Tuesday, September 30, 2014

ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ်၌ သီတင်းကျွတ်လပြည့်ည တွင် ဖျော်ဖြေပွဲ နှင့် မီးထွန်းပွဲတော် ကျင်းပမည်


သီတင်းကျွတ် လပြည့်ည အောက်တိုဘာ ၈ ရက်နေ့တွင် ရန်ကုန်မြို့ ကန်တော်ကြီး ဥယျာဉ် ၌ မီးထွန်းပွဲတော် နှင့် မျှော်စင်ကျွန်း တွင် Hip Hop ဖျော်ဖြေပွဲ ကျင်းပမည် ဖြစ်ကြောင်း ကန်တော်ကြီး ဥယျာဉ်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။
သီတင်းကျွတ် လပြည့်ည၌ မျှော်စင်ကျွန်း တွင် ကျင်းပမည့် Hip Hop ဖျော်ဖြေပွဲတွင် စိုင်းစိုင်းခမ်းလှိုင်၊ စနဲ၊ ဂျောက်ဂျက်၊ လွှမ်းပိုင်၊ ဘန်နီဖြိုး၊ ရဲရင့်အောင် နှင့် Boby Soxer စသည့် အဆိုရှင် ခုနစ်ဦးက သီဆိုဖျော်ဖြေ ကြမည်ဟု သိရသည်။ အဆိုပါ ဖျော်ဖြေပွဲကို ဘိုဘို အင်တာ တိန်းမန့် မှ စီစဉ် တင်ဆက်ခြင်း ဖြစ်ကြောင်း သိရသည်။

မီးထွန်းပွဲတော် ကို ကန်တော်ကြီး ဥယျာဉ်မှ စီစဉ်ခြင်း ဖြစ်ပြီး ကန်တော်ကြီး ဥယျာဉ်သို့ လာရောက် အပန်းဖြေ လည်ပတ်သူများ မီထွန်းနိုင်ရန် မီးထွန်းပွဲတော် တွင် ဆီမီး ၁ဝဝဝ စီစဉ် ဆောင်ရွက် ပေးမည်ဟု သိရသည်။

''သီတင်းကျွတ် မီးထွန်းပွဲတော် ကို ကန်တော်ကြီးမှာ နှစ်စဉ် ကျင်းပခဲ့ တာပါ။ ၂ဝ၁၃ ခုနှစ် တစ်နှစ်ပဲ မီးထွန်းပွဲ မကျင်းပ ဖြစ်ခဲ့တာပါ။ ဒီနှစ်မှာ ပြန်ကျင်းပ ပါမယ်။ ဆီမီး ၁ဝဝဝ အဆင်သင့် စီစဉ်ပေး ထားမှာပါ။ အပန်းဖြေ လည်ပတ်သူတွေ မီးထွန်း ပူဇော် နိုင်ပါတယ်။ မီးထွန်းပွဲနဲ့ အတူ သီတင်းကျွတ် လပြည့်ည မှာ ဘိုဘို အင်တာတိန့်မန့် က စီစဉ်တဲ့ Hip Hop ဖျော်ဖြေပွဲလဲ မျှော်စင်ကျွန်း မှာ ရှိပါတယ် ... ''ဟု ကန်တော်ကြီး ဥယျာဉ်မှ ပွဲစီစဉ်သူ တစ်ဦးက ပြောပြသည်။

Hip Hop ဖျော်ဖြေပွဲတွင် ဝင်ခွင့်လက်မှတ် နှုန်းထားကို ငွေကျပ် ၇၅ဝဝ သတ်မှတ် ထားသည်ဟု သိရသည်။ ဖျော်ဖြေပွဲကို ညနေ ၅ နာရီ မှည ၁၁ နာရီအထိ ကျင်းပရန် စီစဉ် ထားကြောင်းလည်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...