လူတိုင်းလူတိုင်းဟာ ငယ်ဘ၀ကို ဖြတ်သန်းခဲ့ရတာကြောင့် ငယ်စဉ်အခါက ကလေးကဗျာလေးတွေ၊ အိပ်ရာဝင်ပုံပြင်လေး တွေနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ကြမှာပါ။ ဒီလို ကျွမ်းဝင်ခဲ့ရာမှာ ကဗျာဆရာကြီး မင်းသုဝဏ်ရဲ့ ပုံပြင်တွေ၊ ကလေးကဗျာတွေဟာ ကလေးငယ်တိုင်းလိုလို နှစ်ခြိုက်အကြိုက်တွေ့ခဲ့တဲ့ စာတွေပါပဲ။ အရွယ်အတန်အသင့်ရလာပြီး အလယ်တန်း၊ အထက်တန်းကျောင်းသား ဘ၀တွေမှာလည်း ဆရာကြီးရဲ့ စာတွေနဲ့ မလွတ်ကင်းခဲ့ကြပါဘူး။ ‘သပြေညို၊ ဖိုးမောင်လာပြီ၊ ပျဉ်း မငုတ်တို’ ကဗျာတွေဟာ ကျောင်း သားထုရဲ့ အသည်းစွဲကဗျာတွေ ဖြစ်ခဲ့ပြန်ပါတယ်။ ‘ဘကြီးအောင် ညာတယ်’ ဆိုတဲ့ ၀တ္ထုတိုလေးဟာ အလွန်ပြောစမှတ်ပြုခဲ့ကြပြီး ယနေ့တိုင် အကြောင်းတစ်စုံတစ်ရာ တိုက်ဆိုင်လာရင် အဲဒီဝတ္ထုတိုလေးနဲ့ နှိုင်းယှဉ်ကြစမြဲပါ။ ဒီ့နောက် အသက်အရွယ်၊ အသိအမြင်ရင့်ကျက်လာချိန်မှာတော့ ရှိတ်စပီးယားရဲ့ စာအုပ်ကို ဘာသာပြန် မိတ်ဆက်ထားတဲ့ ‘လီယာမင်းကြီး’ လို၊ ခရီးသွားဆောင်းပါးဖြစ်တဲ့ ‘ရှိတ်စပီးယားပွဲတော်သို့’ လို စာတွေနဲ့ ရင်းနှီးခဲ့ကြသလို တစ်ဖက်မှာလည်း ဆရာမင်းသုဝဏ်ရဲ့ သုတေသနဆောင်းပါးတွေနဲ့ ထိတွေ့ခဲ့ကြပါတယ်။ အဲ့ဒီလို ရင်းနှီးခဲ့တဲ့ ဆရာကြီးရဲ့ စာတွေကို စုစည်းကာ စိတ်ကူးချိုချို စာအုပ်တိုက်က သရုပ်ဖော်ပုံဝေေ၀ဆာဆာနဲ့ ယခုစာအုပ်ကို ထုတ်ဝေလိုက်တာပါ။
စာအုပ်မှာ ဆရာကြီးမင်းသုဝဏ် တစ်သက်တာ ရေးခဲ့သမျှတွေထဲက အကောင်းဆုံးလို့ဆိုနိုင်တဲ့ စာတွေကို ကဗျာ၊ ပြဇာတ်၊ ပုံပြင်၊ ကလေးဗုဒ္ဓ၀င်၊ နိုင်ငံရပ်ခြား ပုံပြင်၊ စာပေအနုပညာဆိုင်ရာ ဆောင်းပါး၊ ခရီးသွားဆောင်းပါး၊ ရသစာတမ်းနဲ့ ဟောပြောချက်များစသဖြင့် အခန်းများခွဲကာ တစုတဝေးတည်း ဖော်ပြထားပါတယ်။ ဆရာကြီးမင်းသုဝဏ်ရဲ့ စာတွေဟာ လူကြီးတွေသာမက ကလေးသူငယ်တွေပါ ဖတ်နိုင်တဲ့စာမျိုးဖြစ်ပြီး အထူးသဖြင့် မိဘတွေအနေနဲ့ မိမိတို့ရဲ့သားသမီးငယ်တွေ စာပေချစ်တတ်လာအောင်၊ ယဉ်ကျေးလိမ္မာလာအောင်၊ စိတ်နှလုံးနူးညံ့သိမ်မွေ့လာအောင်ပေးဖတ်နိုင်တဲ့ စာအုပ်မျိုးပါ။ တစ်နည်းဆိုရရင် မင်းသုဝဏ်ရဲ့ စာပဒေသာစာအုပ်လို့ ဆိုနိုင်ပြီး တန်ဖိုး ၆,၅၀၀ ကျပ်နဲ့ ကိုက်ညီအောင် ပုံနှိပ်ထားတာ မြင်ရပါမယ်။ စာချစ်သူတိုင်း အိမ်မှာရှိသင့်တဲ့ စာအုပ်မျိုးဖြစ်ပြီး အပျင်းလည်းပြေ ဗဟုသုတလည်းရစေမှာ မလွဲပါဘူး။ ။
0 comments:
Post a Comment