စီအက်စ်ကေအေနှင့် ကစားမည့် ချန်ပီယံလိဂ်ပွဲ မတိုင်မီ မော်စကိုမြို့ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေသော ဘိုင်ယန်အသင်းသည် မီးသတိပြု အချက်ပေးသံများကြောင့် အိပ်နေရာမှာ ရုတ်တရက် နိုးခဲ့ရပြီး ဟိုတယ် အပြင်ဘက်တွင် တစ်နာရီကြာ စောင့်ဆိုင်းခဲ့ရကြောင်း ဒေးလီးမေးလ် သတင်းစာက ဖော်ပြ သွားသည်။ ဒေသစံတော်ချိန် ည ၁၂ နာရီမထိုးမီ ဟိုတယ်အတွင်း မီးသတိပြု အချက်ပေး သံများ ထွက်ပေါ် လာခြင်းဖြစ်ပြီး အပူချိန် ၁၀ဒီဂရီသာ ရှိသော မော်စကိုမြို့၏ လမ်းမပေါ်တွင် ဘိုင်ယန်အသင်း သားများ စောင်ခြုံ၍ စောင့်ဆိုင်းခဲ့ရကြောင်း သိရသည်။
မန်ယူအသင်း ခံစစ်ပိုင်း လျော့ရဲမှုကို စိတ်မချခြင်းကြောင့် ၀က်စ်ဟမ်း တောင်ပံကစားသမား ဒေါင်းနင်းကို ရွန်နီ ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ခဲ့ခြင်းဟု အင်္ဂလန် တိုက်စစ်မှူးဟောင်း အလန်ရှီးယားက The Sun သတင်းစာမှတစ်ဆင့် သုံးသပ်ခဲ့သည်။ ၀က်စ်ဟမ်းကို (၂-၁)ဂိုးဖြင့် အနိုင်ရခဲ့သော ပွဲတွင် ဒေါင်းနင်းကို နောက်မှ ကန်ခဲ့ခြင်းကြောင့် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည့် ရွန်နီမှာ ၎င်း၏ပြစ်ဒဏ်ကို အယူခံဝင်မည် မဟုတ်၍ ချဲလ်ဆီးနှင့် ကစားရမည့်ပွဲစဉ်ကို လွဲချော်ရတော့မည်ဖြစ်သည်။
စပါးနှင့် ၁-၁ ဂိုးစီ သရေကျခဲ့သည့်ပွဲစဉ်တွင် ဒဏ်ရာ ပြဿ နာ အနည်းငယ် ကြုံတွေ့ခဲ့သည့် အာဆင်နယ် ကွင်းလယ်လူ ၀ီလ်ရှီးယားအနေဖြင့် ဂါလာတာစာရေးနှင့် ကစားရမည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပါဝင်နိုင်ရန် ရာနှုန်းများနေကြောင်း သိရသည်။ သို့သော် အာဆင်နယ်အတွက် တံကောက်ကြောဒဏ်ရာ ရှိနေသည့် ရမ်ဆေး၊ ခြေသလုံးကြွက်သား
ဒဏ်ရာရခဲ့သော အာတီတာတို့ ပါဝင်နိုင်မည်မဟုတ်ပေ။ ရမ်ဆေးမှာ အဆိုပါဒဏ်ရာကြောင့် သီတင်းပတ် ခြောက်ပတ်အနားယူရမည်ဖြစ်သည်။
လိုင်ယွန်နှင့်ပွဲတွင် ဖနောင့်ကြောဒဏ်ရာ ရရှိခဲ့ပြီးနောက် ကိန်း၊ တူးလော့စ်တို့နှင့် ကစားခဲ့သည့် ပွဲစဉ်များကို လွဲချော်ခဲ့သည့် ပီအက်စ်ဂျီ တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် ဘာစီလိုနာနှင့်ပွဲစဉ်ကို လွဲချော်ရမည်ဖြစ်ကြောင်း သိရသည်။ အီဘရာဟီမိုဗစ်သည် ယခုရာသီတွင် ပီအက်စ်ဂျီအတွက် လီဂူး-၁ သွင်းဂိုး (၅)ဂိုး သွင်းယူပေးထားနိုင်သူဖြစ်သည်။ သို့သော် ဘာစီလိုနာနည်းပြ အန်းနရစ်က အီဘရာဟီမိုဗစ် မပါဝင်နိုင်သော်လည်း ပီအက်စ်ဂျီအသင်း မိမိတို့ကို ခြိမ်းခြောက်နိုင်စွမ်းရှိကြောင်း အသင်းသားများကို သတိပေးခဲ့သည်။
ချဲလ်ဆီးတောင်ပံကစားသမား ဟာဇတ်က ယခုရာသီတွင် မိမိတို့အသင်း ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်လိမ့်မည်ဟု ယုံကြည်ထားကြောင်းပြောသည်။ ချဲလ်ဆီးသည် ၂၀၁၂ခုနှစ် မြူးနစ်ဗိုလ်လုပွဲတွင် အိမ်ရှင်ဘိုင်ယန်မြူးနစ်ကို ပင်နယ်တီ (၄-၃)ဂိုးဖြင့် အနိုင်ယူကာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ်ဖလား ရရှိခဲ့ဖူးသည်။
ဂရန်နာဒါကို (၆)ဂိုးပြတ် အနိုင်ရခဲ့သည့်ပွဲစဉ်တွင် ၂ဂိုးသွင်းယူနိုင်ခဲ့သည့် ဘာစီလိုနာ တိုက်စစ်မှူးမက်ဆီမှာ ပရော်ဖက်ရှင်နယ် ကစားသမားဘ၀တစ်လျှောက် သွင်းဂိုး ၄၀၀ ကျော်လွန်သွားခဲ့ကြောင်း သိရသည်။ မက်ဆီသည် ဘာစီလိုနာအတွက် ၃၅၉ဂိုး သွင်းယူပေးခဲ့ပြီး အာဂျင်တီးနားအတွက် ၄၂ဂိုး သွင်းယူပေးနိုင်ခဲ့ခြင်းကြောင့် စုစုပေါင်း သွင်းဂိုး ၄၀၁ ဂိုး ရရှိခဲ့သည်။
Nz(ရိုးရာလေး)

0 comments:
Post a Comment