အီရန်အသင်း၏ တိုက်စစ်ဆင်မှုကို ဂိုးသမား မျိုးမင်းလတ်ကာကွယ်နေစဉ် (ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ))
ဗိုလ်ဗိုလ်ဝင်း၊ ချစ်ဝိုင်း
အီရန်အသင်းနှင့် အုပ် စုနောက်ဆုံးပွဲတွင် လက်စွမ်းပြခဲ့သည့် မြန်မာဂိုးသမား မျိုးမင်း လတ်အား အကောင်းဆုံး ကစားသမား ဆုပေးအပ်သင့်ကြောင်း မြန်မာယူ-၁၉ အသင်းနည်းပြချုပ်ဂတ်ဖရိုင်းဒရစ်က ချီးကျူးခဲ့သည်။‘‘ကျွန်တော့်အနေနဲ့ ဂိုးသမားမျိုးမင်းလတ်ကို ဒီပွဲစဉ်ရဲ့ အကောင်းဆုံး အားကစားသမား ဆုပေးရ မလိုဖြစ်နေတယ်။ ကျန်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်က ဒီပွဲမှာ မကောင်းပါဘူး။ လူစားဝင် ကစားသမားတွေလည်း ဘာမှမလုပ်ပြနိုင်ခဲ့ဘူး။ ကျွန်တော့်မှာ ပြဿနာတစ်ခုရှိတယ်။ အဲဒါကတော့ ကျွန်တော့်အသင်း ရဲ့ ပထမ ၁၁ ဦးက အကောင်းဆုံး ဖြစ်ပါတယ်။ သူတို့ဒဏ်ရာအနာ တရဖြစ်ရင် ကျွန်တော့်မှာ အခက် အခဲဖြစ်စေတာပါ’’ဟု အောက်တို ဘာ ၁၃ ရက်က သုဝဏ္ဏကွင်းတွင် ကျင်းပခဲ့သည့် အီရန်အသင်း ကို (၀-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲအပြီး သတင်းစာရှင်းလင်းပွဲ၌ မစ္စတာဂတ်က ပြောသည်။
သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် ယင်းပွဲ၌ အီရန် အသင်းသည် မြန်မာအသင်းအား ပွဲအစမှ ဖိအားပေးကစားခဲ့ပြီး မြန်မာဘက်သို့ ဂိုးသွင်းခွင့်များစွာ ရရှိခဲ့သည်။ အီရန်ရှေ့တန်းကစား သမားများ အဆုံးသတ်အားနည်း မှုနှင့် မျိုးမင်းလတ်လက်စွမ်းပြ ကာကွယ်နိုင်ခဲ့မှုများကြောင့်သာ ယခုရလဒ်ထက် ဂိုးမပြတ်ခဲ့ခြင်း ဖြစ်သည်။ အီရန်အသင်း၏ ထိုးဖောက်မှုများက မြန်မာနောက်တန်းကို အလုပ်ရှုပ်စေခဲ့ပြီး အကယ်၍ လေးဂိုးပြတ်သွားလျှင် မြန်မာအုပ်စုမှ ထွက်ရမည်ဖြစ်သည်။
ဝဏ္ဏသိဒ္ဓိကွင်းတွင် တစ် ပြိုင်နက်ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲ၌ ထိုင်းအသင်းက ယီမင် အသင်းကို (၃-၂) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် အုပ်စု (က)နောက်ဆုံးပွဲစဉ်များအပြီးတွင် ထိုင်းအသင်းက နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ ရမှတ်ခြောက်မှတ်ဖြင့် အုပ်စု ပထမ၊ တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ်ရရှိထားသည့် မြန်မာနှင့် ယီမင်အသင်းတို့က ရမှတ်လေးမှတ်စီတူညီသော်လည်းဂိုးကွာခြားချက်တွင် တစ်ဂိုးအသာရခဲ့သည့် မြန်မာ အသင်းက အုပ်စုဒုတိယဖြင့် ကွာတားအဆင့်သို့ တက်ရောက်နိုင်ခဲ့ သည်။
အာရှယူ-၁၉ ပြိုင်ပွဲအုပ်စု (ခ)နှင့် အုပ်စု(ဃ)နောက်ဆုံးပွဲ စဉ်များကို အောက်တိုဘာ ၁၄ ရက်တွင် ကျင်းပမည်ဖြစ်သည်။ အုပ်စု(ဃ)ပွဲများအဖြစ် ကာတာ နှင့် အိုမန်ပွဲကို သုဝဏ္ဏကွင်းတွင် လည်းကောင်း၊ အီရတ်နှင့် မြောက်ကိုရီးယားအသင်းပွဲကို ၀ဏ္ဏသိဒ္ဓိကွင်းတွင်လည်းကောင်း၊ ညနေ၃ နာရီခွဲ၌ တစ်ပြိုင်နက် ကျင်းပမည်ဖြစ်သည်။ အုပ်စု (ခ) ပွဲစဉ်များအဖြစ် ဥဇဘက်ကစ္စတန်နှင့် သြစတြေးလျပွဲစဉ်ကို သုဝဏ္ဏ ကွင်းတွင်လည်းကောင်း၊ ယူအေအီးနှင့် အင်ဒိုနီးရှားပွဲကို ၀ဏ္ဏသိဒ္ဓိကွင်းတွင်လည်းကောင်း ညနေ ၆ နာရီခွဲ၌ တစ်ပြိုင်နက် ကျင်းပမည်ဖြစ်သည်။
မြန်မာအသင်းသည် ကွာ တားအဆင့်တွင် အုပ်စု (ခ) မှ ပထမရရှိသည့် အသင်းယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ အုပ်စု (ခ)မှ ကွာတားအဆင့် တက်ရောက်ရန် ဥဇဘက်ကစ္စတန်၊ သြစတြေးလျနှင့် ယူအေအီး အသင်းတို့က အုပ်စုနောက်ဆုံး ပွဲစဉ်မတိုင်မီ အခွင့်အရေး ရှိနေသေးသည်။

7daydaily
0 comments:
Post a Comment