Thursday, September 11, 2014

လေ့ကျင့်ရေးရက်များ ပျက်ကွက်လို့ မယ်ကမ္ဘာ မြန်မာပြိုင်ပွဲမှ ထုတ်ပယ်တယ် ဆိုတဲ့ စကားကို လုံးဝလက်မခံနိုင်ပါဘူးလို့ ဆိုလာတဲ့ ပက်ထရစ်ရှာ


မယ်ကမ္ဘာ မြန်မာအလှမယ်ပြိုင်ပွဲ ဆန်ခါတင်စာရင်းဝင် စူပါမော်ဒယ် ပက်ထရစ်ရှာသည် လေ့ကျင့်ရေးရက်များတွင် ပုံမှန်လာရောက်ခြင်း မရှိသော ကြောင့် ပြိုင်ပွဲမှထုတ်ပယ်လိုက်ကြောင်း မယ်ကမ္ဘာမြန်မာ၏ တရားဝင် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် စက်တင်ဘာ ၁၀ ရက်က ထုတ်ပြန်ထားသည်။

‘‘Activities လုပ်တဲ့နေရာမှာတော့ အမြဲတမ်းပါပါတယ်။ အဓိကကတော့ Training ရက်တွေမှာ ပုံမှန်မလာလို့ပါ။ ပထမတစ်ခေါက်ကလည်း အဲဒီလိုဖြစ်လို့ ကျွန်တော်တို့ဘက်က အချိန်ပေးခဲ့ပါတယ်။ ဒုတိယအကြိမ်ကျတော့ ကျွန်တော် တို့က သူတစ်ယောက်တည်းနဲ့ လုပ်ရတာမဟုတ်ဘူး အများနဲ့လုပ်ရတာ’’ ဟု Forever BEC-Tero ကန်ထရီး မန်နေဂျာ ဦးစိုးသူရ က ပြောသည်။

သို့သော်လည်း ပြိုင်ပွဲမှ ထုတ်ပယ်ခံရသည့် အကြောင်းအရာနှင့် ပတ်သက်၍ ပက်ထရစ်ရှာက ၎င်း၏ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ‘‘ပရိသတ်တွေ အထင်လွဲ မှာစိုးလို့ ရှင်းပြပါရစေရှင်။ Patricia ဘက်က camp သွင်းထားတဲ့နေ့ရက်တွေမှာ တစ်ရက်မှ မပျက်ကွက်ခဲ့ပါရှင်။ ပရိသတ်တွေ Voting လုပ်ဖို့ Photo shoot ရိုက်ကူးတဲ့နေ့မှာတောင် အဖျားတွေ အရမ်းတက်ပြီး ဘယ်လိုမှနေလို့မရတော့ တဲ့ အခြေအနေမှာတောင် အားမွေးပြီး သေသေချာချာ ဓာတ်ပုံရော၊ ဗီဒီယိုပါ ရိုက်ကူးပေးခဲ့ပါတယ်။ အခု Miss Myanmar World page က တင်ထားတဲ့ status က Patricia ကို ပြိုင်ပွဲတစ်လျှောက်အားပေးနေတဲ့ ပရိသတ်တွေနဲ့ Patricia ကြားမှာ အထင်လွဲစေပါတယ်’’ဟု ရေးသားကာ ပြန်လည်တုန့်ပြန်ထား သည်။ ထို့ပြင် လေ့ကျင့်ရေး ပျက်သည့်နေ့မှာလည်း Miss Myan mar World ပြိုင်ပွဲမှ ဒိုင်လူကြီး တစ်ဦးက ခွင့်ပေးသောကြောင့် ကြော်ငြာလက်ခံ ရိုက်ကူးခဲ့ ခြင်းဖြစ်ပြီး ကြော်ငြာရိုက်ကူးနေသည့် အချိန်တွင် ယင်းအဖွဲ့အစည်းဘက်မှ မလာသည့် အကြောင်းရင်းကို ဖုန်းဆက်၍ မေးမြန်းခဲ့ကြောင်း ရေးသားထား သည်။

‘‘Patricia မနေ့က ရိုက်ကူးနေတဲ့ ကြော်ငြာမှာလည်း Professional တွေ အားလုံး နဲ့အလုပ်လုပ်နေရတာပါ။ Patricia စိတ်တွေအရမ်းညစ်လာပြီး အာရုံနောက်လို့ ဆက်မပြိုင်ဖြစ်တော့ကြောင်း အသိပေးခဲ့တာပါ။ Patricia ဘက်က ပျက်ကွက်လို့ ထုတ်ပယ်တယ်ဆိုတဲ့ စကားကို လုံးဝလက်မခံနိုင်ပါ’’ဟု ရေးသားထားသည်။

ယင်းပြိုင်ပွဲတွင် ပရိသတ်များ၏ တိုက်တွန်းမှုကြောင့် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သော်လည်း ယခုကဲ့သို့ ဖြစ်ခဲ့ရသောကြောင့် အားပေးနေသည့် ပရိသတ်များ ကို အားနာကြောင်း ၎င်းကရေးသားထားသည်။

‘‘ဆယ့်ကိုးယောက်နဲ့ပဲ ပွဲကို ဆက်လုပ်သွားမှာပါ။ ၁၆ ရက်မှာ စင်ကာပူသွား မယ်။ ၁၉ ရက်မှာ ဖူးခက်ကိုသွားမယ်။ အဲဒီမှာလည်း အလှအပနဲ့ ပတ်သက်တာ တွေကို ထရိန်နင်ပေးမယ်။ ပြန်လာရင်လည်း ဖိုင်နယ်အတွက် ထရိန်နင် ဆက်ပေးသွားမယ်’’ ဟု Miss Myanmar World ၏ အစီအစဉ်များကို ဦးစိုးသူရ က ပြောသည်။

Myanmar News Media

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...