Thursday, September 11, 2014

ကမ္ဘာ့အမွေအနှစ် ပျူမြို့ဟောင်းများ (အပိုင်း-၂)


စန္ဒာခင် (ယဉ်ကျေးမှု)

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ''ပျူမြို့ဟောင်းများ'' နှင့်ပတ်သက်၍ အပိုင်း(၁)တွင် ကမ္ဘာ့အဆင့် သတ်မှတ် ခြင်းဆိုင်ရာ အချက်အလက်များ၊ စံတန်ဖိုးများနှင့် စီမံ ဆောင်ရွက်ထားရှိမှုများကို ဖော်ပြပြီးဖြစ်သည်။ ယခုအပိုင်း (၂) တွင် ဆောင်ရွက်ခဲ့ပုံအဆင့်ဆင့်ကို ဖော်ပြသွားပါမည်။

နောက်ခံအကျဉ်း

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် ယဉ်ကျေးမှုအမွေ အနှစ်များ၊ သဘာဝအမွေအနှစ်များ၊ ယဉ်ကျေးမှုနှင့် သဘာဝရောနှောနေသည့် အမွေအနှစ်များကို ပိုင်ဆိုင် ထားကြရာ အဆိုပါ အမွေအနှစ် များကို ရေရှည်တည်တံ့ စေရေး၊ ကာကွယ်စောင့်ရှောက် ထိန်းသိမ်းနိုင်ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ၁၉၇၂ ခုနှစ်တွင် ကမ္ဘာ့ယဉ်ကျေးမှုနှင့် သဘာဝ အမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေး ကွန်ဗင်းရှင်း(Convention concerning the Protection of the World Cultural and Natural Heritage, 1972) သဘောတူညီချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။ 

အဆိုပါ ကွန်ဗင်းရှင်းဝင်နိုင်ငံများအနေနှင့် မိမိနိုင်ငံ၏ အမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ် တင်သွင်းခွင့်ရှိမည် ဖြစ်သည်။ ယခုအခါ ကွန်ဗင်းရှင်းအဖွဲ့ဝင် (၁၈၇)နိုင်ငံ ရှိပြီး ကမ္ဘာ့အမွေအနှစ်ကော်မတီအဖွဲ့ဝင် အဖြစ် (၂၁)နိုင်ငံကို ၎င်းတို့အနက်မှ ထပ်မံရွေးချယ်တင်မြှောက်ကြ ပါသည်။ 

မြန်မာနိုင်ငံအနေဖြင့်လည်း မိမိတို့၏ အမွေအနှစ် များကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေးအတွက် အဆိုပါ World Heritage Convention သဘောတူညီ ချက်ကို ၁၉၉၄ ခုနှစ်က လက်မှတ်ရေးထိုးပြီး အဖွဲ့ဝင် နိုင်ငံဖြစ်ခဲ့သည်။

၁၉၉၅ ခုနှစ်တွင် ပုဂံကို ကမ္ဘာ့အမွေအနှစ်ဖြစ်ရေး တင်သွင်းခဲ့သည်။ သို့သော် ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းလိုလျှင် ဦးစွာအဆိုပြုစာရင်း Tentative List ကို ပြုစုတင်သွင်းရပါသည်။ ၁၉၉၆ ခုနှစ်တွင် ပြဒါး လင်းဂူ၊ ပုဂံ၊ ပျူမြို့ဟောင်းများ၊ မြောက်ဦးစသည်တို့ အပါအဝင် အမျိုးသားယဉ်ကျေးမှု အမွေအနှစ် ရှစ်ခုကို ယူနက်စကိုသို့ အဆိုပြုအမည်စာရင်းတင်သွင်းခဲ့သည်။ 

၁၉၉၇ ခုနှစ်ကကျင်းပသော ယူနက်စကို ကမ္ဘာ့ အမွေအနှစ်ကော်မတီ အစည်းအဝေးတွင် မိမိတို့ တင်သွင်းသော အဆိုပြုစာရင်းများနှင့် ပတ်သက်၍ ဦးစွာဆောင်ရွက်ထားရမည်တို့ကို ယူနက်စကို က အောက်ပါအတိုင်း မှတ်ချက်ပြုခဲ့သည်- 

ယဉ်ကျေးမှုအမွေအနှစ်ဒေသများကာကွယ်ထိန်းသိမ်းရေးဥပဒေ ပြဋ္ဌာန်းရန်၊
သက်ဆိုင်ရာယဉ်ကျေးမှုအမွေအနှစ်ဒေသ များအတွက် ဇုန်နယ်နိမိတ်များ သတ်မှတ်ရန်၊ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်း သိမ်းနိုင်ရန်အတွက် စီမံခန့်ခွဲမည့် အစီအစဉ် များရေးဆွဲရန်။

သို့ဖြစ်ရာ ၁၉၉၈ ခုနှစ်တွင် ယဉ်ကျေးမှုအမွေ အနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေကိုထုတ်ပြန် ပြဋ္ဌာန်းခဲ့ပြီး ၂ဝဝ၉ ခုနှစ်တွင် ပြင်ဆင်သည့်ဥပဒေ၊ ၂ဝ၁၁ ခုနှစ်တွင် နည်းဥပဒေများကို ဆက်တိုက်ထုတ်ပြန် ပြဋ္ဌာန်းခဲ့ပါသည်။

ထို့အတူ ယဉ်ကျေးမှုအမွေအနှစ်ဒေသ အသီးသီး ကိုလည်း ဦးစားပေးအလိုက် ဇုန်နယ်နိမိတ်များ သတ်မှတ်ပြဋ္ဌာန်းခဲ့သည်။ ယခုအခါ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ဇုန် (၄၆) ဇုန် ရှိပြီဖြစ်သည်။

ထိန်းသိမ်းစောင့် ရှောက်ခြင်းအနေဖြင့်လည်း မြန်မာတစ်နိုင်ငံလုံးရှိ ယဉ်ကျေးမှုအမွေအနှစ်များအနက် 
- သမိုင်းတန်ဖိုး World Heritage Convention ၊ 
- ရှေးဟောင်းသုတေသနတန်ဖိုး(Archaeo-logical Value) ၊
- ဗိသုကာနှင့် အနုလက်ရာတန်ဖိုး (Architectural and Artistic Value) ၊ 
- ပျက်စီးရန်အတွက် စိုးရိမ်သည့်အခြေအနေ (Monument in Danger) တို့အပေါ် မူတည်ပြီး ဦးစားပေးထိန်းသိမ်းလျက်ရှိသည်။ 

ပျူမြို့ဟောင်းများ ကမ္ဘာ့အမွေအနှစ်ရရှိရေးဆောင်ရွက်မှု အဆင့်ဆင့်

အဆိုပါအချက်များကိုဆောင်ရွက်လျက် တစ်ဖက် မှလည်း မိမိတို့ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာ့ စာရင်းဝင်ဖြစ်ရေးအတွက် ယူနက်စကိုနှင့် ဆက်သွယ် ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

၂ဝဝ၈ ခုနှစ်တွင် အဆိုပြုထားသည့် အမွေအနှစ် စာရင်းများအား ပြန်လည်သုံးသပ်ပြီး ၂ဝ၁ဝ ခုနှစ်တွင် ပျူမြို့ဟောင်း သုံးခုကို ဦးစွာရွေးချယ်ခဲ့ကြသည်။ ဘာကြောင့် ဦးစားပေးရွေးချယ်ခဲ့သည်ကို အပိုင်း(၁)တွင် ဖော်ပြပြီးဖြစ်သည်။ ဦးဆုံးတင်သွင်းခဲ့သည့် အမွေ အနှစ်ကို အထစ်အငေါ့မရှိ မြန်မြန်ဆန်ဆန် ရရှိစေလို သဖြင့် စီမံခန့်ခွဲမှုအတွက် အခက်အခဲနည်းမည့်အချက် ကိုလည်း စဉ်းစားရပါသည်။ သို့ဖြစ်ရာ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ဟောင်းများဆိုင်ရာ သတင်းအချက်အလက်၊ အထောက်အထားများစုဆောင်း ခြင်း၊ မှတ်တမ်းတင်စာရင်းပြုစုခြင်း၊ ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းခြင်းဆိုင်ရာသင်တန်း၊ အလုပ်ရုံဆွေးနွေး ပွဲများ၊ အစည်းအဝေးများသို့ တက်ရောက်ခြင်း၊ လေ့လာ သင်ကြားအတွေ့အကြုံယူခြင်းများ ဆောင်ရွက်ခဲ့သည်။ ၂ဝ၁၂ ခုနှစ်တွင် ယူနက်စကိုနှင့် နိုင်ငံတကာ (အီတလီ နိုင်ငံ)တို့မှ နည်းပညာအကူအညီနှင့် ဘဏ္ဍာငွေ အထောက်အပံ့ရရှိခဲ့ရာ ယူနက်စကိုအဖွဲ့၏ ကြီးကြပ်မှု ဖြင့် ပြည်တွင်း၊ ပြည်ပမှ ပညာရှင်များပါဝင်၍ အဆိုပြု စာတွဲ(Nomination Dossier) ပြုစုရေးသားခဲ့ကြသည်။

ပြည်တွင်းပညာရှင်များအနေဖြင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများက ဘာသာရပ်ဆိုင်ရာ ဝန်ထမ်းများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်း၊ မြန်မာနိုင်ငံ ဗိသုကာအသင်းမှပညာရှင်များ၊ မိမိတို့ဌာနမှ အငြိမ်းစား ပညာရှင်ကြီးများ၊ သမိုင်းပညာရှင်ကြီးများ ပါဝင်ခဲ့သလို ပြည်ပပညာရှင်များ (International Experts) အနေဖြင့် အခြားနိုင်ငံများ၏ ကမ္ဘာ့အမွေအနှစ်ရရှိရေးအတွက် ဆောင်ရွက်ခဲ့ရာတွင်များစွာ အတွေ့အကြုံရှိခဲ့သော ယူနက်စကိုပညာရှင်များဖြစ်ကြသည့် အမေရိကန်နိုင်ငံသားDr. Richard Engelhdt ၊ ပြင်သစ်နိုင်ငံသား Mr. Pierre Pichard ၊ အီတလီနိုင်ငံသားDr. Mauro Cucarzi ၊ ပျူနှင့်ပတ်သက်၍ နှစ်ပေါင်း(၄ဝ)ခန့် သုတေသနပြုထား သူ အင်္ဂလန်နိုင်ငံ Cambridge University မှ ပါမောက္ခDr. Janice Stargard ၊ SOAS University မှ သုတေသီDr. Elizabeth Moore တို့ အပါအဝင် ပညာရှင် ခုနစ်ဦး ပါဝင်ကြသည်။ 

အဆိုပြုစာတွဲရေးသားပြုစုရာတွင် ပျူမြို့ဟောင်း သုံးခုလုံးရှိ အမွေအနှစ်ပစ္စည်းများ၊ အဆောက်အအုံတစ်ခုချင်း အသေးစိတ် ဓာတ်ပုံ၊ ပုံဆွဲ၊ မြေပုံမှတ်တမ်းမှတ်ရာ အချက်အလက်များနှင့် ဖော်ပြခြင်း၊ သုတေသနပြုထားမှုများ၊ ကာကွယ်ထိန်းသိမ်းထားရှိမှုများ၊ ပထဝီမြေပြင်ဆိုင်ရာ သတင်းအချက်အလက်အထောက်အထားများ၊ အဆိုပါ မြေပေါ်မြေအောက် ယဉ်ကျေးမှုအမွေအနှစ် အထောက် အထားများနှင့် ဆက်စပ်လျက်ရှိသော လူမှုအဖွဲ့အစည်း၏ ကိုးကွယ်ယုံကြည်မှု၊ ဓလေ့ထုံးတမ်းများ ရေရှည်တည်တံ့ ခိုင်မြဲအောင်ဆောင်ရွက်မည့် စီမံခန့်ခွဲမှုအစီအစဉ်တို့ကို သတ်မှတ်ထားသော စာတွဲပုံစံနှင့် ရေးသားတင်ပြခဲ့ပါသည်။ 

တစ်ဖက်ကလည်း ယူနက်စကိုက ကျွမ်းကျင်ပညာရှင် များစီစဉ်ပေးပြီး ဝန်ထမ်းများ စွမ်းရည်မြှင့်သင်တန်း၊ ထိန်းသိမ်းရေးသင်တန်း၊ သုတေသနပြုခြင်း၊ မြေပြင်ပထဝီ ဆိုင်ရာသင်တန်း(Geographical Information System) များကို တစ်ပြိုင်တည်းဆောင်ရွက်လျက်ရှိရာ ဝန်ထမ်းများ သည် အချိန်မီတင်ပြရမည့်စာတွဲတွင် အချက်အလက်၊ အကြောင်းအရာများ ကြွင်းကျန်ရစ်မှုမရှိဘဲ ပြည့်စုံစွာ ဖော်ပြနိုင်ရေးအတွက် ကြိုးစားနေရသလို ကွင်းဆင်း သုတေသနဝန်ထမ်းများကလည်း လိုအပ်သော အထောက် အထား၊ အချက်အလက်များ အချိန်မီပေးနိုင်ရေးအတွက် လည်း ဆောင်ရွက်ခဲ့ရပါသည်။

ပျူရှေးဟောင်းမြို့များ ကမ္ဘာ့အမွေအနှစ်စာရင်းပါဝင် နိုင်ရေးအတွက် ဌာနရှိ ဝန်ထမ်းများ မိမိတို့၏ သက်ဆိုင်ရာ၊ ကျွမ်းကျင်ရာ၊ ကျရာအခန်းမှ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ စီမံခန့်ခွဲရေး၊ သုတေသနနှင့် ထိန်းသိမ်းရေးဟူသော လုပ်ငန်းကဏ္ဍအသီးသီးတွင် ပုံမှန်ထက်ပို၍ အားစိုက် ဆောင်ရွက်ခဲ့ကြရသည်။

အဆိုပြုစာတွဲ ရေးသားပြုစုရေးအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်ခဲ့သကဲ့သို့ ပညာရှင်များအဖွဲ့၊ အကြံပေးအဖွဲ့၊ ပျူမြို့ဟောင်းများ ကြီးကြပ်ညှိနှိုင်းရေးကော်မတီ ( PYU Cities Coordination Committee - PYU COM) ဖွဲ့စည်းပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအသီးသီးတို့မှ အုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန၊ မြေတိုင်းဦးစီးဌာန၊ ဆည်မြောင်းဦးစီး ဌာန၊ ကြေးတိုင် နှင့် မြေစာရင်းဦးစီးဌာနတို့ကလည်း ၎င်းတို့၏ဌာန လုပ်ငန်းတာဝန်က တစ်ဖက်၊ ယဉ်ကျေးမှုအမွေအနှစ် အတွက် ဆောင်ရွက်ပေးရသည်ကတစ်ဖက် အတော်လေး တော့ ပင်ပန်းခဲ့ကြသည်။ 

တစ်ပြိုင်နက်တည်း ဆောင်ရွက်ရတာတွေက မသက်သာ လှပါ။ ဒေသခံပြည်သူများ နားလည်လာပြီး ဝိုင်းဝန်းပါဝင်ရေးကလည်း အရေးပါလှသည်။ ကျေးရွာ သုံး၊ လေးရွာ စုပြီး အသိပညာပေးရသည်လည်း ရှိသည်။ တစ်အိမ်တက်ဆင်း လိုက်လံရှင်းပြခြင်း၊ ဘုန်းတော်ကြီး ကျောင်းများ၊ စာသင်ကျောင်းများ၊ ရုံးများတွင်စုဝေး၍ သွားရောက်ရှင်းပြခြင်း၊ သတင်း media အကူအညီ၊ အနုပညာရှင်တို့၏ အကူအညီဖြင့်လည်း ဘက်ပေါင်းစုံက အသိပညာဖြန့်ဝေခြင်း၊ စည်းရုံးခြင်းတို့ ဆောင်ရွက်ခဲ့ကြ သည်။ ဒေသခံများ ကလည်း လိုလိုလားလား အားတက် သရောပင်၊ သက်ဆိုင်ရာ မြို့ဟောင်း သုံးနေရာလုံးမှာ စောင့်ရှောက်ရေးအဖွဲ့များ ဖွဲ့စည်းကြသည်။ 

မိမိတို့နှင့် ပူးပေါင်း၍လည်းကောင်း၊ ၎င်းတို့၏အစီအစဉ်ဖြင့် လည်းကောင်း ဒေသခံပြည်သူများ၊ ကျောင်းသားများကို အမွေအနှစ်ရှိရာနေရာများသို့လေ့လာရေးခရီးစဉ်နှင့် အတူ ဟောပြောပွဲ၊ ပြိုင်ပွဲများ ဆောင်ရွက်ပေးခဲ့ ကြသည်။ 

ခက်ခက်ခဲခဲ၂ဝ၁၂ ခုနှစ် စက်တင်ဘာလတွင် ရှေးဦးစွာ စာတွဲ မူကြမ်း 
( Draft Nomination Dossier)ကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်ဗဟိုဌာန
( Draft Nomination Dossier)သို့ တင်သွင်းခဲ့သည်။

ကမ္ဘာ့အမွေအနှစ်ဗဟိုဌာနက မြေပုံများအပါအဝင် လိုအပ်ချက်များရှိကြောင်း ဖော်ပြ၍ တောင်းခံခဲ့သဖြင့် သက်ဆိုင်ရာဌာနများနှင့် ပြင်ပကုမ္ပဏီ များ၏အကူအညီရယူကာ လိုအပ်သည့်မြေပုံများ ထပ်မံ ပြုစုပြီး ၂ဝ၁၂ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာလတို့ တွင် ကမ္ဘာ့အမွေအနှစ်ဗဟိုသို့ ဖြည့်စွက်တင်ပြချက်(Additional Information I) ကို ပေးပို့ခဲ့သည်။

၂ဝ၁၃ ခုနှစ် ဇန်နဝါရီလတွင် ပြီးပြည့်စုံသောစာတွဲ (Complete Nomination Dossier) ကို အချိန်မီ တင်သွင်းနိုင်ခဲ့သည်။ သို့သော် လိုအပ်ချက်များရှိနေသေး သဖြင့် လက်မခံကြောင်း ပြန်ကြားလာပြန်သည်။ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလတွင် တင်သွင်းပါမှ ၂ဝ၁၄ ခုနှစ် ဇွန်လ တွင် ကျင်းပမည့် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံ (World Heritage Committee) တွင် ဆုံးဖြတ်ချက် ရမည်ဖြစ်သည်။ ပျူမြို့ဟောင်းများ ကြီးကြပ်ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌအနေဖြင့် ယူနက်စကို ညွှန်ကြားရေးမှူး ချုပ်ထံသို့ဆက်သွယ်ပြီး ကမ္ဘာ့အမွေအနှစ်ဗဟိုဌာနက အကြောင်းကြားလာသော လိုအပ်ချက်များကို အချိန်မီ ပေးပို့သွားမည်ဖြစ်ကြောင်း၊ ယခု စာတွဲတင်သွင်းမှုကို လက်ခံပေးစေလိုကြောင်း စသည်ဖြင့် မေတ္တာရပ်ခံခဲ့သည်။

ထို့ကြောင့် ၂ဝ၁၃ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံက တင်သွင်းခဲ့သောစာတွဲကို လက်ခံလိုက်ပါကြောင်းနှင့် စစ်ဆေးရေးအဖွဲ့ စေလွှတ်မည်ဖြစ်ကြောင်း အကြောင်း ပြန်ကြားခဲ့သည်။ မိမိတို့ဘက်ကလည်း လိုအပ်သည် များကို ဖြည့်စွက်ဆောင်ရွက်ကာ (Additional Information II) ကို ထပ်မံတင်သွင်းပေးပို့ခဲ့သည်။ ပထမဦးဆုံးအတွေ့အကြုံဖြစ်သည်နှင့်အညီ စစ်ဆေး အကြံပေးအဖွဲ့ လာရောက်စစ်ဆေးရာတွင် အဆင်ပြေ ချောမွေ့မှုရှိစေရေး၊ အကဲဖြတ်စစ်ဆေးမှုတွင် ရလဒ် ကောင်းစေရေးအတွက် လိုအပ်ချက်များကို ကြိုတင် ပြင်ဆင်နိုင်ရန် ပညာရှင်ကြီးများ ပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အထူးပင်လေးစားစရာ

ဤတွင် မဖြစ်မနေ ဖော်ပြလိုပါသည်။ စစ်ဆေးအကြံပေးအဖွဲ့လာရောက်မစစ်ဆေးမီ မိမိတို့ဘက်က အချိန်မီကွင်းဆင်းရမည်ဖြစ်ရာ သက်ဆိုင်ရာ လူငယ် ဝန်ထမ်းများနှင့်အတူ ဆရာကြီးများပါ လိုက်ပါကွင်းဆင်း ခဲ့ကြသည်။ မိုးရာသီ ဇူလိုင်လ၊ ပျူမြို့ဟောင်း သုံးမြို့လုံး ခရီးရှည်၊ မိုးထဲ လေထဲတွင် အသက်ပင် (၈ဝ) ကျော်ပြီ ဖြစ်သော်လည်း ဆရာကြီး ဒေါက်တာခင်မောင်ညွန့်က စိတ်အားထက်သန်စွာဖြင့် လိုက်ပါခဲ့သလို ပညာရှင် အငြိမ်းစား ဆရာကြီးများဖြစ်ကြသည့် ဒေါက်တာတိုးလှ၊ မနုဿ ဦးကျော်ဝင်း၊ ဒေါက်တာကျော်လတ်၊ ဦးစန်းဝင်း တို့၏ စေတနာထက်သန်မှုသည် မျိုးဆက်သစ်များ အတွက် အတုယူစရာ၊ အထူးပင် လေးစားဂုဏ်ယူစရာ ဖြစ်ပေသည်။

စစ်ဆေးကြပြီ

စစ်ဆေးအကြံပေးအဖွဲ့ (Advisory Bodies of ICOMOS - INTERNATIONAL COUNCIL ON MONUMENTS AND SITES ) မှ ကျွမ်းကျင် ပညာရှင် သြစတြေးလျနိုင်ငံသူ Dr. Susan Mc. Iymotos က ၂ဝ၁၃ ခုနှစ် အောက်တိုဘာလတွင် ဗိဿနိုးမြို့ဟောင်းနှင့် သရေခေတ္တရာမြို့ဟောင်းတို့ကို လည်းကောင်း၊ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလတွင် ဟန်လင်း မြို့ဟောင်းကိုလည်းကောင်းကွင်းဆင်းစစ်ဆေးခဲ့သည်။

သေချာစွာ လေ့လာစစ်ဆေးနိုင်ရေးအတွက် နိုင်ငံတော် ကလည်း ရဟတ်ယာဉ် ပံ့ပိုးပေးခဲ့သဖြင့် ကောင်းကင်မှ ရော မြေပြင်မှာပါ ကောင်းစွာ လေ့လာစစ်ဆေးနိုင်ခဲ့သည်။ အမွေအနှစ်တို့၏ ထူးခြားထင်ရှားသည့် တန်ဖိုးကို မြင်တွေ့နိုင်သလို သက်ဆိုင်ရာဇုန်များအတွင်း ဟိုးယခင် က တူးထားသော မြေနီကျင်းများ၊ ကျောက်စရစ်ကျင်းများ၊ ရွှေကျင်ထားသည့်နေရာများ စသည့် စီမံခန့်ခွဲမှုဆိုင်ရာ အားနည်းချက်များ ကိုလည်း ထောက်ပြခံခဲ့ရပါသည်။

၂ဝ၁၄ ခုနှစ် ဧပြီလတွင် ကမ္ဘာ့အမွေအနှစ် ကော်မတီ၏အကြံပေးအဖွဲ့ (ICOMOS) ၏ ဆုံးဖြတ် ချက်ဖြစ်သော "Deferred" ကို ကမ္ဘာ့အမွေအနှစ် ဗဟို ဌာနမှ မြန်မာနိုင်ငံသို့ အကြောင်းကြားခဲ့ပါသည်။ ဤနေရာတွင် အနည်းငယ်ရှင်းပြလိုပါသည်။ ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်ဖြစ်ရေး တင်သွင်းသည့် အမွေအနှစ် များကို နှစ်စဉ် ဇွန်လတွင်ကျင်းပသော ကမ္ဘာ့အမွေအနှစ် ကော်မတီညီလာခံတွင် ဆုံးဖြတ်ကြေညာပါသည်။ 

ဦးစွာ အကြံပေးစစ်ဆေးရေးအဖွဲ့ (ICOMOS) (က) တင်ပြ လာသောစာတွဲကို စစ်ဆေးခြင်း၊(ခ) အမွေအနှစ်နေရာ အား ကွင်းဆင်းစစ်ဆေးခြင်းပြုပြီးနောက် ဧပြီလတွင် ၎င်းတို့၏ဆုံးဖြတ်ချက်ကို ကမ္ဘာ့အမွေအနှစ် ဗဟိုဌာနသို့ ပေးပို့ပါသည်။ ၎င်းဌာနက သက်ဆိုင်ရာနိုင်ငံသို့ အကြောင်းကြားကာ စစ်ဆေးရေးအဖွဲ့၏ မှတ်ချက် နှင့်ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံက ပြန်လည်ရှင်းလင်း ချေပနိုင်ပါသည်။ တစ်နည်းအားဖြင့် (Factual Error) အချက်အလက်အထောက်အထားဆိုင်ရာ မှားယွင်းကြောင်း တင်ပြချက်ကို ပြန်လည်တင်ပြနိုင်ပါသည်။ 

၎င်းနောက် ဇွန်လတွင် ကျင်းပသော ကမ္ဘာ့အမွေ အနှစ်ညီလာခံ တွင် နောက်ဆုံးအဆင့်အနေဖြင့် ကမ္ဘာ့ အမွေအနှစ်ကော်မတီအဖွဲ့ဝင် ၂၁ နိုင်ငံက ဆုံးဖြတ် ပါသည်။

ဆုံးဖြတ်ချက် (၄)မျိုး

Inscribed - ကမ္ဘာ့စာရင်းဝင်အဖြစ် သတ်မှတ်ခြင်း
Referred - အနည်းငယ်ပြင်ဆင်ဖြည့်စွက်ရန် တို့ကိုဆောင်ရွက်ပြီး နောက်နှစ်တွင် ကမ္ဘာ့စာရင်းဝင်ဖြစ်ခြင်း
Deferred - ကမ္ဘာ့စာရင်းဝင်နိုင်သော စံချိန်စံညွှန်း များပြည့်စုံသော်လည်း အချို့လိုအပ် ချက်များ၊ ဖြည့်စွက်ရေးသားခြင်း၊ စီမံခန့်ခွဲမှုများ ဆောင်ရွက်ရန်တို့ကို ဆောင်ရွက်ပြီးမှ စစ်ဆေးရေးအဖွဲ့က ပြန်လည်စစ်ဆေးပြီး စာရင်းဝင်အဖြစ် သတ်မှတ်ခြင်း(နှစ်နှစ်မှ သုံးနှစ်အထိ ထပ်မံကြာမြင့်ပါသည်)
Not to be inscribed - ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်သည့်အခြေအနေမဟုတ်ခြင်း၊ 

(ဆက်လက်ဖော်ပြပါမည်)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...