မန္တလေးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ရွှေတစ်ချောင်းနှင့် ငွေ တစ်ချောင်း မြောင်းရေများ လျှံကာ မြို့ပေါ် ရပ်ကွက်အချို့ ရေနစ်မြုပ်နေ ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၁၄ ရက် နံနက်ကတည်းက စတင်ရွာသွန်းခဲ့သော မိုးကြောင့် မြို့အတွင်း ဖြတ်သန်းစီးဆင်းနေသည့် ရွှေတစ်ချောင်းနှင့် ငွေတစ်ချောင်း မြောင်းရေများလျှံကာ ချမ်းအေးသာစံမြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ မဟာ အောင်မြေမြို့နယ်နှင့် ပြည်ကြီးတံခွန် မြို့နယ်များရှိ မြေနိမ့်ရပ်ကွက်အချို့ ရေကြီးရေလျှံမှုဒဏ် ကြုံတွေ့နေရသဖြင့် ရပ်ကွက်အချို့မှ ပြည်သူများ ရေလွတ်ရာ လမ်းများပေါ်သို့ တက်ရောက်နေထိုင်နေရကြောင်း ယင်းရပ်ကွက် များတွင် နေထိုင်သူများကပြောသည်။
‘‘မိုးရွာတိုင်း ရေမြုပ်တယ်။ အိမ်အောက်ထပ်က မြုပ်သွားပြီ။ ဒီနှစ်ပိုဆိုးတယ်’’ဟု မန်းတော်သာ ရပ်ကွက်တွင် နေထိုင်သူ ကိုအောင်ကိုလတ် က ပြောသည်။ ရွှေတစ်ချောင်း ကန်ပေါင်မှာ အသစ်ပြုပြင်ပြီးဖြစ်သော်လည်း ၄၁ လမ်းနှင့် ၄၂ လမ်းရှိ ရွှေတစ်ချောင်း မြောင်းကူးတံတားမှာ နိမ့် နေ၍ အဆိုပါ တံတားနေရာ မှာ ရေများလျှံကျခြင်းဖြစ်ကြောင်း ဒေသခံများ က ပြောသည်။
ထို့အပြင် ဗထူး အားကစားကွင်း အတွင်း၌လည်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ သဖြင့် ရေစုပ်စက်များဖြင့် စုပ်ထုတ်နေရသောကြောင့် ယှဉ်ပြိုင်ကစားမည့် ရတနာပုံအသင်းနှင့် နေပြည်တော်အသင်းတို့၏ ပွဲစဉ်ကို ညနေ ၅ နာရီ နောက်ပိုင်းမှသာ ဗထူးကွင်းတွင် စတင်ကစားသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ မီဒီယာတာဝန်ခံ ကိုနေမျိုး က ပြောကြားသည်။
ရေလျှံနေသည့် ရပ်ကွက်များနှင့် လမ်းများတွင် သဲအိတ် သုံးထောင်ကျော် ချထားပေးထားပြီး ရေစုပ်စက်ဖြင့် စုပ်ထုတ်ပေးနေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ ဌာနခွဲမှူး ဦးစိုးတင့်အောင် က ပြောသည်။
7Day Daily
0 comments:
Post a Comment