Thursday, October 16, 2014

မြန်မာနိုင်ငံ၏ ပထမဆုံး KFC စားသောက်ဆိုင်ကို (၂၀၁၅)တွင် ဖွင့်လှစ်ရန် စီစဉ်




Fast-Food အစားအသောက်များ ရောင်းချသည့် ကမ္ဘာကျော် KFC စားသောက်ဆိုင် တစ်ခုကို မြန်မာနိုင်ငံ၌ (၂၀၁၅)ခုနှစ်တွင် စတင် ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

စင်ကာပူ အခြေစိုက် Yoma Strategic Holdings အနေဖြင့် မြန်မာနိုင်ငံတွင် KFC စားသောက်ဆိုင် ဖွင့်လှစ်ခွင့်ကို အပြီးသတ် ညှိနှိုင်း ရယူနိုင်ခဲ့ပြီ ဖြစ်သည်။ “KFC အမှတ်တံဆိပ်ကို မြန်မာနိုင်ငံဆီ ဆောင်ယူလာနိုင်ခြင်းဟာ Yoma Strategic ရဲ့ ရည်မှန်းချက်ကို အထမြောက်အောင် လုပ်ဆောင်ခြင်းပါပဲ။ မြန်မာနိုင်ငံရဲ့ စားသောက်ကုန်နဲ့ အဖျော်ယမကာ လုပ်ငန်းမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ရေးဟာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါ”ဟု Yoma Strategic၏ ဥက္ကဋ္ဌ ဆာဂျီပန်က ပြောကြားခဲ့သည်။

Yoma Strategic သည် စင်ကာပူ စတော့အိတ်ချိန်းတွင် အမည်တင်သွင်းထားသည့် လုပ်ငန်းစု တစ်ခုဖြစ်သည်။ KFC အမှတ်တံဆိပ်ကို ပိုင်ဆိုင်သည့် အမေရိကန် စားသောက်ကုန် လုပ်ငန်း Yum သည် Yoma Strategic နှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံ၏ ပထမဆုံး KFC စားသောက်ဆိုင် တစ်ခုကို (၂၀၁၅)ခုနှစ်အတွင်း ဖွင့်လှစ်သွားရန် ရည်ရွယ်ထားသည်။

KFC ၏ အမှုဆောင်ချုပ် မစ်ကီပန့်က “KFC ကို မြန်မာနိုင်ငံထိ ဆောင်ယူပေးသွားဖို့အတွက် အခုလို လက်တွဲဖော်ကောင်း လုပ်ငန်းတစ်ခုနဲ့ ပူးပေါင်း လုပ်ဆောင်ခွင့် ရတာကို ဝမ်းသာပါတယ်။ မြန်မာနိုင်ငံဟာ လူဦးရေ သန်း(၅၀)လောက် ရှိနေပြီး အာရှတိုက်မှာ ဖွံ့ဖြိုးလာတဲ့ စီးပွားရေး နယ်ပယ်တစ်ခုလို့ ဆိုနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။

Ref: Channelnewsasia
7 Day Daily

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...