Saturday, October 18, 2014

ယူနီဖောင်းဝတ် သမ္မတများ




မြင်လိုက်ရသော ဓာတ်ပုံတစ်ပုံကြောင့် ဤစာကို ရေးသားပါသည်။

ဒီနေ့ ဈေးသွားရင်း ယခုအပတ်ထုတ် The Economist စာစောင်ကို ဝယ်ဖြစ်ခဲ့သည်။
စာစောင်၏ မျက်နှာဖုံးက ဖမ်းစားနေသောကြောင့်ဖြစ်သည်။

အမေရိကန် သမ္မတ ဘားရတ် အိုဘားမား (Barak Obama) က လေယာဉ်မောင်းဝတ်စုံ (Flying Suit) အပြည့်အစုံဝတ်ပြီး လက်တစ်ဖက်က Helmet ကိုပိုက်လျက်။
လေယာဉ်တင် သင်္ဘောတစ်စီး၏ လေယာဉ်ပြေးလမ်းပေါ်တွင် ခပ်မာမာထန်ထန် ရပ်နေသောပုံ။

ဤလိုပုံမျိုး ယခင်ကလည်း ကျွန်တော်တို့မြင်ဘူးကြသည်။

ပထမတစ်ယောက်က ရုရှား ဖက်ဒရေးရှင်း သမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin)

၂၀၀၀ ပြည့်နှစ် ချေချင်းညာ ပြည်နယ်က ရုရှားမှ ခွဲထွက်ရန်ကြိုးပမ်းစဉ်က ပူတင် (Putin) ကိုယ်တိုင် Su 27 တိုက်လေယာဉ် တွင်ထိုင်လိုက်ပြီး ချေချင်းညာ ပြည်နယ်တွင် တိုက်ပွဲဝင်နေသော ရုရှား စစ်သည်များကို ကိုယ်တိုင် အားပေးစကား သွားရောက်ပြောကြားဘူးသည်။ (အဲဒီ အချိန်က သူက ခေတ္တ သမ္မတ) ပူတင် (Putin) က စွန့်စားမှုကို ကြိုက်နှစ်သက်သူ၊ စတန့် အမျိုးမျိုး ပြုလုပ်ပြတတ်သူ KGB သူလျှိုဟောင်းဖြစ်၍ သူ့အတွက် တိုက်လေယာဉ်စီးရခြင်းက ထူးဆန်းမည်မဟုတ်။ ပူတင် (Putin) က ရုရှားတပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်။

နောက်တစ်ယောက်က ဂျော့ခ်ျ ဘုရှ် (George Bush) (အငယ်)

၂၀၀၃ ခုနှစ်တွင် အီရတ်နိုင်ငံအား တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ဒုတိယ ပင်လယ်ကွေ့စစ်ပွဲပြီးဆုံးကြောင်း ကြေငြာရန် လေယာဉ်မောင်းဝတ်စုံ (Flying Suit) အပြည့်အစုံဝတ်လျက် လေယာဉ်ဖြင့် အမေရိကန် ရေတပ် လေယာဉ်တင် သင်္ဘော U.S.S Abraham Lincoln ပေါ်ဆင်းသက်လာခဲ့ဘူးသည်။ ဘုရှ် (Bush) က ဗီယက်နမ် စစ်ပွဲကာလ အတွင်းက တက္ကဆက်ပြည်နယ် အမျိုးသားလေကြောင်း အစောင့်တပ်ဖွဲ့ (Texas Air National Guard) (အမှန်ကတော့ အရန်တပ်ဖွဲ့ပါ။) တွင် တိုက်လေယာဉ်မှူးလုပ်ဘူးသည်ဆိုတော့ သူ့အတွက် မထူးဆန်း။ (သမ္မတ သက်တမ်း ပထမအကြိမ် ယှဉ်ပြိုင်စဉ်က သူ၏ ပြိုင်ဘက်မှာ ယခု နိုင်ငံခြားရေး ဝန်ကြီး ဖြစ်နေသူ ဂျွန်ကယ်ရီ (John Kerry) ဖြစ်သည်။ ကယ်ရီ (Kerry) က အမေရိကန်ရေတပ်တွင် စစ်ရေယာဉ်မှူး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ဆုတံဆိပ် အမြောက်အမြားရရှိခဲ့သူ ဗီယက်နမ် စစ်ပြန် သူရဲကောင်းတစ်ဦး။ ဘုရှ် (Bush) က အဲဒီ အချိန် အမျိုးသားလေကြောင်း အစောင့်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေ၍ တိုက်ပွဲ အတွေ့ အကြုံမရှိ။ ထို့ကြောင့် မည်သူက သူရဲကောင်းဖြစ်သည်ကို အငြင်းပွားခဲ့ကြဘူးသည်။) ဘုရှ် (Bush) သည်လည်း အမေရိကန် တပ်မတော်၏ ကာကွယ်ရေး ဦးစီးချုပ်။

ယခုနောက်ဆုံးတစ်ယောက်က ဘားရတ် အိုဘားမား (Barak Obama)

သူသည်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကမ္ဘာပေါ်တွင် အင်အား အကြီးဆုံး တပ်မတော်တစ်ရပ်၏ ကာကွယ်ရေး ဦးစီးချုပ်။ သူသည် စစ်မှုထမ်းဘူးသူ မဟုတ်။ ထို့အပြင် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်။ သို့သော် သူ့နိုင်ငံ၏ အမျိုးသား အကျိုးစီးပွား (National Interest) နှင့် ယှဉ်လာလျှင်တော့ ပြတ်ပြတ်သားသား လုပ်သည်။

တကယ်တမ်းတော့ အိုဘားမားက လေယာဉ်မောင်း ဝတ်စုံကို အမှန်တကယ်ဝတ်ဆင်ခဲ့ခြင်းမဟုတ်။ The Economist က ဘုရှ်၏ ပုံတွင် အိုဘားမား၏ ဦးခေါင်းကို ပြောင်းတပ်လိုက်ခြင်းဖြစ်သည်။ ခေတ် စကားအရဆိုလျှင်တော့ Photoshop လုပ်လိုက်ခြင်းဖြစ်သည်။ ဆောင်းပါး၏ အမည်က Mission relaunched။ သမ္မတ ဘုရှ်က စစ်ပွဲပြီးဆုံးပြီဟု ကြေငြာခဲ့ပြီး ဖြစ်သော်လည်း ယခု အိုဘားမား လက်ထက်တွင် ဘာသာရေး အစွန်းရောက် Islamist State of Iraq and Levant (Syria) (ISIL or ISIS) ကို အကြောင်းပြုပြီး အရှေ့အလယ်ပိုင်းဒေသတွင် စစ်ဆင်ရေးများ ပြန်လည် စတင်ခြင်းကို တင်စားပြီးရေးသားထားခြင်းဖြစ်သည်။ သမ္မတ၏ အခွင့် အာဏာအရ လုပ်ပိုင်ခွင့်ရှိသော်လည်း လုပ်ရပ်များကိုမူ ဆက်လက်စောင့်ကြည့်ရန် လိုအပ်ကြောင်းရေးသားထားပါသည်။ သမ္မတ အနေဖြင့် ငြိမ်းချမ်းရေး၊ အမေရိကန်တပ်များ အီရတ်နှင့် အာဖဂန်နစ္စတန်တို့မှ ရုတ်သိမ်းရေးတို့ကို ကြွေးကြော်ပြီး ရွေးကောက်ပွဲကို အောင်နိုင်ခဲ့သော်လည်း ယခု အခါတွင်တော့ စစ်ပွဲကို ပိုမိုလိုလားလာနေကြောင်း ဝေဖန်မှုများကိုလည်း ကြုံတွေ့နေရပါသည်။

မည့်သည့် အတွက်ကြောင့် သမ္မတများ စစ်ယူနီဖောင်း ဝတ်ပြကြပါသနည်း

အဖြေကတော့ ရှင်းပါသည်။ လွှတ်တော်မှ သဘောတူပြီး သမ္မတ အမိန့်ဖြင့်တိုက်နေသော စစ်ပွဲများတွင် သူသည်လည်း ကိုယ်တိုင် ကိုယ်ကျ ပါဝင်နေသည်ကို ပြလိုခြင်းဖြစ်သည်။

တနည်းအားဖြင့် စိတ်ဓာတ်စစ်ဆင်ရေး (Propaganda) ဖြစ်သည်။ Photo Op. (Photographic Operation) ဟုလည်း ခေါ်ကြသည်။ မဲဆန္ဒရှင်တို့၏ မဲကို ချူယူခြင်းလည်းဖြစ်သည်။ ပြည်သူလူထု၏ စိတ်ထဲတွင် သမ္မတကိုယ်တိုင် ရှေ့တန်းကျကျပါဝင်နေသည်ဟုလည်း ထင်မြင်လာစေနိုင်သည်။ သမ္မတသည် မိမိတို့ ညီအစ်ကို မောင်နှမ သားချင်းတို့နှင့်အတူ တစ်သားတည်းရှိနေသည်ဟု မှတ်ယူစေပါသည်။

တကယ်တမ်းတော့ အမေရိကန်တွေ တိုက်နေသော စစ်ပွဲ အားလုံးမှာ နိုင်ငံ၏ ပြင်ပတွင်ပင် တိုက်နေခြင်းဖြစ်သည်။ မိမိနိုင်ငံအား ခြိမ်းခြောက်လာနိုင်သော အန္တရာယ်များကို နိုင်ငံ ပြင်ပတွင်ပင် ကြိုတင် ခြေမှုန်းနေခြင်းလည်း ဖြစ်ပါသည်။

ကြီးမားသော စစ်ဆင်ရေးကြီးများ ဆင်နွှဲနေရသည့် အတွက် အဖိုးတန်သော လူ့စွမ်းအား အရင်းအမြစ်များနှင့် ဓနအင်အား အများအပြားကိုသုံးစွဲနေရသောကြောင့် အခွန်ထမ်းပြည်သူတို့၏ ကြည်ဖြူမှုကလည်း အရေးပါသည်။

အတိတ်က ခါးသီးသော မမေ့ရက်စရာ သင်ခန်းစာတွေက ရှိနေသည်။ အနီးစပ်ဆုံးကို ပြပါဆိုလျှင် ၁၉၉၃ခုနှစ် ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှူးမြို့လည်ခေါင်တွင် အမေရိကန် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (Delta Force, No. (160) Special Operation Aviation Regiment နှင့် အခြား အထူးစစ်ဆင်ရေးတပ်ဖွဲ့များ) မှ ဆိုမာလီယာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဖာရာ အိုင်ဒစ်၏ လက်ရုံးများကို ဝင်ရောက်ဖမ်းဆီးစဉ်က အမေရိကန် လေတပ်မှ UH 60 Black Hawk ရဟတ်ယာဉ် နှစ်စီး RPG (Rocket-propelled grenade) ဒုံးသီးထိမှန်ကာ ပျက်ကျခဲ့ရပါသည်။ အထူးတပ်ဖွဲ့ဝင် အများအပြားကျဆုံးခဲ့ရပါသည်။ ထို့အပြင် လေသူရဲတစ်ဦးအား ခြေထောက်တွင် ကြိုးချည်ပြီး တရွတ်တိုက်ဆွဲခေါ်ခြင်းများကို သတင်းဌာနများမှ ဖော်ပြခဲ့ကြရာ အမေရိကန်တစ်နိုင်ငံလုံး စစ်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပါသည်။ ထိုစဉ်က သမ္မတ ဘီလ်ကလင်တန် (Bill Clinton)အနေဖြင့် ဆိုမာလီယာ နိုင်ငံရှိ အမေရိကန် တပ်များ ပြန်လည် ရုပ်သိမ်းခဲ့ရသော သာဓကရှိခဲ့ပါသည်။ စစ်ပွဲတစ်ပွဲ ဆင်နွှဲရာတွင် ပြည်သူလူထုထောက်ခံမှု အရေးပါပုံ၏ ပြယုဂ် ဖြစ်ပါသည်။

နိဂုံးအားဖြင့် ဆိုရလျှင် ကမ္ဘာ့အင်အားကြီးနိုင်ငံတို့၏ သမ္မတများသည် မီဒီယာကို ကောင်းစွာ အသုံးချနိုင်ကြသည်။ မီဒီယာများ၏ အကျိုးကျေးဇူးကို နားလည်သဘောပေါက်ကြပါသည်။ သတင်းထုတ်ပြန်ရေး အဖွဲ့အား စနစ်တကျ ဖွဲ့စည်းထားကြသည်။ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူသည်လည်း မီဒီယာများဖြင့် အဆက်မပြတ်ထိတွေ့သည်။ မီဒီယာကို အသုံးချ ပြီး ပြည်သူတို့၏ ထောက်ခံမှုကို ရယူရန် ကြိုးစားကြသည်။

ထို့သို့ဆိုလျှင် ကျွန်တော်တို့နိုင်ငံတွင်ကော။ လိုအပ်နေပါသေးသည်။ အများကြီး လိုအပ်နေပါသေးသည်။ စတုတ္ထ မ္ဏ္ဏ္ဏ္ဏ္ဏ္ဏ္ဏ္ဏ္ဏ္ဏ္ဏ္လဏ္ဍိုင်၏ အရေးပါပုံကို သိရှိပြီး အသုံးချရန် လိုအပ်နေပါသေးသည်။ သမ္မတ ကိုယ်တိုင် စစ်ယူနီဖောင်း ဝတ်ပြီး တပ်များကို လိုက်လံ စစ်ဆေးပုံများကို ပြသရမည်ဟု ဆိုလိုခြင်းမဟုတ်သော်လည်း နိုင်ငံ တစ်ခုတည်းသော တရားဝင် လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် တပ်မတော်(ရဲတပ်ဖွဲ့ အပါအဝင်)သည် မိမိ၏ သစ္စာခံဖြစ်ကြောင်း ပြသရန်လိုအပ်ပါသည်။ သို့မှသာ အစိုးရ (ပါတီကို ဆိုလိုခြင်းမဟုတ်)နှင့် တပ်မတော်သည် တစ်သားတည်းဖြစ်ကြောင်း မီဒီယာများမှ တဆင့် မဲဆန္ဒရှင် ပြည်သူလူထူများ သိရှိနိုင်မည် ဖြစ်ပါကြောင်း။

(ယခုအခါတွင်တော့ သမ္မတ အိမ်တော် အဝင်လမ်း အနီး လွှတ်တော်လမ်းမကျယ်ကြီး ဘေးတွင် ဗိုလ်ရှုခံ အဆောက်အဦးအားဆောက်လုပ်နေပြီဖြစ်သဖြင့် လာမည့် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် သမ္မတအား လက်နက်ကိုင် တပ်ပေါင်းစုံမှ ချီတက် အလေးပြုခြင်းကို မျှော်လင့်လျက်။)

(ဓာတ်ပုံတစ်ပုံကြောင့် ဖြန့်ကြက်တွေးတောရာမှ စဉ်းစားမိသည်များကို ပြန်လည် မျှဝေသော အတွေးအမြင်များသာဖြစ်ပါသည်။)

ဒေါက်တာ ရဲနောင်လတ်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...