ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ တာဖာဆောင် တိုက်ပွဲ တွင် SSPP/SSA အဖွဲ့အနေဖြင့် တာဖာဆောင်စခန်းကို ဆုတ်ခွာ ပေးခဲ့ရသလို သေဆုံးထိခိုက်ဒဏ်ရာရမှုများလည်း ရှိခဲ့သည်။ တစ်ဖန် “၀” နယ်မြေနှင့် ကပ်လျက် သံလွင် အနောက်ခြမ်းကနေ SSPP/SSA တပ်စခန်းတွေ ဆုတ်ခွာပေးရန် ပြည်နယ်အစိုးရအဖွဲ့မှ နယ်/လုံ ၀န်ကြီးကိုယ်တိုင် သတိပေးအကြောင်းကြားစာပို့ခဲ့သည်။ SSPP/SSA ဗဟိုဌာနချုပ် ၀မ်ဟိုင်းကို အစိုးရတပ်များ တိုက်ခိုက် သိမ်းပိုက်တော့မည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး MPC ဒုဥက္ကဋ္ဌ ဦးအောင်မင်းကပင် မတိုက်ပါဘူးဟု နှစ်သိမ့်စကားပြောရသည် အထိ အခြေမလှ သော ဘ၀ရောက်ခဲ့ရသည်။
ထိုအခြေအနေမျိုး SSPP/SSA အဖွဲ့ ဘာ့ကြောင့် ရောက်ခဲ့ရသလဲ။ တစ်နည်းအားဖြင့် SSPP/SSA ဘာမှားခဲ့သလဲဆိုတဲ့ အကြောင်းအရာကို ဆန်းစစ်ကြည့်ရန် လိုအပ်ပါသည်။ SSPP/SSA အဖွဲ့သည် လက်ရှိအချိန်တွင် အလွတ်သဘော ၅ ကြိမ်၊ ပြည်နယ်အဆင့် ၁ ကြိမ်၊ ပြည်ထောင်စုအဆင့် ၂ ကြိမ်၊ စုစုပေါင်း ၈ ကြိမ် ငြိမ်ချမ်းရေး ဆွေးနွေးခဲ့ပြီး ဖြစ်ပါသည်။
ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပြီးနောက် နှစ်ဘက်ပူးပေါင်းဆောင်ရွက်ရန် တောင်ကြီး၊ လားရှိုး၊ ခိုလန်မြို့များတွင် ဆက်ဆံ ရေးရုံး ၃ ခုအား ဖွင့်လှစ်နိုင်ခဲ့ပါသည်။
အစိုးရအဖွဲ့နှင့် ငြိမ်းချမ်းရေးယူထားသော SSPP/SSA နှင့် အစိုးရတပ်တို့ တိုက်ပွဲပြန်ဖြစ်ရခြင်းမှာ ဘက်လိုက်ရေးသားမှုများ ဖြင့် အမှန်တရားပျောက်ကွယ်နေခဲ့ပါသည်။ SSPP/SSA အဖွဲ့သည် အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်တွေ့ဆုံဆွေးနွေးခြင်း နှင့် ပြည်ထောင်စုအဆင့်
ဆွေးနွေးခြင်းများတွင် နှစ်ဦး သဘောတူ ကတိက၀တ်များ လိုက်နာခဲ့ရပါသည်။
ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဆွေးနွေးရာတွင် နှစ်ဦးနှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရေး၊ နှစ်ဖက်သဘောတူညီမှု ညှိနှိုင်းရရှိထားသည့် သတ်မှတ်နေရာတွင် နေထိုင်ရေး၊ သတ်မှတ်နေရာမှအပ အခြားဒေသသို့ လက်နက်ဖြင့် သွားလာခြင်း မပြုရေး၊ ဆက်ဆံရေးစခန်းကို နှစ်ဖက်သဘောတူညီသော သင့်လျော်သည့်နေရာ၌ လက်နက်မပါထားရှိရေး၊ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ဆွေးနွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့ တရားဝင်ဖွဲ့စည်းပေးရန် ဆွေးနွေးမည့် အချိန်နှင့် နေရာတို့ကို ညှိနှိုင်းရေးတို့ ဖြစ်ပါသည်။
တာဖာဆောင်ဒေသသည် SSPP/SSA အဖွဲ့နှင့် သဘောတူညီထားသော နယ်မြေတွင် မပါရှိ၍ ၎င်းနေရာမှ ဆုတ်ခွာပေးရန် အစိုးရတပ်ဘက်မှ အကြိမ်ကြိမ်သတိပေး အကြောင်းကြားခဲ့ပါသည်။ တစ်နည်းအားဖြင့် SSPP/SSA အဖွဲ့သည် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးသဘောတူညီမှုတွင် ကတိထားခဲ့သော “ သတ်မှတ် နေရာ မှအပ အခြားဒေသသို့ လက်နက်ဖြင့် သွားလာခြင်းမပြုရေး ” ဟူသောအချက်ကို ဖောက်ဖျက်ခဲ့ခြင်းပင်ဖြစ်ပါသည်။
စည်းကမ်းဖောက်ဖျက်မှုကို သတိပေးပါလျက် မလိုက်နာသည့်အပြင် စစ်ဆင်ရေးလဲလှယ်သော အစိုးရတပ်အား စတင်တိုက်ခိုက်သောအမှားတို့ကို လည်း ကျူးလွန်ခဲ့သည်။ ထို့ကြောင့် SSPP/SSA အနေဖြင့် ဖြစ်ပျက်ခဲ့သော အမှားများကို သင်ခန်းစာယူပြီး ငြိမ်းချမ်းရေး ကတိက၀တ်များကို လေးစားလိုက်နာရန် လိုအပ် ပါကြောင်း ရေးသားလိုက်ရပါသည်။
ကောင်းမြတ်
Shan News
0 comments:
Post a Comment