Monday, October 13, 2014

မြန်မာအသင်း ကွာတားတက်ရန် ယနေ့ အဆုံးအဖြတ် ကစားရမည်


ရန်ကုန် အောက်တိုဘာ ၁၂

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အာရှယူ- ၁၉ ပြိုင်ပွဲအုပ်စု(က)နှင့် (ဂ)ပွဲစဉ် များကို အောက်တိုဘာ ၁၃ ရက်တွင် ဆက်လက် ကျင်းပမည် ဖြစ်ပြီး အိမ်ရှင် မြန်မာအသင်းမှာ ကွာတား ဖိုင်နယ် တက်ရေး အဆုံးအဖြတ်ပွဲအဖြစ် အီရန်အသင်းနှင့် ကစားရမည် ဖြစ်သည်။မြန်မာအသင်းမှာ ဒုတိယပွဲတွင် ထိုင်းအသင်းကို အနိုင်ရရှိခဲ့သောကြောင့် ကွာတားတက်ရန် အခြေ အနေ ကောင်းသွားခြင်း ဖြစ်သည်။ အောက်တိုဘာ ၁၂ ရက်ပွဲစဉ်များ အပြီးတွင် အုပ်စု (က)၌ အိမ်ရှင် မြန်မာ အသင်းနှင့် ယီမင်အသင်းတို့က လေးမှတ်စီ၊ ထိုင်းအသင်းက သုံးမှတ် ရရှိထားပြီး နောက်တစ်ဆင့်တက်ရန် အပြိုင် ဖြစ်နေသည်။ မြန်မာအသင်းမှာ နောက်ဆုံးပွဲ၌ အီရန်အသင်းကို သရေကစားနိုင် ရုံဖြင့် နောက် တစ်ဆင့် တက်နိုင်မည် ဖြစ်ပြီး အုပ်စုပထမ နေရာရရန်အတွက် အနိုင်ကစား ရမည်ဖြစ်သည်။ မြန်မာ အသင်းနှင့် ကစားရမည့် အီရန်အသင်းမှာ နှစ်ပွဲစလုံးရှုံးထားပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရပြီ ဖြစ်သည်။ အုပ်စု နောက်ဆုံး ပွဲစဉ်များကို တစ်ချိန်တည်းကစားမည်ဖြစ်ပြီး ညနေ ၆ နာရီခွဲတွင် သုဝဏ္ဏကွင်း၌ မြန်မာနှင့် အီရန်၊ ဝဏ္ဏသိဒ္ဓိကွင်း၌ ထိုင်းနှင့် ယီမင်အသင်းတို့ ကစားမည် ဖြစ်သည်။

အုပ်စု(ဂ)နောက်ဆုံးပွဲစဉ်များကိုလည်း ယနေ့ ညနေ ၃ နာရီခွဲတွင် သုဝဏ္ဏကွင်းနှင့် ဝဏ္ဏသိဒ္ဓိကွင်း၌ ကျင်းပမည်ဖြစ်သည်။ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င်ခွင့်ရရှိရန် ကြိုးပမ်းနေသည့် မြန်မာအသင်းအနေဖြင့် ပထမအဆင့်အဖြစ် ကွာတားဖိုင်နယ် ရောက်ရှိအောင် ပရိသတ်အားပေးမှုဖြင့် ခြေကုန်ထုတ်၍ ကြိုးပမ်း ရမည် ဖြစ်သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...