လားရှိုး စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့အရှေ့ခါးရိုး ပရိယတ္တိ စာသင်တိုက်ကြီးတွင် ယကနပါလ အသည်းစောင့်ရှောက်မှုအစုအဖွဲ့စုက သံဃာတော်များနှင့်လူအများကို အသည်း၊ ဘီပိုး၊ စီပိုး အခမဲ့ စမ်းသပ်စစ်ဆေးပေးခြင်း၊ ကာကွယ်ဆေးထိုး ပေးခြင်း၊ အသည်းရောဂါဝေဒနာရှင်များအား ဆေးစစ်၊ ဆေး ကုသပေးခြင်းတို့ကို စက်တင်ဘာ ၁၇ ရက် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ အခမဲ့ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
ကုသိုလ်ဖြစ်အခမဲ့ ဆေးစစ်၊ ဆေးကုသပေးခြင်းကို အရှေ့ခါးရိုး ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တသုဇာတနှင့် မြို့နယ် သံဃာ့နာယက အဖွဲ့ဝင်ဆရာတော် ကြီးများက ကြီးမှူး၍ ယကနပါလ အသည်းရောဂါ ကူညီစောင့်ရှောက်မှု အစုအဖွဲ့မှ ဆရာဝန်ကြီး ဒေါက်တာ ဦးအောင်မင်း ဦးဆောင်ကာ ဒေါက်တာဇေယျာအောင်၊ ဒေါက်တာ သန္တာထွန်း၊ သူနာပြုဆရာမများနှင့် အဖွဲ့ဝင်များက လူမျိုးဘာသာမရွေး စစ်ဆေးကုသ ဆောင်ရွက်ပေးခဲ့ခြင်ဖြစ်သည်။
အသည်းရောဂါဝေဒနာရှင်များအား ကုသိုလ်ဖြစ် ဆေးစစ်၊ ဆေးကုသပေးခြင်း၊ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများအတွက် အလှူငွေထည့်ဝင်လှူဒါန်းလိုပါက မန္တလေးမြို့ လမ်း ၉ဝ၊ (၂၇x၂၈) လမ်းကြား မြစိမ်းကျောင်းတိုက်သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
နေမျိုးနွယ်

0 comments:
Post a Comment