
ပြည်တွင်းရှိ ဟိုတယ်များ၌ တာဝန်ထမ်းဆောင် နေကြသော ဝန်ထမ်းများ အနက် လုပ်ငန်း ကျွမ်းကျင်မှု ရှိသော ဟိုတယ်ဝန်ထမ်း အရေအတွက်သည် ၂ဝ
ရာခိုင်နှုန်းခန့်သာ ရှိပြီး ယခုအခါ နိုင်ငံအတွင်း၌ ဟိုတယ်ကြီးများ ဆောက်လုပ်မှုပမာဏ တိုးတက်များပြား လာသည် နှင့်အမျှ ကျွမ်းကျင်ဝန်ထမ်း လိုအပ်ချက်မှာလည်း ပိုမိုမြင့်မားလာလျက် ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ ခရီးသွား လုပ်ငန်းသည် တစ်နှစ်ထက်တစ်နှစ် တိုးတက် ဖွံ့ဖြိုးလာပြီး ခရီးသွား လုပ်ငန်းနှင့် ဆက်နွှယ်သော လုပ်ငန်းများ ပိုမိုများပြားလာရာ အဆိုပါ လုပ်ငန်းများ ထဲတွင် ဟိုတယ် လုပ်ငန်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် ရန်ကုန်မြို့ရှိ အချို့သော ကြယ်ငါးပွင့်၊ ကြယ်သုံးပွင့် အဆင့်မြင့် ဟိုတယ်ကြီးများ၌ ကျွမ်းကျင်ဝန်ထမ်းများ နည်းပါး နေသောကြောင့် ဝန်ဆောင်မှုပိုင်း ဆိုင်ရာတွင် လိုအပ်ချက်များ ရှိလာခြင်းဖြစ်သည်။ ဟိုတယ်လုပ်ငန်းနှင့် ပတ်သက်၍ သိသင့် သိထိုက်သော အခြေခံ အချက်အလက် များကိုပင် မသိသေးသော ဟိုတယ်ဝန်ထမ်းများလည်း ရှိပြီး ယခုနှစ်များတွင် မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု ပိုမိုများပြား လာသဖြင့် ၎င်းတို့ကို အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်စေရန် ဟိုတယ်ဝန်ထမ်းများ အနေဖြင့် လုပ်ငန်းကျွမ်းကျင်မှုရှိရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့အတူ အသေးစားနှင့်အလတ်စား ဟိုတယ်လုပ်ငန်း အများစုတွင် ၀န်ထမ်းများအား ဟိုတယ် လုပ်ငန်းနှင့် ပတ်သက်သော အခြေခံ သင်တန်းများ သင်ကြား ပို့ချထားခြင်းမရှိဘဲ လုပ်ငန်းခွင်၌ လုပ်ကိုင်ဆောင်ရွက်မှုများ ရှိကြောင်း သိရသည်။
ယခုအချိန်တွင် ဟိုတယ်သင်တန်း အများအပြား ဖွင့်လှစ်လာသည့်အတွက် ကျွမ်းကျင် ဝန်ထမ်းများ ဖြစ်လာစေရန်အခွင့်အလမ်းများ ရှိလာပြီ ဖြစ်သည်။ ယခင်က ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်းမှ ဖွင့်လှစ်သော ဟိုတယ်သင်တန်း တစ်ခုသာရှိသော်လည်း ယခုအခါ အဆိုပါသင်တန်းအပြင် အခြားသော အစိုးရဌာနများ၊ NGO၊INGO အဖွဲ့အစည်းများ မှလည်း ဟိုတယ် ဝန်ဆောင်မှု သင်တန်းများ ဖွင့်လှစ် လာကြောင်း သိရသည်။
ဆောင်းဦး
မြဝတီ
0 comments:
Post a Comment