။ မဆော်နန်က နားထင်မှာ ဗုံးစမှန်ပြီး ခွဲစိတ်ကုသထားရတော့ ကျွန်မထက် ပိုပြီးဒဏ်ရာကြီးတယ်။ စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လို့လည်း ပြောကြတယ်” ဟု ၎င်းက ရှင်းပြသည်။

ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အမျိုးသမီးနှစ်ဦးမှာ လားရှိုးမြို့နယ် ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူနေကြောင်း ဆေးရုံ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။



အောက်တိုဘာ ၁၇ ရက်၊ ၂၀၁၄
(နေမျိုးနွယ်)
The Voice Weekly

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...