
● ယူအေအီးကို နိုင်ရင် နယူးဇီလန်မှာ ကျင်းပမယ့် လူငယ်ကမ္ဘာ့ဖလား ၂၀၁၅ ကို ၀င်ကန်ရမယ် ဆိုတဲ့ သတင်းစကားက လက်ရှိ ကျွန်တော်တို့ ပြည်သူတွေရင်ထဲကို မျှော်လင့်ချက်တစ်စုံတစ်ရာ ထည့်သွင်းပေးလိုက်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ ကိုယ်စီကိုယ်စီ မ၀ံ့မရဲ မျှော်လင့်နေမိကြပါတယ်။ တစ်ကယ်ကို မ၀ံ့မရဲ နဲ့ပါ။
● မြန်မာ့ဘောလုံး အင်ဒိုချိုင်းနားကျွန်းဆွယ်ကို လွှမ်းမိုးခဲ့တယ်။ မြန်မာ့ဘောလုံး အာရှအဆင့်ကို တက်လှမ်းခဲ့တယ်။ ဒါတွေက အတိတ်မှာကျန်ရစ်ခဲ့တဲ့ ရွှေထီးတွေပါ။ ဒါပေမယ့် ယူ-၁၉ ကစားပုံကို မြင်တွေ့လိုက်ရတဲ့အခါ အံ့သြ၀မ်းသာ ဂုဏ်ယူမိတာလည်း အမှန်ပါပဲ။ နည်းပြကြီးပြောတဲ့ လူငယ် ကမ္ဘာ့ဖလား ၀င်ကန်နိုင်ဖို့ မျှော်မှန်းထားတယ် ဆိုတာ သိလိုက်ရတော့လဲ ၀မ်းသာမိကြပါတယ်။
● ဒီလိုပါပဲ။ တစ်ချိန်က မြန်မာ့မြေမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ယူ-၁၇ ကို ပုံအပ်ခဲ့ကြဘူးပါတယ်။ ဒါပေမယ့် အခု ယူ-၁၉ ကိုတော့ တစ်မူထူးခြားပြီး အားကိုးနေကြပါတယ်။ ဒါက အားလုံးရင်ထဲမှာ ဖြစ်နေတာပါ။
● ယူအေအီးဟာ ကျွန်တော်တို့ မြန်မာအသင်းထက် လူကောင်ပိုပြီူး ကြီးတယ်၊ အရပ်အမောင်းတွေ ပိုပြီး မြင့်မားတယ်။ တစ်ဦးချင်း နည်းစနစ်၊ ကျွမ်းကျင်မှုတွေမှာလည်း ခေါင်းတစ်လုံး ပိုသာတယ်။ မြန်မာနိုင်ငံထက် ဘောလုံးအဆင့် သတ်မှတ်ချက် အများကြီးကွာပါတယ်။ ယူအေအီးက ကမ္ဘာ့အဆင့် ၇၃၊ မြန်မာက ကမ္ဘာ့အဆင့် ၁၄၃၊ အများကြီး ကွာခြားပါတယ်။ မှန်ပါတယ်။ ဒါကို လက်ခံပါတယ်။
● ယူအေအီးကို မနိုင်ခဲ့ရင်လည်း ဘယ်သူမှ အပြစ်ဆိုမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာအသင်းက အာဆီယံမှာတောင် တက်လိုက်ကျလိုက်နဲ့၊ ယူအေအီးက အာရှထိပ်သီးအဆင့်လေ၊ ဒီလိုအခြေအနေမျိုးမှာ ရှုံးခဲ့မယ် ဆိုရင်လည်း ခံသာပါတယ်။ (ဒါကိုတော့ ဖိအား မဖြစ်အောင် ကြိုတင်ပြီး ရှင်းရှင်းလင်းလင်း အသိပေးလိုပါတယ်။ အများကြီး ကွာပါတယ်။)
● ဒါပေမယ့် ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်ကွင်း ကိုယ့်ပရိသတ်တွေ ရှေ့မှောက်မှာ မထင်မှတ်တာတွေ လုပ်ပြနိုင်လိမ့်မယ် လို့လည်း မျှော်လင့်နေကြတာပါ။ ဒါကြောင့် မ၀ံ့မရဲ မျှော်လင့်ချက် လို့ ပြောခဲ့ရခြင်း ဖြစ်ပါတယ်။ မြန်မာဘောလုံးအသင်းကို အသည်းနဲ့ရင်းပြီး မျှော်လင့်ခဲ့ကြသလို အသည်းနဲ့ရင်းပြီးလည်း နာကျင်ခဲ့ကြရတာပါ။ ဒဏ်ရာတွေ ဗလပွနဲ့ မြန်မာနိုင်ငံသားတွေဟာ ယူ-၁၉ ကြောင့် လူရာဝင်တော့မလားဟေ့ ဆိုပြီး မျှော်လင့်နေကြတာပါ။ မြန်မာတွေ လူရာ မ၀င်ခဲ့တာ ကြာခဲ့ပြီလေ။ တစ်ကယ်ကို ကြာခဲ့ပါပြီ။
● ကိုယ့်ထက် အဘက်ဘက်က သာလွန်တဲ့ အသင်းတွေကို နောက်ကောက်ချပြီး ကျော်ဖြတ်သွားခဲ့တဲ့ Upset ပွဲတွေ ဘောလုံးလောကမှာ အများကြီး မဟုတ်လား။ ဒါကြောင့်လည်း ဘောလုံးဟာ လုံးနေတယ်၊ ဘောလုံးမှာ မဖြစ်နိုင်တာ ဘာမှမရှိ ဆိုပြီး ဆိုရိုးတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီတော့လည်း ရွှေရောင် မျှော်လင့်ချက်တွေ တောက်ပလာခဲ့တာ အဆိုး မဆိုသာပါဘူး။
● ဒီတော့ ယူ-၁၉ ညီငယ်တွေကို တိုက်တွန်းချင်တာက ဒီနေ့ တစ်ပွဲတည်းပါ။ ဒီလိုပွဲမျိုးကို ကန်ပြဖို့ အသည်းပေါက်အောင် လေ့ကျင့်ခဲ့ကြ၊ အပင်ပန်းခံခဲ့ကြ၊ အချိန်ယူ ပြင်ဆင်ခဲ့ကြတာ မဟုတ်လား။ ဒီလိုပွဲမျိုးကို ကျော်ဖြတ်ဖို့ မွေးဖွားလာခဲ့ကြတာ မဟုတ်လား။
● တစ်ပွဲတည်းပါပဲ. ကိုယ့်ညီတို့။ ဘောလုံးလောကမှာ လူရာမ၀င်ခဲ့တာ ကြာပြီ ဖြစ်တဲ့ ဒို့မြန်မာတွေ “မြန်မာကွ” ဆိုပြီး အောင်ပွဲခံနိုင်အောင် ကြိုးစားပြလိုက်စမ်းပါ။ ဒီနိုင်ပွဲရဲ့ နောက်မှာ အဓိပ္ပါယ်တွေ အများကြီး ရှိလာမှာပါ။
● တစ်ပွဲတည်းပါပဲ. ကိုယ့်ညီတို့။ ဘောလုံးနဲ့ပတ်သက်လာရင် ခေါင်းမထောင်ရဲတဲ့ ဒို့နိုင်ငံအတွက် ရေကုန်ရေခမ်း ကြိုးစားပြလိုက်စမ်းပါ။ ဘောလုံးအားကစားဟာ အမျိုးသားရေးကို ကိုယ်စားပြု တယ် လို့ ဆိုကြသလိုပါပဲ သိမ်ငယ်ခဲ့ရတဲ့ ဘောလုံးပွဲအရှုံးတွေ၊ ဒီအရှုံးတွေကနေ ကြုံတွေ့ခဲ့ရတဲ့ ပြည်သူတွေရဲ့ နာကျင်မှုတွေ၊ ဒီနာကျင်မှုတွေကနေ ဖြစ်ပေါ်လာခဲ့တဲ့ ခံစားချက်တွေ၊ ဒါတွေကို ဒီကနေ့ ဒီတစ်ပွဲတည်းနဲ့ ကုစားပေးလိုက်စမ်းပါ။
● တစ်ပွဲတည်းပါပဲ. ကိုယ့်ညီတို့။ ပြည်သူတွေ မင်းတို့နောက်မှာ အားလုံး ရှိနေပါတယ်။ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၇ ရက်၊ ဒီနေ့မှာ သမိုင်းသစ်ကို ရေးထိုးနိုင်မယ့် အခွင့်အလမ်း ကြုံလာခဲ့ပါပြီ။ ဒီလိုပွဲမျိုးကို သမိုင်းတွင် ကျန်ရစ်အောင် ဒီတစ်ပွဲတည်းကို ကျားကုတ်ကျားခဲ ကြိုးစားပြလိုက်စမ်းပါ။ ဘာပဲ ဖြစ်ဖြစ် ပြည်သူအားလုံး၊ တစ်နိုင်ငံလုံး ဒီနေ့ပွဲကို အားပေးကြမှာပါ။
● Fighting Myanmar U-19
[ဓါတ်ပုံနဲ့ပတ်သက်ပြီး ပြောကြားချက်များကို နားလည်ပါတယ်။ ဒါပေမယ့် ဒီပုံကိုမြင်တိုင်း ပြန်ပြောင်း ခံစားရပါတယ်။ ဒီပုံ မြင်တိုင်း ဆီးဂိမ်းမှာ ကွဲခဲ့ရတဲ့ ခံစားချက်ကို ပြန်ပြောင်း အမှတ်ရစေပါတယ်။ အရှုံးဆိုတာ ကျွန်တော်တို့ ကျော်ဖြတ်ဖို့ သင်ခန်းစာ မဟုတ်လား။ ဒါကြောင့် ဒီဓါတ်ပုံကို ရွေးချယ် တင်ပြရခြင်း ဖြစ်ပါတယ်။ ]
Hmuu Zaw
0 comments:
Post a Comment