Tuesday, September 30, 2014

စက်တင်ဘာ ၂၇ ရက်၌ ရောင်းချသည့် Telenor ဆင်းမ်ကတ်များ နိုင်ငံ ၅ နိုင်ငံသို့ အပြန်အလှန် ခေါ်ဆိုနိုင်မည်


မန္တလေးမြို့၌ စက်တင်ဘာလ ၂၇ ရက်တွင် စတင်ရောင်းချသည့် Telenor ဆင်းမ်ကတ်များသည် နိုင်ငံ ၅ နိုင်ငံသို့ အပြန်အလှန်ခေါ်ဆိုမှု ပြုလုပ်နိုင်မည်ဟု Telenor Myanmar ၏ CEO ဖြစ်သူ Mr. Petter Furberg ကပြောသည်။
Roaming အနေဖြင့် ပြည်ပဖုန်းခေါ်ဆိုမှု ပြုလုပ်နိုင်သည့် နိုင်ငံ ၅ နိုင်ငံနှင့် ပြည်ပခေါ်ဆိုမှုအတွက် ကျသင့်ငွေကို စတင်ရောင်းချသည့် နေ့၌ကြေညာပေးမည်ဟု Petter ကပြောဆိုခဲ့ပြီး ဆင်းမ်ကတ်များကိုမူ ၁၅၀၀ ကျပ်ဖြင့်သာ ရောင်းချမည်ဟု သိရသည်။

ဆင်းမ်ကတ်များကို မန္တလေးမြို့၌ ရောင်းချပြီး တစ်ပတ်ကြာ မြင့်သည့်အခါ နေပြည်တော်တွင် ရောင်းချ မည်ဟု သိရသည်။ ရန်ကုန်မြို့ ၌ အောက်တိုဘာ လဆန်းပိုင်းတွင် စတင်ရောင်းချမည်ဖြစ်ပြီး ဒီဇင်ဘာလ အတွင်း ဧရာဝတီ၊ ပဲခူးအရှေ့ပိုင်း၊ ပဲခူးအနောက်ပိုင်း၊ ကရင်၊ မကွေး၊ မွန်၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်တောင် ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများရှိ မြို့နယ်တချို့၌ ရောင်းချပေးနိုင်မည်ဟု သိရသည်။

Telenor ၏အဓိက ပြိုင်ဘက်ဖြစ်သည့် Ooredoo သည် မိုဘိုင်းဖုန်းပြောဆိုခကို အခြားသော အော်ပရေတာ များ၏ မိုဘိုင်းနံပါတ်များကို ခေါ်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ် ကောက်ခံသော်လည်း Telenor သည် မည်သည့်အော်ပရေတာကို ခေါ်ဆိုသည်ဖြစ်စေ တစ်မိနစ်လျှင် ၂၅ ကျပ်သာ ကောက်ခံမည်ဟုသတင်း ထုတ်ပြန်ခဲ့သည်။

ငွေဖြည့်ကတ်များကို ၁ ထောင်တန်၊ ၃ ထောင်တန်၊ ၅ ထောင် တန်၊ ၁ သောင်းကျပ်ဟူ၍ Telenor က ထုတ်လုပ်ထားပြီး အီလက်ထရွန်နစ်စနစ်ဖြင့် ငွေဖြည့်သွင်းနိုင်ရန်လည်း စီစဉ်ထားသည်ဟုသိရသည်။ ထို့အပြင် မိုဘိုင်းဖုန်းစာတို ပို့စနစ်အတွက် အခြားသော အော်ပရေတာများက စာတစ်စောင်လျှင် ၂၅ ကျပ်နှုန်း ကောက်ခံသော်လည်း Telenor သည် စာတစ်စောင်အတွက် ကျသင့်ငွေကို ၁၅ ကျပ်နှုန်း သတ်မှတ်ထားသည်ဟု သိရသည်။

Telenor ၏ မိုဘိုင်းဆင်းမ် ကတ်များကို မန္တလေးမြို့၌စတင် ရောင်းချရသည်မှာ ကွန်ရက်တည်ဆောက်ရာတွင် လျင်မြန်စွာပြီးစီးသည့် အတွက်ဖြစ်ပြီး လက်ရှိအချိန်၌ မန္တလေးမြို့တွင် တာဝါတိုင်ပေါင်း ၇၀ ခန့်ကို တည်ဆောက်ပြီးစီး ခဲ့သည်ဟု Petter ကပြောသည်။

ထို့အပြင် ဆင်းမ်ကတ်ရောင်းချရာ၌ ID ကတ်တစ်ခုလျှင် ဆင်းမ်ကတ် ၃ ကတ်ရောင်းချရန် ညွှန်ကြား ထားသည်ဟုလည်း ၎င်းကပြောသည်။ Telenor မှပြည်ပသို့ အပြန်အလှန် ခေါ်ဆိုနိုင်မည့် ၅ နိုင်ငံမှာ မလေးရှား၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန် နိုင်ငံတို့ဖြစ်သည်။

-မြင့်ကျော်လှိုင်

Internet Journal

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...