Wednesday, October 22, 2014

အစိုးရ ဝန်ကြီးဌာနများ နှင့် မေးမြန်း ၊ဖြေကြားနိုင်ဖို့  ပြန်ကြားရေးဝန်ကြီးဌာနက ညှိနှိုင်းပေးမည်ဟု ဦးရဲထွဋ် ပြော





အစိုးရ ဝန်ကြီးဌာနများကို သတင်းဆက်သွယ် မေးမြန်းရာတွင် ပြန်လည် ဖြေကြားခြင်းမရှိဘဲ အခက်အခဲများ၊ အတားအဆီးများ ကြုံတွေ့ရပါက ပြန်ကြားရေး ဝန်ကြီးဌာနသို့ အကြောင်းကြားနိုင်ပြီး ယင်းကိစ္စများကို ပြန်ကြားရေး ဝန်ကြီးဌာနက ဝင်ရောက် ညှိနှိုင်းပေးမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

ေ  အောက်တိုဘာလ ၂၁ ရက်နေ့တွင် မြန်မာဂျာနယ်လစ် ကွန်ရက် (MJN) ၌ပြုလုပ်သော MJN နှင့် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်တို့ တွေ့ဆုံပွဲတွင် ၎င်းက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဝန်ကြီးဌာနတွေမှာ သတင်းရယူဖို့ လုပ်ဆောင်ရာမှာ အခက်အခဲ၊ အဟန့်အတားတွေ ဖြစ်နေတဲ့ ကိစ္စတွေ ဖြစ်နေတယ်ဆိုရင် စာနယ်ဇင်းကောင်စီက ဖြစ်ဖြစ်၊ MJN ဖြစ်ဖြစ် ပြန်ကြားရေး ဝန်ကြီးဌာနကို အကြောင်းကြားရင် ညှိနှိုင်းပေးမယ်” ဟု ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

တချို့သော ကိစ္စများတွင် ဌာန အောက်ခြေပိုင်းများတွင် လိုအပ်သည့် ကန့်သတ်ချက်ထက် ပိုမိုကန့်သတ်သည် များကို ညှိနှိုင်း ဆောင်ရွက်မည့်သဘော ဖြစ်နိုင်ကြောင်း၊ သတင်းစာတိုက် တစ်တိုက်ချင်း ပြောကြားခြင်းထက် ယခုလို ကြားဝင်ဖြေရှင်း ညှိနှိုင်းပေးခြင်းက နှစ်ဖက်စလုံးအတွက် အကျိုးရလဒ် ကောင်းမွန်နိုင်ကြောင်း စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်က သုံးသပ်ပြောကြားသည်။

ယခုလတ်တလော စာနယ်ဇင်းသမားများ ဥပဒေကြောင်းအရ ရင်ဆိုင်နေရမှုများကို နောက်တစ်ကြိမ် မဖြစ်ပေါ်စေရန် ရှောင်ရှားနိုင်မည့် နည်းလမ်းများနှင့် စွမ်းရည် မြှင့်တင်ရေး ကိစ္စများတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရန် MJN နှင့် ပြန်ကြားရေး ဝန်ကြီးဌာနတို့ သဘောတူညီမှု ရရှိထားကြောင်း မြန်မာ့ ဂျာနယ်လစ်ကွန်ရက် (MJN) ထံမှ သိရသည်။

ထို့ပြင် Bi မွန်းတည့်နေ ပြစ်ဒဏ်ချမှုနှင့် ပတ်သက်၍ သတင်းသမားများ၏ အမြင်နှင့် တရားစီရင်ရေး အပိုင်းကြား ကွာဟချက်များကို ခြုံငုံသုံးသပ်ကာ သမ္မတထံ တင်ပြပေးမည်ဟု ကတိပေးထားကြောင်း   မြန်မာ့ဂျာနယ်လစ် ကွန်ရက် (MJN) ထံမှ သိရသည်။


Wednesday, October 22, 2014
The Voice Weekly

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...