သမ္မတရုပ်ရှင်ရုံအနီး မင်းမဲ့စရိုက်ဆန်စွာ နှစ်ဖက်အပြင်းအထန် ရိုက်နှက်မှုဖြစ်ပွားခဲ့သော နေရာအားတွေ့ ရစဉ်
အောက်တိုဘာ ၁၄ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့လယ်ရှိ သမ္မတရုပ်ရှင်ရုံအနီး မင်းမဲ့စရိုက် ဆန်စွာ နှစ်ဖက်အပြင်းအထန် ရိုက်နှက်မှုအား သက်ဆိုင်ရာက အမှုဖွင့်အရေးယူမှု မရှိသေးကြောင်း သိရသည်။ထို့အတူ ယင်းကဲ့သို့ မင်းမဲ့စရိုက်ဆန်စွာ နှစ်ဖက်အပြန်အလှန် ရိုက်နှက်မှုဖြစ်စဉ်မျိုး ပြီးခဲ့သည့် ဩဂုတ် ၂၈ ရက်က သာကေတမြို့နယ်၌ ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၆ ရက်ညက ဗဟန်းမြို့နယ် ရွှေတောင်ကြား (၁)ရပ်ကွက်၊ ကမ္ဘောဇလမ်းရှိGin Ki Kid စားသောက်ဆိုင် အတွင်း၌လည်း အုပ်စုဖွဲ့ရန်စ ထိုးကြိတ်မှုများ ဖြစ်ပွားခဲ့ရာ မင်းမဲ့တိုင်းပြည်လို ဖြစ်လာပြီလားဟူ၍ မေးခွန်းထုတ်မှုများ ပြည်သူများ အကြား ဖြစ်ပေါ်နေကြောင်း ပြည်သူများထံမှ သိရသည်။
အဆိုပါ မင်းမဲ့စရိုက်ဆန်စွာ ရိုက်နှက်မှု ဖြစ်ပွားခဲ့သည့် သမ္မတရုပ်ရှင်ရုံအနီး ဖြစ်စဉ်မှာ သမ္မတရုပ်ရှင်ရုံအနီး မီးရထားခုံးကျော် တံတားပေါ်၌ ကားသမားများနှင့် ဆိုက်ကားသမားများ အချင်းများရာမှ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ရိုက်နှက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သမ္မတရုပ်ရှင်ရုံရှေ့ ကားပါကင်တွင် ရပ်ထားသော ကားတစ်စီးပေါ်မှ လူရှစ်ဦးနှင့် အနီးနားရှိ ဆိုက်ကားဂိတ်မှ ဆိုက်ကားသမားများ အပြန်အလှန် အော်ဟစ်ကြိမ်းမောင်းရာမှ ရိုက်နှက်မှုဖြစ်ပွားခဲ့ပြီး အဆိုပါရိုက်နှက်မှု ဖြစ်စဉ်ကြောင့် ကားပေါ်မှ လူခြောက်ဦး ဒဏ်ရာများရရှိကာ ကားဖြင့်ပြန်လည် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ရိုက်နှက်မှုဖြစ်စဉ်တွင် ပါဝင်သော ကားပေါ်မှ လူရှစ်ဦးအနက် ကျန်ခဲ့သော လူနှစ်ဦးမှာ ဆိုက်ကားသမားများနှင့် ထပ်မံရိုက်နှက်မှု ဖြစ်ပွားပြီး အပြင်းအထန် ဒဏ်ရာများရရှိကာ ဆေးကုသမှု ခံယူနေရကြောင်းလည်း သိရသည်။
ယင်းသို့ မင်းမဲ့စရိုက်ဆန်စွာ နှစ်ဖက်ရိုက်နှက်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ မင်္ဂလာတောင်ညွန့်ရဲစခန်းရှိ ရဲအရာရှိတစ်ဦးကို ဆက်သွယ်မေးမြန်းရာ “ရန်ပွဲက သမ္မတရုပ်ရှင်ရုံအနီးမှာ စဖြစ်တယ် ပြီးတော့မှ ရိုးမဘဏ်ရှေ့မှာလည်း ထပ်ပြီးရိုက်နှက်ကြတယ်။ ဒါ့ကြောင့် ဘယ်မြို့နယ်က အမှုဖွင့်ရမလဲ စိစစ်နေတုန်းပါပဲ၊ အခုထိတော့ အဲ့ဒီရန်ပွဲက ကျွန်တော်တို့ မင်္ဂလာတောင်ညွန့်ရဲစခန်းမှာ အမှုဖွင့်ထားခြင်း မရှိသေးပါဘူး” ဟု အောက်တိုဘာ ၁၅ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။
ထို့နောက် ဒဂုံရဲစခန်းမှလည်း “ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဒဂုံရဲစခန်းမှာတော့ အမှုဖွင့်ထားခြင်း မရှိသေးပါဘူး” ဟု တာဝန်ကျ ရဲအရာရှိတစ်ဦးက ဆိုသည်။
“မနေ့က ညနေပိုင်းလောက်က တုတ်တွေဓားတွေနဲ့ ရန်ဖြစ်နေကြတာတော့ တွေ့လိုက်တယ်။ ရန်ဖြစ်ကြတဲ့ လူတွေအထဲက အချို့ကတော့ ဆေးရုံရောက်သွား ကြတယ်လို့တော့ ကြားတယ်” ဟု သမ္မတရုပ်ရှင်ရုံအနီး၌ ဖွင့်လှစ်ထားသော ကွမ်းယာရောင်းသူ တစ်ဦးကဆိုသည်။
ထို့အတူ အောက်တိုဘာ ၆ ရက်ညက ဗဟန်းမြို့နယ် ရွှေတောင်ကြား (၁) ရပ်ကွက်၊ ကမ္ဘောဇလမ်းရှိ Gin Ki Kid စားသောက်ဆိုင်အတွင်း ရန်စထိုးကြိတ်သူများကို အမှုဖွင့်ထားကာ မည်သူမည်ဝါ ပြုလုပ်သည်ဆိုသည့် အချက်အလက်များ ပေးပို့ခဲ့သော်လည်း သက်ဆိုင်ရာ ဗဟန်းရဲစခန်းက အရေးမယူသေးကြောင်း ထိုးကြိတ်ရိုက်နှက်ခံရသည့် ကိုထက်ဝေမင်း၏ မိသားစုဝင်များက ပြောကြားသည်။
အောက်တိုဘာ ၆ ရက်ည ၉ နာရီခန့်က ထိုးကြိတ်ခံရသူ ရွှေတောင်ကြားလမ်း၊ (၂) ရပ်ကွက်တွင် နေထိုင် သည့် ကိုထက်ဝေမင်း (ပါ) ငါးဦးသည် ရွှေတောင်ကြား(၁)ရပ်ကွက်၊ ကမ္ဘောဇလမ်းရှိ Gin Ki Kid စားသောက်ဆိုင်အတွင်း စားသောက်နေကြစဉ် ကိုထူးမြတ်၊ ကိုဂျူဝီ၊ ကိုဂျပန်ကြီး ဆိုသူတို့နှင့် အပေါင်းပါ ရှစ်ဦးခန့်ရောက်ရှိလာကာ ၎င်းတို့၏ ဘေးဝိုင်းတွင် ထိုင်စားသောက်ရာမှ ဆဲဆိုကြပြီး ၎င်းတို့ဘက်သို့ လှည့်ကာ ကောက်ညှင်းပေါင်းဖြင့် ပစ်ပေါက်မှုများ ပြုလုပ်ကြသည့်အတွက် ရန်ဖြစ်မည် စိုးသောကြောင့် ကိုထက်ဝေမင်းတို့ အုပ်စုမှာ ထပြန်ကြသည်ဟု မိသားစုဝင်များနှင့် ဆိုင်မန်နေဂျာတို့ထံမှ သိရသည်။
ယင်းသို့ဆိုင်မှ လှည့်အထွက်တွင် ကိုထူးမြတ်(ပါ)သုံးဦးမှာ လိုက်လာပြီး ရန်စထိုးကြိတ်မှုများ ပြုလုပ်ကြသဖြင့် ကိုထက်ဝေမင်းနှင့်အတူ ပါလာသော ကိုချစ်ဇော်ဆိုသူက ဆိုင်အတွင်း ပြန်ခေါ်လာစဉ် ကိုထူးမြတ်နှင့် ၎င်း၏လူများမှာလည်း လိုက်လာပြီး ဆိုင်အတွင်းခုံများ၊ ပုလင်းများ၊ ဖန်ခွက်များဖြင့် ပစ်ပေါက်မှုများ ပြုလုပ် ကြသည်။ ထို့ပြင် ကိုထူးမြတ်ဆိုသူ၏ လက်ထဲတွင် တစ်ထွာသာသာခန့်ရှိ ဓားပါလာပြီး အခြားသူတစ်ဦး၏ လက်ထဲတွင်လည်း ကျင်စက်ပါလာသည်ဟု ကိုထက်ဝေမင်း၏ မိသားစုဝင်များနှင့် ဆိုင်မန်နေဂျာ တို့၏ ပြောစကားအရ သိရသည်။
“ကျွန်မသားကဖြစ်ဖြစ်ချင်း ဦးနှောက်နဲ့အာရုံကြောမှာ ဆေးကုသမှု ခံယူထားရတယ်။ ရိုက်သွားသူတွေက သူနဲ့လည်းမသိ၊ နဂိုကလည်း ရန်ငြိုးရန်စလည်း မရှိပါဘူး။ အဲဒီရိုက်တဲ့လူတွေရဲ့ အကြောင်းကို ကျွန်မတို့ လိုက်စုံစမ်းတယ်။ ဘယ်သူဘယ်ဝါတွေပါဆိုပြီး ရဲစခန်းကို သတင်းအချက်အလက် ပေးပါတယ်။ ဒါပေမဲ့ အခုထက်ထိ အရေးမယူသေးပါဘူး။ ၇ ရက်နေ့က အမှုတရားဝင် ဖွင့်ထားတာ။ ဒီနေ့ ၁၄ ရက်ရှိနေပြီ” ဟု အရိုက်ခံရသည့် ကိုထက်ဝေမင်း၏မိခင် ဒေါ်သန်းသန်းဌေးက ပြောကြားသည်။
“ကျွန်တော်တို့က ရန်စမှုတွေ လုပ်နေကတည်းက ကိုထက်ဝေမင်းတို့ဝိုင်းကို သွားပြောပါတယ်။ သူတို့ကလည်း ရန်စနေတယ်ဆိုရင် ငါတို့ထပြန်မယ်ဆိုပြီး ကိုထက်ဝေမင်းတို့ အပြန်မှာ ကိုထူးမြတ်တို့အဖွဲ့က ရန်စပြီး အရင်စထိုးတာပါ။ အဲဒီတော့ ယောက်ျားချင်း ဆိုတော့လည်း ဟိုကပြန်ထိုးတာပေါ့ဗျာ။ ဒါပေမဲ့ ကိုထူးမြတ်တို့အဖွဲ့က လူများတယ်။ ကိုထက်ဝေမင်းတို့ အဖွဲ့ကပါလာတဲ့ ယောက်ျားလေးယောက် ကလည်း နှစ်ယောက်ပဲ ပြန်ခုခံတာတွေ့ရတယ်။ ကျန်တဲ့နှစ်ယောက်က ပျောက်သွားတယ်” ဟု စားသောက်ဆိုင် မန်နေဂျာ ကိုဝင်းကိုက ပြောကြားသည်။
“ကျွန်တော်တို့လည်း ကိုထူးမြတ်ဆိုသူကို လိုက်ဖမ်းနေပါတယ်။ သူ့အိမ်ကိုလည်း ရဲအယောက် ၂ဝ၊ ၃ဝ နဲ့ဝိုင်းပြီး ဝင်ဖမ်းပါတယ်။ ဒါပေမဲ့ သူ့အမေနဲ့ သူ့အဖေပဲ ရှိပါတယ်။ ဟိုဘက်ဒီဘက် ဖြစ်ကြတဲ့ပုံစံမှာတော့ အရင်ဆုံး ရန်စတဲ့ ဘက်ကလည်း ခံရတာရှိပါတယ်။ အဲဒါကို ထူးမြတ်တို့အဖွဲ့ထဲက နှစ်ယောက်ကလည်း လာအမှု ဖွင့်ထားပါတယ်။ ယခင်ပြစ်ချက် ဟောင်းတွေလည်းရှိတဲ့ ကိုထူးမြတ် ဆိုသူကိုဖမ်းဖို့ ကြိုးစားနေပါတယ်” ဟု ဗဟန်းမြို့မ ရဲစခန်းမှူး ဒုရဲမှူးသိန်းဦးက အောက်တိုဘာ ၁၄ ရက်ညကThe Daily Eleven သို့ပြောကြားသည်။
ယင်းကဲ့သို့ မင်းမဲ့စရိုက်ဆန်စွာ နှစ်ဖက်အပြန်အလှန် ရိုက်နှက်မှုဖြစ်စဉ်မျိုး ပြီးခဲ့သည့် ဩဂုတ်၂၈ ရက်က သာကေတမြို့နယ်၌လည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်မှာ ဩဂုတ် ၂၈ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် သာကေတမြို့နယ် ၁ဝ/ တောင် ၁၃ ရပ်ကွက် ခိုင်ရွှေဝါ လမ်းမပေါ်တွင် လူများအုပ်စုဖွဲ့ကာ တစ်ဖက်နှင့်တစ်ဖက် တုတ်၊ ဓား ကိုင်ဆောင်ကာ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှ ဆက်စပ်တရားခံအားလုံးကို လက်ရှိအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ယင်းဖြစ်စဉ်ဖြစ်ပွားသည့် အချိန်မှာ မွန်းလွဲပိုင်းဖြစ်သဖြင့် ပြည်သူများ ထိတ်လန့်ခဲ့ရကြောင်း သိရသည်။
“ယခုဖြစ်နေတဲ့ မင်းမဲ့စရိုက်ဆန်တဲ့ ဖြစ်စဉ်တွေက ပြည်သူတွေကို အထိတ်တလန့် ဖြစ်စေပါတယ်။ သမ္မတရုပ်ရှင်ရုံအနီးက ဖြစ်စဉ်ကို အရေးယူမှု နှောင့်နှေးတာကို တွေ့ရတယ်။ ဒါကြောင့် မင်းမဲ့တိုင်းပြည်လို ဖြစ်လာပြီလားဆိုပြီး မေးခွန်းထုတ်စရာ ဖြစ်လာတယ်” ဟု တာမွေမြို့နယ်တွင် နေထိုင်သူ တစ်ဦးက ဆိုသည်။
လက်ရှိအစိုးရ လက်ထက်တွင် မင်းမဲ့စရိုက်ဆန်သည့် မှုခင်းဖြစ်စဉ်များ ဖြစ်ပွားမှု များပြား လာသည်ကို တွေ့ရှိရပြီး အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍လည်း အရေးယူမှု နှောင့်နှေးခြင်း၊ အားနည်းခြင်း များလည်း ဖြစ်ပေါ်နေသည်ကို ဖြစ်စဉ်များအရ လေ့လာတွေ့ရှိရသဖြင့် မင်းမဲ့တိုင်းပြည်ကဲ့သို့ ဖြစ်လာပြီ လားဟူ၍ မေးခွန်းထုတ်စရာ ဖြစ်လာကြောင်း ပြည်သူများက သုံးသပ်ခဲ့သည်။

0 comments:
Post a Comment