Sunday, November 16, 2014

ငေးကြည့်နေခဲ့တယ်

ကျွန်တော်ဖတ်ဖူးသော အင်္ဂလိပ်စကားပုံလေး တစ်ခုလို ဖြစ်နေသည်။ 'ဒီတောင်ဆင်းလမ်း လေးက လွယ်တော့လွယ်တယ်၊ ပြန်ကွေ့လို့မရတော့ဘူး' တဲ့။ အခုလည်း ကျွန်တော့်အငေးတွေကို ကျွန်တော် ကွေ့လို့ရပ်လို့ မရတော့။ ငေးသူများထဲတွင် ကျွန်တော်က အလယ်ကဖြစ်မည်။ လူတွေက တီဗွီကို ငေးနေသည်။ ကျွန်တော်က တီဗွီထဲက သမ္မတအိုဘားမားကို ငေးနေ သည်။ အိုဘားမားက သူ့ဘယ်ဘက်ဘေးမှရပ်ပြီး စကား ပြောနေသော ဒေါ်အောင်ဆန်းစုကြည်ကို ငေးနေသည်။ အငေးတွေက ပတ်ချာလည်။

ထိုအငေးတွေအားလုံးမှာ သူ့အဓိပ္ပာယ်နှင့် သူ ပျော်ဝင်နေလျက်ရှိသည်။ လူတွေ တီဗီကိုငေးနေပုံ က တချို့ အားကိုးတကြီး၊ တချို့ စူးစမ်းလေ့လာ၊ တချို့ က အဓိပ္ပာယ်တစ်ခုကိုရှာဖွေနေဟန်။ ကျွန်တော်က တော့ သမ္မတကြီး ဘားရက်အိုဘားမားကို မျှော်လင့် တကြီး ငေးကြည့်နေဟန်တူသည်။

မြန်မာပြည်ကို အိုဘားမားလာလျှင် ဘာတွေပါမလဲ။ မြန်မာပြည်က အိုဘားမားပြန်လျှင်ရော ဘာတွေကျန်မလဲဟူသော သိချင် မှုတွေ လိမ်းကျံထားသော မျက်လုံးမျိုးဖြင့် ကျွန်တော် ငေးနေမိခြင်းပင်။

သမ္မတကြီးအိုဘားမားကတော့ သူ့နံ ဘေးက စိမ်းပြာလွင်လွင် လေးဝတ်ထားသော ဒေါ်အောင် ဆန်းစုကြည်ကို ငေးနေပြန်ပါသည်။

ကျွန်တော်က အိုဘားမား၏ မျက်လုံးသက် ရောက်မှုကို လိုက်လံစေ့ငုနေမိသည်။ သူငေးပြီးကြည့်နေ တာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နားသယ်စပ်နားက ဖြူ လွှလွှ ဆံပင်တွေကိုလား၊ ဘယ်ဘက်ပခုံးပေါ်မှာ သပ်သပ် ရပ်ရပ်ခေါက်တင်ထားတဲ့ ခြုံထည်ပဝါစလေးကိုလား၊ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်နှုတ်ဖျားကနေ သွန် ကျလာနေတဲ့ နိုင်ငံရေးစကားလုံးတွေကိုလား...။ ကျွန် တော့်အဖြေရှာမှုက ရေရေရာရာမရှိလှ။ နောက်တော့မှ သေချာသောအဖြေတစ်ခုကို ကျွန်တော် သွားတွေ့သည်။ အိုဘားမား တမေ့တမောငေးကြည့်နေသည်မှာ မြန်မာ ပြည်ကိုဖြစ်သည်။ ကျွန်တော့်ကိုဖြစ်သည်။ တီဗွီရှေ့မှာ စုံပြုံဝိုင်းအုံကြည့်နေသော ပြည်သူတွေကိုဖြစ်သည်။

အိုဘားမားက မြန်မာပြည်အပေါ် သူ့အမြင် ကို မြန်မာပြည်မရောက်ခင်တစ်ရက်က သတင်းထောက် တစ်ဦးကို ''လွန်ခဲ့တဲ့လေးနှစ် ပြုပြင်ပြောင်းလဲရေးစတင် ချိန်မှာ အများက မျှော်လင့်ထားသလောက် တိုးတက်မှု တွေ မြန်မြန်ဆန်ဆန်ဖြစ်ပေါ်လာခြင်းမရှိပါဘူး။ တချို့ နေရာတွေမှာ ပြုပြင်ပြောင်းလဲရေးက နှေးကွေးနေပြီး တချို့နေရာတွေမှာ နောက်ကိုတောင်ပြန်ရောက်နေပါ တယ်''ဟု ပြောသွားခဲ့သည်။

ထိုနှင့်တစ်ဆက်တည်း နိုင်ငံ ရေးအကျဉ်းသားများကို ချုပ်ချယ် ကန့်သတ်မှုများရှိနေ သည့်အကြောင်း ဖွင့်ဟသလို အကြောင်းမဲ့ ကြေကွဲဖွယ် အသတ်ခံရသော ကိုပါကြီး(ခေါ်)ကိုအောင်ကျော်နိုင်၏ အကြောင်းကိုလည်း တစ်ခုတ်တရ ထည့်သွင်းပြောသွား ခဲ့သည်။

ပြီးတော့ အိုဘားမားက မြန်မာအစိုးရအနေ ဖြင့် သူ့ပြည်သူတွေရဲ့လုံခြုံရေးနှင့် လူမှုဘဝကောင်းမွန် ရေးကို ဆောင်ရွက်ရန်တာဝန်ရှိကြောင်း၊ နိုင်ငံသားအား လုံး၏ အခြေခံလူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်ရရှိရေး အတွက် ဆောင်ရွက်ပေးရန်လည်း တာဝန်ရှိကြောင်း သူ့သဘောထားအမြင်ကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ပါ သည်။

မြန်မာနိုင်ငံနှင့်ပတ်သက်သော သူ့မျှော်လင့်ထား မှုကိုတော့ နိုင်ငံရေး အကျဉ်းသားတွေမရှိတော့တဲ့၊ နိုင်ငံ ရေးပါတီတွေအနေနဲ့ လွတ်လပ်စွာ လုပ်ဆောင်နိုင်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ် ပြိုင်နိုင်တဲ့၊ ဂျာနယ်လစ်တွေအနေနဲ့ စိုးရိမ်ရမှုနှင့် တရား စွဲဆိုခံရမှုမရှိဘဲ အမှန်တရားကို ဖော်ထုတ်တင်ပြနိုင်ခဲ့ တဲ့ မြန်မာနိုင်ငံကို မြင်တွေ့ချင်ကြောင်း ပြောဆိုသွားခဲ့ ပါသည်။

အိုဘားမားပြန်တော့ သူစီးသွားသောလေ ယာဉ်ကြီးကို ကျွန်တော် ငေးကြည့်နေဖြစ်သည်။ နောက် သတိရပြီး ကျွန်တော်ပြန်တွေးကြည့်တော့ ကျွန်တော်ငေး နေတာ လေယာဉ်ကြီးကိုလား၊ လေယာဉ်ကြီးပေါ်က အို ဘားမားကိုလား၊ အိုဘားမားပြောခဲ့သော စကားလေး တစ်ခွန်းကိုလားဆိုတာ မသေချာတော့။ အိုဘားမားက ကျွန်တော်တို့အားလုံးကိုရည်ညွှန်းပြီး ယခုလိုပြောကြား သွားပါသည်။

''မြန်မာပြည်သူတွေအားလုံးအနေနဲ့ သူတို့ နိုင်ငံရဲ့အနာဂတ်ကို ပုံဖော်စေနိုင်မယ့် တာဝန်ခံမှုရှိပြီး တုံ့ပြန်မှုရှိတဲ့ ဒီမိုကရေစီအဖွဲ့အစည်းတွေကို မြန်မာ နိုင်ငံအနေနဲ့ တည်ဆောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါ တယ်''။

( အယ်ဒီတာ )

Flower News ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၄၅)။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...