Friday, October 17, 2014

ရေကုန်ရေခမ်းကန်တော့မည့် မြန်မာအသင်းနှင့် ယူအေအီးအသင်း ပွဲကြိုအမြင်ပြောပြချက်များ




မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် အာရှချန်ပီယံရှစ် ယူ ၁၉ ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် (ရှုံးထွက်) ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် အာရပ် စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) အသင်းတို့ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ယှဉ်ပြိုင်မည့်ပွဲစဉ်နှင့် ပတ်သက်၍ သုံးသပ်ချက်များကို စုစည်း ဖော်ပြအပ်ပါသည်။

ဦးအေးမောင်ကြီး (ရွှေခေတ် ဘောလုံးသမားဟောင်း)



အခုပြိုင်ပွဲက အာရှအဆင့်ဆိုတော့ တကယ့်အာရှအဆင့်မှာ ကျင်လည်နေတဲ့ အင်အားကြီး အသင်းတွေနဲ့ ရင်ဆိုင်ရတာဖြစ်လို့ ခက်ခဲတာပေါ့။ မြန်မာအသင်းနဲ့ယှဉ်ရင် လူကောင်အား၊ ကစားအားတွေမှာ ကွာဟချက်တွေ ရှိနေလို့ မြန်မာအသင်းအနေနဲ့ တော်တော်လေး ကစားရဖို့ ရှိနေတယ်။ မြန်မာအသင်းအနေနဲ့ ရှေ့ပွဲတွေမှာ ရလဒ်ကောင်းလိုက် မကောင်းလိုက် ဖြစ်နေတာဟာ စိတ်ဓာတ်ပိုင်း ဆိုင်ရာကြောင့်လို့ ထင်တယ်။ ရှေ့ပွဲမှာ အနိုင်ရလောက်ပါတယ်ဆိုပြီး ကစားခဲ့တယ်။ သရေကျခဲ့တယ်။ ထိုင်းနဲ့ပွဲမှာ မနိုင်လို့ မဖြစ်တော့ဘူး ဆိုတဲ့အချိန်မှာ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တယ်။ အီရန်နဲ့ပွဲကတော့ လူကောင်လည်းကွာ၊ အခြေအနေကလည်း နောက်တစ်ဆင့် တက်နေပြီဖြစ်လို့ လျှော့ကစားတာမျိုးလည်း ဖြစ်နိုင်တယ်။ အီရန်က အာရှနံပါတ်တစ် ဖြစ်ပေမယ့် မထင်မှတ်ဘဲ ရလဒ်ဆိုးပြီး ထွက်ခဲ့ရပေမယ့် နောက်ဆုံးပွဲမှာ သိက္ခာပိုင်းအရ အားကုန် ထုတ်ကစားခဲ့တယ်။ မြန်မာအသင်းကလည်း အဲဒီပွဲမှာ ခြေမှန်မရဘူး။ ဆိုတော့ အခုပွဲမှာ မြန်မာကစားသမားတွေအနေနဲ့ ပုံမှန်ခြေစွမ်းကို ထိန်းထားနိုင်ဖို့ လိုတယ်။ ယူအေအီး ဆိုတာလည်း အရင်ကတည်းက နာမည်ရှိတဲ့ အသင်းဖြစ်တယ်။ အခုပြိုင်ပွဲမှာလည်း ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ထားတယ်။ မြန်မာအသင်းအနေနဲ့ အီရန်နဲ့ပွဲက အမှားတွေ ပြင်နိုင်မှဖြစ်မယ်။ ခံစစ်ပိုင်းလည်း ပြင်ဖို့လို လိမ့်မယ်။ တစ်ဖက်က အင်နဲ့အားနဲ့ ကစားလာရင် မြန်မာအသင်း အားနည်းတာ တွေ့ရတယ်။ တစ်ဦးချင်း မလွယ်ရင် အသင်းလိုက် စုစည်းကစားရမယ့် အပိုင်းတွေကို အဓိကထား ပြင်သင့်တယ်။ အချိန်ပိုထိဆိုရင် မြန်မာအသင်း ပိုဆိုးနိုင်တယ်။ ဒါပေမဲ့ ဒီပွဲက သာမန်ပွဲချိန်အတွင်း သူပြတ်ကိုယ်ပြတ် အနေအထားပဲ ဖြစ်မှာပါ။

ဦးရဲမျိုးဟိန်း (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် - ပြိုင်ပွဲကျင်းပရေး တာဝန်ခံ)



ယူအေအီးက အရှေ့အလယ်ပိုင်း အသင်းတွေရဲ့ ပုံစံအတိုင်း ကစားပုံမာတယ်။ မြန်တယ်။ အင်အားသုံး ကစားနိုင်တယ်။ အီရန်လို အာရှထိပ်သီးအသင်း မဟုတ်ပေမယ့် ထိပ်ဆုံးအဆင့်မှာရှိတဲ့ အသင်းတစ်သင်းပါ။ ကျွန်တော်တို့ထက် ပါဝါသာတယ်။ ဘောလုံး အဆင့်အတန်းလည်း မြင့်တယ်။ ဒါပေမဲ့ Skill နဲ့ Play ကျတော့ အီရန်နဲ့ ဥဇဘက်လောက် မကောင်းဘူး။

မြန်မာက Power နဲ့ကစားတဲ့ အသင်းတွေဆိုရင် စိတ်ကြိုက် မကစားနိုင်ဘူး။ ကစားသမားတွေ နိုင်လိုစိတ် အရမ်းများနေတယ်။ အဲဒါက တစ်ခါတလေ ဖိအားဖြစ်နိုင်တယ်။ ထိုင်းနဲ့ ဗီယက်နမ်လို အသင်းမျိုးကို ဖွင့်ကစားလို့ ရပေမယ့် အရှေ့အလယ်ပိုင်း အသင်းတွေကိုတော့ မလွယ်ဘူး။ မြန်မာအသင်း အားထားရတဲ့ မောင်မောင်စိုး ယုံကြည်မှု ပျောက်ဆုံးနေသလို ဖြစ်နေတာက အသင်းအတွက် အရမ်းနစ်နာတယ်။ အခုပွဲက ရှုံးထွက်ဖြစ်လို့ အရမ်းအရေးကြီးတယ်။ အီရန်လို တိုက်စစ်ဖွင့် ကစားလို့မရဘူး။ နောက်တစ်ချက်က ကိုယ်ကပြိုင်ဘက်ကို တိုက်တယ်။ ဒါပေမဲ့ ကိုယ်လုပ်ချင်တာ လုပ်မရတော့ရင် အသင်းက ပြန်မစုနိုင်ဘဲ ကစားကွက် ဖရိုဖရဲ ဖြစ်သွားတာလည်း အန္တရာယ်ရှိတယ်။ ကိုယ့်ထက်သာတဲ့ အသင်းတွေက အခွင့်အရေး ယူသွားနိုင်တယ်။ အီရန်နဲ့ ပွဲကိုကြည့်ပြီး အကျဉ်းချုပ် ပြောရရင် ယူအေအီးနဲ့ပွဲမှာ နည်းပြအနေနဲ့ တိုက်စစ်မဖွင့်ဘဲ Patient Game နဲ့ စုစုစည်းစည်း ကစားသင့်သလို ကစားသမားတွေကလည်း နည်းပြ ညွှန်ကြားတဲ့အတိုင်း ကစားဖို့ လိုလိမ့်မယ်။ နိုင်လိုဇောကြီးလို့ မရဘူး။ အိမ်ရှင် ပရိသတ်အားကလည်း သူများအတွက် ဖိအားဖြစ်တာပဲ ကောင်းတယ်။ ကိုယ့်အတွက် ပြန်ဖိအား ဖြစ်နေရင် ပြဿနာရှိတယ်။ ပြိုင်ဘက်က တောင့်တင်းပေမယ့်လည်း နည်းဗျူဟာနဲ့ ချဉ်းကပ်ပုံမှန်ပြီး ကစားသမားတွေ ခြေစွမ်းပြနိုင်ရင် ယူအေအီးကို မရှုံးလောက်ဘူး။ ပရိသတ်အားနဲ့ အကြိုဗိုလ်လုပွဲ တက်မယ်လို့ မျှော်လင့်ပါတယ်။ ကစားသမားတွေလည်း မိနစ် ၁၂၀ အပြင် ပင်နယ်တီအတွက် ပြင်ထားသင့်တယ်။

ဦးဝင်းသူမိုး (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ)



မြန်မာအသင်းက လက်ရှိ ကစားပုံအရဆိုရင် တစ်ပွဲမကောင်း တစ်ပွဲကောင်း အနေအထားမျိုးမှာ ရှိနေတယ်လို့ ယေဘုယျ သုံးသပ်လို့ရတယ်။ အဲလိုဆိုတော့ အခုပွဲမှာ ပြန်ကောင်း လာနိုင်တာပေါ့။ မြန်မာအသင်း အရင်ကလို နောက်တန်း ဖရိုဖရဲ ဖြစ်တာတွေ၊ ဂိုးသမားလည်း အမှားများတာတွေ မရှိတော့ဘူး။ မြန်မာအသင်း ကစားပုံက တင်ကစားရင် ကစားသလောက် ကောင်းတယ်။ ဒါပေမဲ့ သူတို့ကို ပရိသတ်တွေ၊ အသင်းတာဝန်ရှိသူတွေ အနေနဲ့ ဖိအားပေးတာမျိုး ဖြစ်သွားရင် စိတ်ဓာတ်ပိုင်း အားနည်းလွယ်တယ်။ မြန်မာအသင်းက ခြေစွမ်းအညံ့ကြီး လုံးဝမဟုတ်ဘူး။ အခုတွေ့မယ့် ပြိုင်ဘက် ယူအေအီးက မြန်မာအသင်းထက် နေရာစုံမှာကောင်းပြီး တောင့်တင်းတယ်။ တိုက်စစ် ဦးစားပေး ကစားတာကောင်းပြီး ရုပ်ပိုင်းဆိုင်ရာမှာလည်း သာတယ်။ မြန်မာအသင်းကတော့ သူတို့ကို ပြန်ဖွင့်ကစားတာထက် သူတို့အားသာချက်တွေကို ဟာကွက်မရှိအောင် ဖျက်ကစားရမယ်။ အဲဒီကနေမှ အချိန်ပိုတွေ ပင်နယ်တီတွေအထိ ရောက်အောင်လုပ်ရမယ်။ သူတို့ အားသာချက်တွေကို အလွတ်မပေးဘဲ တန်ပြန်ကစားနိုင်ရင် အနိုင်ရမှာပါ။ ဖွင့်ကစားရင်တော့ သေချာပေါက်ရှုံးမယ်။ အချိန်ပိုတွေ၊ ပင်နယ်တီတွေအထိ ရအောင် သူတို့ကို အလွတ်မပေးဘဲ ကစားသွားရင်းနဲ့ နောက်တစ်ဆင့် တက်သွားစေချင်ပါတယ်။

ဦးသက်လွင် (အားကစားဝန်ကြီးဌာန- ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ ညွှန်ကြားရေးမှူး)

ကျွန်တော်က ပညာရှင်အဆင့်လည်း မဟုတ်တော့ အများကြီး မကျွမ်းကျင်ပါဘူး။ ပရိသတ်တစ်ယောက် အမြင်နဲ့ပဲ ပြောချင်ပါတယ်။ မြန်မာအသင်းဟာ လက်ရှိအချိန်မှာ ကောင်းလိုက် မကောင်းလိုက် ဖြစ်နေတယ်ပေါ့။ ကစားသမားတစ်ဦးဟာ အမြဲတမ်း ကောင်းနေတာမျိုးလည်း ရှိချင်မှ ရှိနိုင်လိမ့်မယ်။ ခြေစွမ်းပျောက်နေတဲ့ အချိန်လည်း ရှိနေမှာပါ။ ပြိုင်ဘက် ယူအေအီးကတော့ လက်ရှိအချိန်မှာ အုပ်စုပထမနဲ့ တက်လာတယ်။ မြန်မာအသင်းနဲ့ ယှဉ်ကြည့်ရင် တစ်ဦးချင်း ကြံ့ခိုင်မှုပိုင်းအပြင် ကစားပုံလည်း သာမယ့် အနေအထားမှာ ရှိနေတယ်။ မြန်မာအသင်းအနေနဲ့ ပြိုင်ဘက်ကို အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ရမှာပါပဲ။ မိနစ် ၉၀ အတွင်းမှာ သူတို့လည်း ကြိုးစားမှာ ဖြစ်သလို ကိုယ်တွေလည်း ကြိုးစားရမှာပဲ။ ကိုယ်တွေဆီမှာ အိမ်ရှင်ပရိသတ်အား ရှိတယ်။ အဲဒါက အားသာချက်တစ်ခုပဲ။ မြန်မာအသင်းအနေနဲ့ ပြိုင်ဘက်အသင်းကို အခွင့်အရေး မပေးဘဲ ကိုယ်ရတဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချနိုင်ဖို့ လိုလိမ့်မယ်။ မြန်မာအသင်းအနေနဲ့ ကိုယ့်ထက်ခွန်အားရော အတွေ့အကြုံပိုင်းရောသာတဲ့ ယူအေအီးလို အသင်းကို အသင်းလိုက် စုစည်းမှု ကောင်းကောင်းနဲ့ အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓာတ်နဲ့ ယှဉ်ပြိုင်ရမှာပါ။ ဒီပွဲနိုင်ရင်တော့ မြန်မာ ဘောလုံးပရိသတ်တွေ အားလုံး မျှော်လင့်နေတဲ့ ကမ္ဘာ့ဖလား မျှော်လင့်ချက်ကို ဖြည့်ဆည်း ပေးနိုင်မှာပေါ့။ ဒီပွဲ အနိုင်ရဖို့အတွက် ကစားသမားအားလုံး ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ ကစားပြီး ပရိသတ်တွေအတွက် ကမ္ဘာ့ဖလား မျှော်လင့်ချက်ကို ဖြည့်ဆည်း ပေးစေချင်တယ်။

မြန်မာအသင်းနှင့်ယူအေအီးအသင်းတို့ ဖြတ်ကျော်လာခဲ့သည့် ပွဲများ
အုပ်စု (က)
မြန်မာ ၀-၀ ယီမင်
မြန်မာ ၃-၀ ထိုင်း
မြန်မာ ၀-၂ အီရန်
မြန်မာအသင်းသည် တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးဖြင့် ထိုင်းအသင်း၏နောက် အုပ်စု ဒုတိယနေရာဖြင့် ရှုံးထွက်အဆင့် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် အာရှချန်ပီယံရှစ် ယူ ၁၉ ပြိုင်ပွဲတွင် ခုနစ်ကြိမ် ဗိုလ်စွဲထားဖူးပြီး အာရှနိုင်ငံများအနက် ဒုတိယ အအောင်မြင်ဆုံး အသင်းဖြစ်ကာ ဒုတိယဆု တစ်ကြိမ်နှင့် တတိယဆုနှစ်ကြိမ် ရရှိထားခဲ့သည်။

အုပ်စု(ခ)
ယူအေအီး ၁-၁ သြစတြေးလျ
ယူအေအီး ၂-၂ ဥဇဘက်ကစ္စတန်
ယူအေအီး ၄-၁ အင်ဒိုနီးရှား
ယူအေအီး အသင်းသည် တစ်ပွဲနိုင်၊ နှစ်ပွဲသရေ ရှုံးပွဲမရှိဖြင့် ဥဇဘက်ကစ္စတန် အသင်း၏အထက် အုပ်စု ပထမနေရာဖြင့် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ ယူအေအီး အသင်းသည် အာရှချန်ပီယံရှစ် ယူ ၁၉ ပြိုင်ပွဲ သမိုင်းတစ်လျှောက် ၂၀၀၈ ခုနှစ်တွင်သာ ဗိုလ်စွဲဖူးပြီး တတိယနှစ်ကြိမ်၊ စတုတ္ထတစ်ကြိမ် ရရှိထားကာ အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလား ပြိုင်ပွဲကိုလည်း သုံးကြိမ်ယှဉ်ပြိုင်ခဲ့ဖူးပြီး ကွာတားဖိုင်နယ် နှစ်ကြိမ် တက်ရောက်ခဲ့သည်။

The Voice Weekly

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...