အောင်သူငြိမ်း
စလင်းမြို့နယ် ဘိုကုန်းကျေးရွာမှ ကမ်းပြိုထားသောနေရာကို သြဂုတ်လဆန်းက တွေ့ရစဉ်
မကွေးတိုင်း ဒေသကြီးအတွင်း ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ မြစ်သာမြစ်နှင့် ထိုမြစ်များအတွင်းသို့ စီးဝင်သော ချောင်းပေါင်း ၂ဝ ခန့်တစ်လျှောက်တွင် ယခုနှစ် မြစ်ရေတက်ချိန်မှ ယခု မြစ်ရေကျစ အချိန်ထိ ကျေးရွာပေါင်း ၅ဝ ကျော် ကမ်းပြိုမှုကြုံတွေ့နေရပြီး သုံးနှစ်စာ ရေရှည်စီမံကိန်းဖြင့် ကြိုတင် ကာကွယ်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မကွေးတိုင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်လွင်ထံမှ သိရသည်။
ချင်းတွင်းမြစ်နံဘေးဝဲယာ ရေစကြိုမြို့နယ်အတွင်း ကျေးရွာများနှင့် ဧရာဝတီမြစ် အနောက်ဘက်ကမ်း ရေစကြို၊ စလင်း၊ ဆင်ဖြူကျွန်း၊ ပွင့်ဖြူ၊ မင်းဘူး၊ ကံမမြို့နယ်များ အတွင်း ကျေးရွာများတွင် ကမ်းပြိုမှုများ အများဆုံးကြုံတွေ့ ခဲ့ရသောကြောင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ရွှေ့ပြောင်းခဲ့ကြရပြီး ဧကသောင်းနှင့်ချီသော စိုက်ပျိုးမြေများလည်း ဆုံးရှုံးခဲ့ရကြောင်း ဒေသခံ များထံမှ သိရသည်။
အဆိုပါ အခြေအနေများကို ကာကွယ်နိုင်ရန် ဧရာဝတီမြစ် ထိန်းသိမ်းရေးအတွက် ၁၉၈၆ ခုနှစ် ကတည်းက ကမ္ဘာ့ဘဏ်မှ ရေးဆွဲပေးခဲ့သော စီမံကိန်းကိုမှီငြမ်း၍ ၂ဝ၁၄ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အထိ သုံးနှစ် စီမံကိန်း ရေးဆွဲထားကြောင်း ထိုစီမံကိန်းများကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဘတ်ဂျက်၊ တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်နှင့် နိုင်ငံတော်သမ္မတကြီး၏ သီးသန့်ရန်ပုံငွေတို့ဖြင့် ယခုနှစ် မြစ်ရေကျချိန်မှစ၍ အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း မကွေးတိုင်း ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်လွင်က ပြောကြားသည်။
“ကျွန်တော်တို့နိုင်ငံမှာက အခြေအနေ အမျိုးမျိုးကြောင့် တခြားဌာန ဘတ်ဂျက်တွေနဲ့ စာရင် မြစ်ကြောင်းထိန်းသိမ်းရေး အတွက် ဘတ်ဂျက်က နှစ်အတော်ကြာ အနည်းဆုံးရခဲ့တာပါ။ အခုမှ မြစ်ကြောင်းတွေကို ထိန်းသိမ်းရေးအတွက်လည်း အရေးကြီးမှန်းသိလာပြီး စီမံကိန်းတွေ စဆွဲနေကြရတာပါ။ ကမ်းပြိုမှုကြောင့် စိုက်ပျိုးမြေတွေ ဆုံးရှုံးသွားတယ်ဆိုတာ အဲဒီမြေကနေ ထွက်ရှိလာမယ့် သီးနှံတွေကိုပါ ဆုံးရှုံးသွားရတာပါ။ ဒါကြောင့် ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်ဖို့ Master Planတွေ ရေးဆွဲဆောင်ရွက်နေပါတယ်” ဟု ဦးဇော်လွင်က ဆက်လက်ပြောကြားသည်။
ပွင့်ဖြူမြို့နယ် ဘိုကုန်းကျေးရွာမှ တောင်သူဦးကံလှိုင်က “ဦးလေးတို့ရွာမှာ အခုနှစ် မြစ်ရေစတက်ကတည်းက အခုရေကျချိန်ထိ အိမ် ၃ဝ ကျော် ပြောင်းရွှေ့ခဲ့ရပြီး ရွာဦးကျောင်းဆိုရင် နှစ်ခါပြောင်းခဲ့ရပါတယ်။ စိုက်ပျိုးမြေတွေလည်း ဆုံးရှုံးတော့ တချို့က ရွာကနေ အပြီးပြောင်းသွားကြတာလည်း ရှိတယ်။ စာသင်ကျောင်းကိုလည်း အရင်နှစ်က ပြောင်းခဲ့ရပါတယ်။ အခုဆိုရင် ကမ်းပြိုတာက ရွာလယ်လမ်း ကိုတောင် ကျော်နေပါ ပြီ” ဟုဆိုသည်။
ပွင့်ဖြူမြို့နယ် ခုံစုကျေးရွာမှ တောင်သူကိုဇော်ဇော်က “ကျွန်တော်တို့ရွာတွေက အရင်တုန်းက အခုမြင်နေရတဲ့ မြစ်အလယ်ကောင်လောက်မှာ ရှိခဲ့တာပါ။ ၁၉၈၈ ခုနှစ်လောက်က ကမ်းပြိုမှုကြောင့် ရွာလုံးကျွတ် ပြောင်းခဲ့ရပြီး ၂ဝ၁ဝ ပြည့်နှစ်လောက်မှာ ထပ်ပြီးကမ်းပြိုရာက နှစ်စဉ် နီးပါး နေအိမ်တွေ ရွှေ့ပြောင်းလာကြရတာ ခုနှစ်ထိပါပဲ” ဟုဆိုသည်။
ယခုနှစ်မြစ်ရေကျချိန်တွင် မြစ်ကမ်းပြိုမှု အဆိုးရွားဆုံး ကြုံတွေ့ခဲ့ရသည့် ဧရာဝတီမြစ်ကမ်းရှိ ဆင်ဖြူကျွန်းမြို့နယ်အတွင်း သနပ်ပင်ကျေးရွာ၊ စလင်းမြို့နယ်အတွင်း ဘိုကုန်းနှင့် ကျူတောကျေးရွာများနှင့် ကံမမြို့နယ်အတွင်းတွင် ကျောက်စီရေကာနှင့် ရေလွှဲများ တည်ဆောက်သွား မည်ဖြစ်ကြောင်း ယော၊ မော၊ ရေပြာ၊ ရွှေ၊ မုန်း၊ မန်းချောင်းများတစ်လျှောက် ကမ်းပြိုသည့် နေရာများတွင် အဓိကဦးစားပေး၍ ရေကာများ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
0 comments:
Post a Comment