အောက်တိုဘာ ၁၄ ရက်၊ ၂၀၁၄ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီးအတွင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့အကြား အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး တည်ဆောက်နေစဉ်ကာလအတွင်း တိုင်းရင်းသားဒေသများတွင် သဘာဝသယံဇာတ ထုတ်ယူသုံးစွဲမှုလုပ်ငန်းများ၊ မြေယာသိမ်းဆည်းမှုများအားလုံးကို ရပ်တန့်ထားရန်၊ လုပ်ပိုင်ခွင့်အသစ်များ ချမပေးရန် ဒေသတွင်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းလေးခုဖြစ်သည့် တာကပေါ၊ Community Sustainable And Live- lihood Development (CSALD)၊ Trip-Net နှင့် Dawei Development Association (DDA) တို့နှင့်အတူ ထားဝယ်ဒေသတွင်း သတ္တုတူးဖော်ရေးစီမံကိန်းများတည်ရှိရာ ဒေသများမှ ကျေးရွာ ၄၆ ရွာ၏ ကိုယ်စားလှယ် ၁၂၅ ဦးတို့က စုပေါင်းလက်မှတ်ရေးထိုး၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ကရင် အမျိုးသား အစည်းအရုံး (KNU တပ်မဟာ(၄) မြိတ်၊ ထားဝယ်ခရိုင်ဥက္ကဠ) တို့နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန များအား အချက်ခုနစ်ချက်ပါစာဖြင့် အောက်တိုဘာ ၁၃ ရက် က တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့အကြား အပစ်အခတ်ရပ်စဲပြီးကာလနောက်ပိုင်း အလုံး အရင်းဖြင့် ဝင်ရောက်လာသော သဘာဝသယံဇာတထုတ်ယူသုံးစွဲမှု လုပ်ငန်းများ၊ မြေယာသိမ်းဆည်း မှုများ၊ ပြည်သူလူထုနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်စေသည့် စီးပွားရေးစီမံကိန်း များ၏ ဒေသခံများ အပေါ် ထိခိုက်စေမှုများအတွက် မိမိတို့အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ဒေသခံများအနေဖြင့် အလွန်အမင်းစိုးရိမ်မကင်းဖြစ်ရကြောင်း တောင်းဆိုချက်ထဲတွင် ရေးသားဖော်ပြထားခဲ့သည်။
“အပစ်အခတ်ရပ်စဲခြင်းကာလအတွင်း တိုင်းရင်းသားဒေသတွေမှာ သတ္တုလုပ်ငန်းနဲ့ စိုက်ပျိုးရေး စီမံကိန်းတွေကို အစိုးရအနေနဲ့ ခွင့်ပြုချက်တွေ ချထားပေးခဲ့ပါတယ်။ ကုမ္ပဏီကနေ တင်ပြလာတာကို အစိုးရတာဝန်ရှိသူတွေက မြေပုံပေါ်မှာကြည့်ပြီးတော့ပဲ စီမံကိန်းအတွက် ခွင့်ပြုပေးခဲ့တယ်။ တကယ်တမ်း အပြင်မှာတော့ သူတို့ချထားပေးလိုက်တဲ့မြေတွေက ဒေသခံတိုင်းရင်းသားတွေရဲ့ရွာတွေ နဲ့ စိုက်ပျိုးမြေတွေ ဖြစ်နေတယ်။ ဒီနေရာမှာ ဒေသခံတွေရဲ့အားနည်းချက်က သူတို့ရဲ့ရွာတွေ၊ စိုက်ပျိုးမြေတွေ က ပြည်ထဲရေးမှာ မြေပုံအတိအကျနဲ့ ရွာအဖြစ် အမည်မပေါက်သေးတာတွေကြောင့်ပါ။ ဒီတော့ စီမံကိန်း လုပ်ဖို့အတွက် အစိုးရက ခွင့်ပြုလိုက်တဲ့နေရာကို ကုမ္ပဏီကဝင်လာတော့ ဒေသခံတွေနဲ့ ပိုင်ဆိုင်မှု အငြင်းပွားပြီးပြဿနာတွေဖြစ် လာတာဖြစ်ပါတယ်။ အစိုးရအနေနဲ့လည်း ဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့ လိုတယ်။ Cease Fire လုပ်ပြီး အစိုးရနဲ့ KNU တို့ နယ်နိမိတ်တွေ ပိုင်းခြားသတ်မှတ်ပြီးရင်တော့ စနစ်တကျ လုပ်မယ်ဆိုရင် ပိုကောင်းတာပေါ့။ အခုက နှစ်ဖက်အုပ်ချုပ်မှုသက်ရောက်နေတဲ့ဒေသက တိုင်းရင်းသားဒေသခံတွေ အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ပြီး အခက်အခဲတွေဖြစ်စေပါတယ်” ဟု ဒေသခံ ကရင်တိုင်းရင်းသားများအတွက် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် တာကပေါ အဖွဲ့မှ နော်ပီသလောက ပြောကြားသည်။
Eleven Media Group
0 comments:
Post a Comment