Thursday, October 2, 2014

၂၀၁၆ တွင် မြန်မာ့ခရီးသွားနှစ် ပြုလုပ်ရန် စီစဉ်နေ


မြန်မာ့ခရီးသွားနှစ်ကို ၂၀၁၆ ခုနှစ်တွင် ပြုလုပ်သွားရန် ရည်ရွယ်ထားသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ တင်ရွှေ က ပြောသည်။
‘‘၂၀၁၆ ရဲ့ နောက်ပိုင်းမှာတော့ မြန်မာ့ခရီးသွားနှစ်ကို တစ်ကျော့ပြန်လည် ကျင်းပနိုင်လိမ့်မယ်လို့ မျှော်လင့် တယ်’’ဟု ဒုဝန်ကြီး ဒေါက်တာ တင်ရွှေက အောက်တိုဘာ ၁ ရက်တွင် ပြည်သူ့လွှတ်တော် ပုံမှန်အစည်း အဝေး၌ ပြောကြားခဲ့သည်။

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး အောင်ကျော်နှင်း က နိုင်ငံတော် စီးပွားရေး အတွက်ဝင်ငွေပိုမိုတိုးတက် လာစေရန်နှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ မြှင့်တင်နိုင်ရန် မြန်မာ့ ခရီးသွားနှစ်တစ်နှစ်သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ မေးမြန်းမှုကို ဒုဝန်ကြီး မှ ဖြေကြားခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ် ဇန်န၀ါရီတွင်လည်း မြန်မာနိုင်ငံက အာဆီယံ ခရီးသွားလုပ်ငန်း ဖိုရမ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားရန် ရှိနေသည်။ ယင်းဖိုရမ်မှတစ်ဆင့် လက်ရှိ နိုင်ငံ၏ အခြေအနေအရ တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ဒေါက်တာ တင်ရွှေ က ပြောသည်။

‘‘ဒါကတော့ ကောင်းတယ်လို့ မြင်တယ်။ ခရီးသွား လုပ်ငန်းအတွက် ပရိုမိုးရှင်း လုပ်ရမယ်။ ခရီးသည် ၀င်အောင် ဆောင်ရွက်ရမယ်။ အီးဗီဇာတို့ ဘာတို့ဆိုတာ လည်းကောင်းတာပဲ။ ဒါပေမဲ့ နည်းနည်း နောက်ကျနေတယ်လို့ မြင်မိတယ်’’ ဟု ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူ ဦးဇော်ဝင်းချို က သုံးသပ်သည်။

မြန်မာနိုင်ငံတွင် ခရီးသွားနှစ်အဖြစ် ၁၉၉၆ ခုနှစ်က ဆောင်ရွက်ခဲ့ဖူးပြီး ယင်းနှစ်၌ မျှော်မှန်းထားသလောက် ခရီးသည် မ၀င်ခဲ့ဟု ၎င်းကဆိုသည်။

‘‘၁၉၉၆ မှာ လုပ်တုန်းက ခရီးသည်မ၀င်ဘဲ နောက်နှစ်ကျမှ ခရီးသည် အ၀င်များ လာတယ်’’ ဟု ဦးဇော်ဝင်းချို က ပြောသည်။

ယင်းသို့ ဆောင်ရွက်ခြင်းသည် ခရီးသွားလုပ်ငန်းမှရသော ၀င်ငွေသည် နိုင်ငံကို အထောက်အကူပြုသည် ဟူသော အချက်ကို နိုင်ငံအလေးထားလာကြောင်း ပြသ ခြင်းဖြစ်သည်ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ ဒေါ်စပယ်အောင် က ဆိုသည်။

‘‘အဲဒီလိုနှစ်မှာ ပြည်တွင်း ခရီးသွားလုပ်ငန်း လုပ်တဲ့သူတွေ၊ လေကြောင်းလိုင်း တွေအပြင် ပြည်ပ က လေကြောင်းလိုင်းတွေကပါ ပူးပေါင်းပါဝင်မယ်ဆိုရင် လက်ရှိဝင်နေတဲ့ ခရီးသည်ထက် နှစ်ဆ တက်နိုင်တယ်’’ဟု ၎င်းက ပြောသည်။

၂၀၁၄ ခုနှစ်၌ အာဆီယံ နိုင်ငံများ၌ ခရီးသွားလုပ်ငန်း တိုးတက်မှုရှိနေပြီး ခရီးသည်အ၀င် အများဆုံးဖြစ်နေ သည့် မလေးရှားနိုင်ငံက ၎င်းတို့၏ ခရီးသွား နှစ် (Visit Malaysia 2014) အဖြစ် ဆောင်ရွက်လျက်ရှိနေသည်။

7Day Daily

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...