Thursday, September 18, 2014

အနုပညာ လမ်းပေါ်မှာ ဒါရိုက်တာ အဖြစ်နဲ့ တွေ့ရဦးမှာပါ ဆိုတဲ့ ဝေဠုကျော်နှင့် တွေ့ဆုံခြင်း


အနုပညာ လမ်းခရီးတွင် ဇာတ်ကားပေါင်း များစွာ၌ သရုပ်ဆောင်အဖြစ် ပါဝင် ရိုက်ကူး တင်ဆက်ခဲ့ကာ ပရိသတ် အခိုင်အမာ ရရှိခဲ့ပြီးနောက် ပရဟိတ လုပ်ငန်းများစွာတွင် သူချစ်သော
ပရိသတ်များအတွက် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက် ပေးနေသည့် သရုပ်ဆောင် ဝေဠုကျော်သည် အနာဂတ် အနုပညာ လမ်းခရီးတွင် ဒါရိုက်တာ တစ်ယောက် အဖြစ် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းကို ယခုလိုပြောပြ ခဲ့ပါသည်။

အစ်ကို့ရဲ့ လတ်တလော အနုပညာ လှုပ်ရှားမှုလေးကို ပြောပေးပါဦး။

အစ်ကို ကတော့ လတ်တလောမှာ ကွမ်းလုံရက် ၄ဝ တပ်မတော် ဖြစ်ရပ်မှန် မှတ်တမ်းတင် ရုပ်ရှင် ဇာတ်ကားကြီး တစ်ကား ရိုက်ဖို့ ရှိပါတယ်။ အဲဒီကားမှာ အစ်ကိုက စစ်သား တစ်ယောက် အနေနဲ့ ပါဝင် ရမှာပါ။ ကာရိုက်တာ ကိုတော့ အသေးစိတ် မသိရသေးပါဘူး။

အစ်ကိုရဲ့ ငယ်ငယ်က အိပ်မက်ကလည်း စစ်သား ဖြစ်ချင်တာ ဆိုတော့ ကွမ်းလုံရက် ၄ဝ မှာ ပါဝင်ရတဲ့ အတွက် အစ်ကို့ရဲ့ ခံစားချက်ကို ပြောပြပေးပါဦး။

အစ်ကို ငယ်ငယ်က အိပ်မက်မက်ခဲ့တဲ့ စစ်သား တစ်ယောက်ရဲ့ ဘဝကို တကယ် မဟုတ် ပေမယ့် ဇာတ်ကား ရိုက်ရတဲ့ အတွက် အစွမ်းကုန် ဈာန်သွင်းပြီး သရုပ်ဆောင် သွားမှာပါ။ ကွမ်းလုံ ကိုလည်း လွန်ခဲ့တဲ့ ၁၈ နှစ် လောက်က စစ်ကားတစ်ကား ရိုက်ရင်းနဲ့ ရောက်ခဲ့ ဖူးပါတယ်။ သိပ်တော့ မစိမ်းဘူးပေါ့။ အခုဆိုရင် ၁၈ နှစ်လောက် ကြာမှ အဲဒီနေရာကို ပြန်သွား ရမယ်ဆိုတော့ သွားလည်း သွားချင်ပါတယ်။

ဒီဇာတ်ကားနဲ့ ပတ်သက်ပြီးတော့ ပရိသတ်ကို ပြောချင်တာလေး ရှိရင်လည်း ပြောပြ ပေးပါဦး။

ဒီကားကတော့ တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာကို ထိပါးလာတဲ့ အတွက် ပြန်လည် ပြီးတော့ တိုက်ခိုက်ရတဲ့ ဇာတ်ကားပါ။ ပြည်သူတွေ အားလုံး အခုလို လွတ်လွတ်လပ်လပ် အေးအေး ချမ်းချမ်းနဲ့ နေကြရတာဟာ တပ်မတော်သားတွေက သူတို့ရဲ့ အသက်၊ သွေး၊ ချွေး တွေနဲ့ ဘယ်အထိ ရင်းခဲ့ရတယ် ဆိုတာ ဒီကားကို ကြည့်တဲ့အခါမှာ ပိုပြီး သဘော ပေါက်ကြ လိမ့်မယ်လို့ ယုံကြည် ပါတယ်။

အစ်ကို အခြား ထုတ်လုပ်ရေး တွေနဲ့ ရိုက်တာ မတွေ့ရ ဘူးနော်။

အဓိကတော့ အစ်ကို မရိုက်ဖြစ်တော့ တာလည်း ပါတာပေါ့။ အစ်ကို မရိုက်ဖြစ် တော့လည်း သူတို့ ဘက်က မကမ်းလှမ်း တော့ဘူးပေါ့။ အစ်ကို့တိုက်က ဇာတ်လမ်း စီးရီးလေးတွေကိုပဲ လက်ရှိ ရိုက်ဖြစ် နေပါတယ်။ ဘဦး၊ စီအိုင်ဒီ ဘကောင်း၊ အန္တရာယ်ပြေးလမ်း၊ ရဲအုပ် ဘခက်ဆိုတဲ့ စီးရီးလေးခုကို ရိုက်နေတယ်ပေါ့။

အနုပညာလမ်းပေါ်မှာ အစ်ကို့အနေနဲ့ နောက်ထပ်လုပ်ချင်တာလေးတွေရောရှိဦးမလား။

အခုတော့ ကိုယ့်တိုက်အတွက် ရိုက်နေရတာ ဆိုတော့ မအားသေးဘူး ဖြစ်နေ တာပေါ့။ အစ်ကို့ကို ဒါရိုက်တာ အဖြစ်နဲ့လည်း ပရိသတ်တွေ မြင်ရဦးမှာပါ။

အစ်ကို့ အနေနဲ့ မအားလပ်တဲ့ ကြားထဲက ပရဟိတ အလုပ်တွေလည်း တော်တော်များများ လုပ်ဖြစ် တယ်နော်။

အစ်ကိုက အနုပညာ လောကထဲကို မရောက်ခင် ဟိုးအရင် ကတည်းက ပရဟိတ လုပ်ရ တာကို ဝါသနာ ပါတယ်။ ၁၉၈၆-၁၉၈၇ ခုနှစ် လောက်ကတည်းက ကျောင်း ကြက်ခြေနီ အသင်း ထဲမှာလည်း တာဝန် ထမ်းဆောင်ခဲ့တယ်။ ရွှေတိဂုံဘုရားမှာ တံမြက်စည်းလှည်း အသင်းမှာ ပါခဲ့တယ်။ အဲဒီကနေ အနုပညာသမား တစ်ယောက်ဖြစ်လာတဲ့ အခါမှာ လူမှုရေး အသင်း အဖွဲ့ တွေမှာ ပါဝင်ခဲ့တယ်။ ရည်ရွယ်ချက် ကောင်းပြီးတော့ မပြည့်စုံသေးတဲ့ အသင်းလေး တွေကို ဖြစ်ထွန်းအောင် လုပ်ချင်တဲ့ အတွက် အခုဆိုရင် သွေးမေတ္တာ ပရဟိတ အသင်းမှာ ပါဝင် လုပ်ဆောင် နေပါတယ်။

အစ်ကို ပရဟိတ လုပ်ခဲ့တဲ့ အချိန်အတွင်း မှာရော အမှတ်ရစရာတွေ ရှိရင် ပြောပြ ပေးပါလား။

အမှတ်ရ စရာတွေ ကတော့ အများကြီး ရှိပါတယ်။ လွန်ခဲ့တဲ့ တစ်လလောက်က စံပြ ဆေးရုံမှာ ဂျပန်ကနေ လာပြီး အလှူလုပ်တဲ့နေ့ ကပေါ့၊ ပွဲလေးတစ်ပွဲ လုပ်နေတဲ့အချိန် မော်လမြိုင် ဘက် ကနေ ပိုးထိလို့ ဆေးရုံပေါ်ကို ရောက်လာတဲ့ လူနာတစ်ယောက် ဘီသွေး လိုတယ်လို့ ပြောတယ်။ အစ်ကိုကလည်း ဘီသွေး ဖြစ်နေတယ်။ ပြီးတော့ လှူဖို့လည်း အဆင်သင့် ဖြစ်နေတဲ့ အတွက် အစ်ကို လှူလိုက်တယ်။ အဲဒီလူနာလည်း အသက်ရှင် သွားတယ်လို့ အစ်ကို ကြားရတယ်။ ဒါပေမဲ့လူနာကို မမြင်လိုက်ရပါဘူး။ ဒီလို အမှတ်ရစရာတွေ အများကြီး ရှိပါတယ်။ ပျော်စ ရာ တွေရော၊ အလွဲတွေရော စုံလို့ပေါ့လေ။

ပရဟိတ လုပ်တဲ့ သူတွေကလည်း သူတို့ရဲ့ ခံယူချက်နဲ့ သူတို့ ရှိကြတယ်။ အစ်ကို့ရဲ့ ခံယူချက် ကရော။

အစ်ကိုရဲ့ ခံယူချက်က ပရဟိတ လုပ်တဲ့ အသင်းတွေ အများကြီး ပေါ်ထွက် လာစေချင် ပါတယ်၊။ လူတွေ အားလုံး ပရဟိတ လုပ်ချင် လာအောင် ကျွန်တော်တို့ စည်းရုံးရမယ်၊ ပြီးတော့ စည်းလုံး ရမယ်ဆိုတဲ့ ရည်ရွယ်ချက်လေး ရှိပါတယ်။ အဲဒါကြောင့် အစ်ကိုပါဝင်တဲ့ အသင်းတွေ များနေတာပါ။ အစ်ကို့ရဲ့ စိတ်ကတော့ လူတိုင်းကို ပရဟိတ လုပ်ငန်းတိုင်းမှာ ပါဝင် စေချင်တယ်။ လူတိုင်းကို ပရဟိတအသင်း ထောင်နိုင်တဲ့သူ ဖြစ်စေချင်တယ်။ ဒါမှ ကျန်းမာရေး၊ လူမှုရေး လိုအပ်ချက် တွေမှာ အများရဲ့ အားနဲ့ ဖြည့်ဆည်း ပေးနိုင်မှာပါ။ လူတွေ က ပြောကြတယ်။ မင်းသား၊ မင်းသမီးတွေက နာမည်ကြီး ချင်လို့ ပရဟိတ လုပ်ကြ တာတဲ့။ အစ်ကို့ရဲ့ ခံယူချက်ကတော့ အဲဒီလို မဟုတ်ပါဘူး။ ငွေပိုလို့ပဲ ဖြစ်ဖြစ်၊ အချိန်ပိုလို့ပဲ ဖြစ်ဖြစ်၊ ကုသိုလ်လိုချင်လို့ပဲ ဖြစ်ဖြစ်၊ နာမည်ကြီးချင်လို့ပဲ ဖြစ်ဖြစ် ဘယ်လိုပဲ ဖြစ်ဖြစ် ပရဟိတ အလုပ်ကို လုပ်စေချင် ပါတယ်။ ပရဟိတ အလုပ်ကို လုပ်လိုက်တဲ့ အတွက် လိုအပ် နေသလောက် ပြည့်စုံ သွားတာ မဟုတ်ပေမယ့် ထိုက်သင့်သလောက်တော့ ဖြည့်ဆည်း ပေးနိုင် ပါလိမ့်မယ်။ လူတိုင်းသာ ပရဟိတ လုပ်မယ်ဆိုရင် လိုအပ်ချက် တွေက အနည်းနဲ့ အများ ပြည့်စုံ သွားမယ်လို့ အစ်ကိုကတော့ ခံယူ ထားပါတယ်။ ။

အိအိမြတ်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...