Tuesday, September 9, 2014

စကော့တလန် ခွဲမထွက်ပါက စကော့တလန်အတွက် လုပ်ပိုင်ခွင့်အာဏာသစ်များ ပေးမည်ဖြစ်ကြောင်း ဗြိတိန် အစိုးရ ကတိပေးပြောကြား


ယခုလအတွင်းတွင် ပြုလုပ်မည့် စကော့တလန် လွတ်လပ်ရေးကိစ္စ ပြည်သူ့ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ခွဲရေးဘက်သို့ လူများ ယိမ်းယိုင် လာကြောင်း လူထုသဘောထားစစ်တမ်းများက ညွှန်ပြနေခြင်းကို ဗြိတိန်အစိုးရက တုံ့ပြန်သောအားဖြင့် အကယ်၍ ဗြိတိန်အတွင်းမှ စကော့ တလန် ခွဲမထွက်ပါက စကော့တလန်အတွက် လုပ်ပိုင်ခွင့်အာဏာသစ်များပေးမည်ဖြစ်ကြောင်း ဗြိတိန် အစိုးရ ကတိပေးပြောကြား လိုက်သည် ဟု စက်တင်ဘာ ၈ရက်က အေအက်ဖ်ပီ သတင်တစ်ရပ်တွင် ဖော်ပြထားသည်။

အကယ်၍ စကော့တလန်သားများက သမိုင်းဝင် စက်တင်ဘာ ၁၈ ပြည်သူ့ဆန္ဒခံယူပွဲတွင် လွတ်လပ်ရေး ရယူရေးကို ဆန့်ကျင်မဲပေးကြမည် ဆိုပါ က အခွန်ကိစ္စ၊ ဘဏ္ဍာငွေ သုံးစွဲမှု နှင့် လူမှုဘဝဖူလုံရေး ကိစ္စရပ်များတွင် စကော့တလန်အား ကိုယ်ပိုင်ဆုံးဖြတ်လုပ်ပိုင်ခွင့် အာဏာများ ပို မိုပေး အပ်သွားမည့် အစီအစဉ်များကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဗြိတိန် ဘဏ္ဍာရေး ဝန်ကြီး ဂျော့ဂ်ျအော့စ်ဘောင်းန် က ပြော ကြား ခဲ့သည်။

ဆန္ဒခံယူပွဲတွင် ထောက်ခံမဲ၊ ကန့်ကွက်မဲ အပြင် ရွေးချယ်စရာ တတိယတစ်ခုအဖြစ် စကော့တလန်ကို အာဏာပိုမိုခွဲဝေပေးရေးအား ထည့် သွင်း ရေးကို ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်းက ဗီတိုအာဏာသုံး၍ ပယ်ချခဲ့ပြီး စကော့တလန်လွတ်လပ်ရေး ကိစ္စနှင့် ပတ်သက်၍ ထောက်ခံမဲ့ သို့မဟုတ် ကန့်ကွက်မဲ ပြတ်ပြတ်သားသား ရွေးချယ်ခိုင်းခြင်းကသာ လက်ရှိအခြေအနေအတွက် ရှင်းလင်းပြတ် သားသော အောင်ပွဲကို ပေးအပ်နိုင် လိမ့်မည် ဖြစ်ကြောင်း နှင့် သတိရှိသော မဲပေးသူများအနေဖြင့် မရေရာသောအနာဂတ်အခြေအနေ တစ်ရပ် အား ရှောင်ခွာသွားကြလိမ့်မည်ဖြစ်ကြောင်း ဆိုခဲ့သည်။

ဆန်းဒေးတိုင်းမ်စ် သတင်းစာအတွက် YouGov အဖွဲ့က ပြုလုပ်ခဲ့သော နောက်ဆုံးထုတ် လူထုသဘောထား စစ်တမ်းတစ်ခုအရ ဆိုလျှင် ပြည်သူ့ ဆန္ဒခံယူပွဲ မဲဆွယ်စည်းရုံးမှုများ စတင်ခဲ့အပြီးနောက်ပိုင်းတွင် လူထုသဘောထားစစ်တမ်းကောက်ယူမှုများ၌ လွတ်လပ်ရေးလိုလားသူများက ယခုအခါ ပထမဆုံးအကြိမ်အဖြစ် ဦးဆောင်လာနိုင်ခဲ့ပြီဖြစ်ကြောင်း ဆိုသည်။

ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်ရန် နှစ်ပတ်ပင် မလိုတော့သည့် အချိန်တွင် နောက်ဆုံးထုတ် လူထုသဘောထားစစ်တမ်းအရ လွတ်လပ်ရေး ကို ထောက်ခံ သူ ၅၁ ရာခိုင်နှုန်း ရှိလာကာ ဆန့်ကျင်ကန့်ကွက်သူ ၄၉ ရာခိုင်နှုန်း ရှိကြောင်း သိရပြီး လွန်ခဲ့သော တစ်လအကြာ က ပြုလုပ်ခဲ့သော လူထုသဘောထားစစ်တမ်း၏ ရလဒ်တွင် စကော့တလန်လွတ်လပ်ရေးကို ဆန့်ကျင်ကန့်ကွက်သူက ထောက်ခံသူထက် ၂၂ ရာခိုင်နှုန်း အသာစီးရခဲ့သည်။

“စကော့တလန်ကို လုပ်ပိုင်ခွင့်အာဏာတွေ ပိုပေးနိုင်ရေးအတွက် ဆောင်ရွက်ရေး အစီအစဉ်တစ်ရပ်ကို လာမည့်ရက်အနည်းငယ်အတွင်းမှာ ခင်ဗျား တွေ့နိုင်မှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ စကော့တလန်ဟာ အခြေအနေအားလုံးက အကောင်းဆုံးတွေကို ရရှိလာမှာ ဖြစ်ပါတယ်။ သူတို့ဟာ သီးခြားကွဲထွက်သွားမယ့် အန္တရာယ်ကို ရှောင်နိုင်မယ့်အပြင် သူတို့ရဲ့ ကံကြမ္မာကိုလည်း ကိုယ်တိုင် ပိုပြီးတော့ ထိန်းချုပ် ဖန်တီးနိုင်တော့မှာ ဖြစ်ပါတယ်။ အဲဒါဟာ စကော့တလန်သားအများအပြား အလိုရှိတဲ့အရာတွေလို့ ကျွန်တော်ထင်ပါတယ်” ဟု ဂျော့ဂ်ျအော့စ်ဘောင်းန် က ပြောပြခဲ့သည်။

Ref:AFP
Mizzima News

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...