ရေစကြို အောက်တိုဘာ ၁၃
ပခုက္ကူခရိုင် ရေစကြိုမြို့နယ်ရှိ ကြက်သွန်နီစိုက်တောင်သူအများစုမှာ ကြက်သွန်နီဈေးကောင်းမရသဖြင့် ယခုနှစ် အတွင်း စိုက်ပျိုးမှုလျော့နည်းပြီး CP ပြောင်းကို အစိုက်များနေကြောင်း သိရသည်။ နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လဆန်း ရက်ရောက် ပါက ကြက်သွန်နီမျိုးဥ များကို စိုက်ခင်းအတွင်း စတင်စိုက်ပျိုးလေ့ ရှိပြီး ပြာသိုလဆန်းလျှင် ကြက်သွန် နီဥဖော်ကြရသည်ဟု သိရသည်။ ယခုအချိန်သည် ရေစကြိုမြို့နယ်အတွင်းရှိ ကြက်သွန်နီစိုက်တောင်သူများ ကြက်သွန်နီ စိုက်ချိန်ဖြစ်သော် လည်း ယခုနှစ်တွင် ကြက်သွန်နီစိုက်ပျိုးသူနည်းပါးလျက်ရှိကြောင်းကို ဇီးကုန်းကျေးရွာမှ ကြက်သွန်နီ စိုက်တောင်သူ ဦးလှသောင်းက “ကြက်သွန်နီက အခုချိန်မှာ စားဥ တစ်ပိဿာကို ငွေကျပ် ၃၀၀ ပဲရှိပါတယ်။ အခုချိန်ဈေးမကောင်းရင် ပြာသိုလထဲရောက်လို့ ဥသစ်ဖော်တဲ့အချိန်ရောက်ရင်လည်း ဈေးကောင်း မရတတ်ဘူး။ အဲဒါကြောင့် ကြက်သွန်နီစိုက်တောင်သူက ဒီနှစ်ကြက်သွန်သိပ်မစိုက်ကြဘူး၊ CP ပြောင်းတွေ စိုက်နေကြတယ်။ ဦးတို့လို ကိုယ်တိုင် ကြက်သွန်မျိုးစေ့ကို ပျိုးထောင်ပြီး ကိုယ့်မျိုးဥကို ပြန်စိုက် ကြတဲ့ တောင်သူတွေကတော့ မဖြစ်မနေ စိုက်ကြပါတယ်။
ကြက်သွန်မျိုးဥသီးသန့်ပျိုးရောင်းတဲ့ သူတွေကတော့ ဒီနှစ် အရှုံးပေါ်နေကြတယ်။ နှစ်တိုင်းဒီချိန်ဆိုရင် ကြက်သွန်မျိုးဥ တစ်ပိဿာကို ငွေကျပ် ၁၈၀၀ နဲ့အထက် ရောင်းရတယ်။ ဒီနှစ်တော့ ကြက်သွန်စားဥဈေး ကလည်း ကျနေပြီးတော့ စိုက်တဲ့သူနည်းတဲ့အတွက် မျိုးဥဈေးကောင်းမရကြဘူး။ ဒီနှစ် ကြက်သွန်မျိုးဥ တစ်ပိဿာကို စောစောပိုင်းက ငွေကျပ် ၅၀၀ ကနေ၈၀၀ လောက်အထိ ဈေးရလိုက်သေးတယ်။ အခုလောလော ဆယ်ဈေးပိုကျ သွားတယ်။ အခုမျိုးဥတစ်ပိဿာ ငွေကျပ် ၂၀၀ ပဲ ရှိတော့တယ်” ဟု ပြောပြသည်။
ရေစကြိုမြို့နယ် ဇီးကုန်းကျေးရွာမှ ကြက်သွန်မျိုးဥများသည် ကြက်သွန် မျိုးကောင်း သဖြင့် ရေစကြိုမြို့နယ် အတွင်းရှိ ကြက်သွန်နီစိုက်တောင်သူများနှင့် ရေစကြိုမြို့နယ်နှင့်အနီးတစ်ဝိုက်ရှိ အခြားကျေးရွာများမှ ကြက်သွန်နီစိုက် တောင်သူများ သည် ဇီးကုန်းကြက်သွန်မျိုးဥများကို လာရောက်ဝယ်ယူကြ လေ့ရှိသော်လည်း ယခုနှစ်တွင် ကြက်သွန်စိုက်ပျိုး သူနည်းပါးသောကြောင့် ကြက်သွန်မျိုးဥရောင်းသူများ အရှုံးပေါ်လျက်ရှိကြ သည်ဟု သိရသည်။

0 comments:
Post a Comment