Saturday, October 25, 2014

ဗီအာဂရာဆေးသည် ရာသက်ပန် မျက်စိကွယ် နားပင်းနိုင်၍ သတိပြုရန်လို



အမျိုးသားများ သောက်သုံးသော ဗီအာဂရာဆေးသည် မျက်စိရောဂါ ပြဿနာရှိ သူများနှင့် မျက်စိရောဂါ မရှိသူများ ပင်လျှင် မျက်စိကွယ်နိုင်ကြောင်း လေ့လာဆန်းစစ်မှု အရ သိရသည်။

သြစတြေးလျ သုတေသီများက ပန်းသေပန်းညှိုးရောဂါ ပျောက်ဆေးများတွင် ပါဝင်သော ဓာတ်ပစ္စည်း တစ်မျိုးသည် မျက်စိရောဂါအခံ ရှိသူများ ရာသက်ပန် မျက်စိကွယ်စေ နိုင်သည်ဟု ဆိုကြသည်။ ဗီအာဂရာဆေးသည် မျက်စိကောင်းသူများ သုံးစွဲပါကလည်း ၎င်းတို့တွင် မျက်စိရောဂါ ဖြစ်နိုင်ခြေရှိသော မျိုးရိုးဗီဇပါလာ သူဖြစ်ခဲ့လျှင် မျက်စိကွယ်နိုင် သည်ဟု သိရသည်။

သီအိုရီတစ်ခုမှာ ပန်းသေပန်းညှိုးရောဂါ ပျောက်ဆေးများသည် မျက်စိနောက်ဘက်ရှိ ရက်တီနာမှ ဦးနှောက်သို့ အလင်းဆစ်ဂနယ်များ ထုတ်လွှတ်ပေးခြင်း အတွက် အရေးကြီး သော အင်ဇိုင်းတစ်မျိုးကို ပိတ်ဆို့ထားနိုင်သဖြင့် ယင်းဆေးသောက် သုံးသူများ မျက်စိ ကွယ်နိုင်ခြင်း ဖြစ်သည်။ ထို့အပြင် ဆီလ်ဒင်နာဖေးလ်ခေါ် ပန်းသေပန်းညှိုး ရောဂါ ပျောက်ဆေးသည် အချို့ကျန်းမာရေး ကောင်းသူများကို ပင်လျှင် ယာယီမျက်စိ ကွယ်စေသော ရောဂါကို ဖြစ်စေနိုင်ကြောင်း သိရသည်။ ယခုအခါ ဆရာဝန်များက ဤဆေး သောက်သုံးသော လူတို့၏ မျက်စိအမြင်လွှာသည် ရာသက်ပန် ပျက်စီးစေနိုင်ကြောင်း သတိပေးထားကြသည်။ မျက်စိကောင်းသူများထက် မျက်စိမကောင်း သူများက ပို၍ မျက်စိကွယ်စေ နိုင်ပြီး မျက်စိ ကောင်းသော်လည်း အချို့မျိုးရိုး ဗီဇအရ မျက်စိအမြင်ပိုင်း ထိခိုက်နိုင်သူများအဖို့ ရာသက်ပန် မျက်စိ ကွယ်စေနိုင်သည်ဟု သိရသည်။ အဆိုပါ ရောဂါက Retinitis Pigmen-tosa ဟုခေါ်ပြီး ရှားပါးလှသည့် မျိုးရိုးဗီဇ လိုက်သော ရောဂါဖြစ်သည်။ ယင်းရောဂါသည် Retina ခေါ် မျက်စိ နောက်ဘက် အမြင်လွှာ အတွင်းရှိ ဆဲလ်များ ပျက်စီးနိုင်သည့် ရောဂါ အလင်းရောင်ကို ဖော်ထုတ် သိနိုင်သော အပိုင်း ပျက်စီးသွားစေ၍ ရာသက်ပန် မျက်စိ ကွယ်သွားစေနိုင်သည်။ လူ ၅ဝ ဦးလျှင် တစ်ဦးခန့်သာ ဖြစ်တတ်သည်။

အလင်းရောင်မှိန်လျှင် သိပ်မမြင်ရဘဲ တစ်ခါတစ်ရံ မျက်စိ ကွယ်သွားတတ်သည်။ ၂ဝ၁၁ ခုနှစ် ကလည်း ဗီအာဂရာနှင့် အလားတူ ပန်းသေပန်းညှိုး ရောဂါပျောက်ဆေးသည် တစ်ကမ္ဘာလုံး၌ ရုတ်တရက် နားပင်းသွားသောဖြစ်စဉ် ရာနှင့်ချီ၍ ရှိခဲ့ကြောင်း သိရသည်။ လာရင်ဂိုးစကုပ် ဂျာနယ်၌ သုတေသီများ ထုတ်ပြန်ထားသည်မှာ အဆိုပါ နားပင်းသွားခြင်း ပြဿနာမှာ မည်မျှကြာကြာ ဖြစ်သွားနိုင်သည်ကို မသိရဟု ဆိုသည်။ အဆိုပါ နားပင်းရောဂါမှာ နားထဲ ရောဂါပိုးဝင်ခြင်း နှင့် ဆူညံသံ အကျယ်ကြီး နားထဲဝင်သွားခံရခြင်း တို့ကဲ့သို့ ရာသက်ပန် နားအကြားပိုင်း ပျက်စီးသွားနိုင်သည်။

 ၂ဝ၁၄ ခုနှစ် အစောပိုင်းက အမေရိကန် သုတေသီများ လေ့လာမှု ပြုခဲ့ရာတွင် ဗီအာဂရာဆေး သောက်သုံး သူများ၏ ၈၄ ရာခိုင်နှုန်းသည် ပဲလာနိုးမားခေါ် အသက်သေနိုင်သော အရေပြား ကင်ဆာကို ဖြစ်စေရန် အလားအလာ ရှိကြောင်း သိရသည်။ သြစတြေးလျနိုင်ငံ နယူးဆောက်ဝေး တက္ကသိုလ်မှ သုတေသီများက ကျန်းမာသော ကြွက်များနှင့် မျိုးရိုးဗီဇ ပြောင်းထားသော ကြွက်များကို ဆီလ်ဒင်နာဖေးလ် ဆေးကျွေး စမ်းသပ်ကြည့်ရာတွင် ကျန်းမာရေး ကောင်းသော ကြွက်များသည် နှစ်ရက်မျက်စိ ကွယ်သွားခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ မျိုးရိုးဗီဇ ပြောင်းလဲထားသော ကြွက်များဆိုလျှင် နှစ်ပတ်ကြာ မျက်စိကွယ်သွားကြောင်း သိရသည်။

သုတေသီများ စောစောပိုင်းက ရှာဖွေတွေ့ရှိရာတွင် ကြွက်များ၏ မျက်စိဆဲလ်များ သေသွားခဲ့ကြောင်းနှင့် လူများဆိုလျှင် မျက်စိ ကွယ်သွားကြောင်း တွေ့ရသည်။ မျက်စိနှင့် အမြင်ပိုင်းဆိုင်ရာ သိပ္ပံပညာကျောင်းမှ ဒေါက်တာ လီဆာနီဗစ် ဆင်စမစ်၏ ပြောကြားချက်အရ မျက်စိ အမြင်လွှာ Retina ထဲတွင် ဆဲလ်များ သေကုန်ပြီဆိုလျှင် မျက်စိကွယ်သွား ပါတော့သည်။ မျက်စိ အမြင်ကောင်းသော သူများဖြစ်ကြသော်လည်း မျိုးရိုးဗီဇဆိုင်ရာ Retinitis Pigmentosa ရှိသူများတွင် ဆီလ်ဒင်နာဖေးလ်ကြောင့် ပြောင်းလဲမှုများဖြစ်ပေါ် နိုင်သည်။

မျက်စိစမ်းသပ် စစ်ဆေးမှု သုတေသန ဂျာနယ်၌ လေ့လာချက်ကို ဖော်ပြထားရာတွင် ပြီးခဲ့သည့်နှစ်က ဆေးဝါးမူပိုင်ခွင့် ကုန်ဆုံး သွားခဲ့ပြီးနောက် ဗြိတိန်၌ ဗီအာဂရာဆေး အသုံးပြုသူများသဖြင့် ခိုင်မြဲအောင်ထိန်း ချုပ်ထားခဲ့သည်။ ဗီအာဂရာဆေး ဈေးနှုန်းမှာ ၉၃ ရာခိုင်နှုန်း အထိ တက်သွားခဲ့သည်။ အခြား ဈေးပေါသော ဆေးများလည်း ပေါ်လာပြီ ဖြစ်သည်။ သို့ဖြစ်၍ ဗီအာဂရာဆေးမှာ ဘေးထွက် ဆိုးကျိုးဖြစ်သော ရာသက်ပန် မျက်စိကွယ်ခြင်းနှင့် နားပင်းခြင်းတို့ ဖြစ်စေနိုင်သောကြောင့် သတိပြုနိုင်ကြရန် ရေးသားလိုက် ရပါသည်။

မြဝတီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...