
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော်ပိုင်းဆိုင်ရာ
သတင်းများ ထုတ်ပြန်နိုင်ရေးအတွက် ပြန်ကြားရေး တာဝန်ခံများအဖြစ် တပ်မတော်အရာရှိ
သုံးဦးကို တာဝန်ပေး အပ်လိုက်သည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် အောက်တိုဘာ၁၄ရက်က နေပြည်တော်၌
တွေ့ဆုံစဉ် တပ်ပိုင်းဆိုင်ရာ သတင်းများအတွက် ပြန်ကြားရေးတာဝန်ခံအဖြစ် ကာကွယ်ရေးဝန်ကြီး
ဌာနမှ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်အောင်သော်၊ ဒုတိယတပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်
ဗိုလ်မှူးချုပ် စိုးနိုင်ဦးနှင့် တပ်မတော် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးဌာန
ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်းတို့ကို တာဝန်ပေးအပ်ထားသည်ဟု ကာကွယ်ရေးဦးစီးချုပ်
က ပြောဆိုခဲ့ကြောင်း စာနယ်ဇင်းကောင်စီအဖွဲ့ဝင် ဦးသီဟစောက ပြောသည်။
"လက်ရှိအချိန်မှာတော့ တပ်မတော် အရာရှိ သုံးယောက်ရဲ့ ဖုန်းနံပါတ်တွေ၊ အီးမေးလ်တွေတော့
မရသေးဘူး။ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ ပေးထားပြီးမှ ဒါစလုပ်လို့ ရမှာဖြစ်တယ်။
ကြားထဲမှာ စာနယ်ဇင်းကောင်စီနဲ့ သူတို့ သုံးယောက်နဲ့ ညှိပြီးတော့မှ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်
တွေရရှိမှာဖြစ်တယ်" ဟု ၎င်းက ပြောသည်။
ထို့ပြင် ပြည်တွင်းရှိ သတင်းမီဒီယာများကို တိုက်ပွဲဖြစ်ပွားသည့် နေရာများသို့ ခေါ်ဆောင်၍
သတင်းယူစေခြင်းနှင့် သတင်းထုတ်ပြန်ခြင်းများကို တပ်မတော်ဘက်က ဆောင်ရွက်ပေးနိုင်ခြင်း
မရှိသည့် အကြောင်းအရာနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် ပုဂ္ဂလိက မီဒီယာကို အသုံးချ၍
ဝါဒဖြန့်နေသည်ဟူသော စွပ်စွဲချက်များ ပေါ်လာနိုင်သည့်အတွက်ဖြစ်ကြောင်း ကာကွယ်ရေး
ဦးစီးချုပ်က ပြောကြားခဲ့သည်ဟု စာနယ်ဇင်းကောင်စီမှ တစ်ဆင့်သိရသည်။
"တချို့နေရာတွေက လုံခြုံရေးအရ စိုးရိမ်ရတဲ့နေရာတွေ ရှိတဲ့အတွက် သတင်းမီဒီယာတွေကို
တိုက်ပွဲသတင်းလိုက်ယူဖို့က အခက်အခဲ ရှိနေတယ်လို့ ကာချုပ်က ပြောတယ်"ဟု ၎င်းက
ပြောသည်။
သတင်းထုတ်ပြန်ရေး တာဝန်ပေးအပ်ထားသည့် တပ်မတော်အရာရှိများသည် စာနယ်ဇင်း
ကောင်စီနှင့် တွေ့ဆုံကာ သတင်းထုတ်ပြန်ရေးအတွက် ဆက်လက်ဆွေးနွေးရန်ရှိပြီး ကျင့်ဝတ်နှင့်
ပတ်သက်သော ဆွေးနွေးပွဲများတွင်လည်း တပ်မတော် အရာရှိများ လာရောက်ဆွေးနွေးပို့ချရန်
ကိုလည်း ကာကွယ်ရေးဦးစီးချုပ်က သဘောတူထားသည်။
"တစ်ဖက်နဲ့ တစ်ဖက်ကြားမှာ ဆက်သွယ်ရေးလမ်းကြောင်း ပွင့်လာတာ ကောင်းပါတယ်။ ဒီကိစ္စကို
ကြိုဆိုပါတယ်။ ယူနီတီဂျာနယ်တို့၊ ဧရာဝတီဂျာနယ်ကိစ္စတို့မှာဆိုရင် အခုလိုသတင်းထုတ်ပြန်ရေး
တာဝန်ရှိသူတွေသာ ရှိမယ်ဆိုရင် ပြေပြေလည်လည်ဖြစ်နိုင်တယ်" ဟု မြန်မာဂျာနယ်လစ်ကွန်ရက်
အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က သုံးသပ်ပြောကြားသည်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သတင်းမီဒီယာများ နှင့်
သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ဖူးပြီး ယခုကဲ့သို့ သတင်းမီဒီယာနှင့် ပတ်သက်သော အဖွဲ့အစည်းကို
ဖိတ်ကြားတွေ့ဆုံခြင်းမှာလည်း ပထမဦးဆုံးဖြစ်သည်။
ရဲမွန်နှင့် လွန်မင်းမန်
Myanmar Times
0 comments:
Post a Comment