
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့နယ်ခွဲမှ လားရှိုးမြို့သို့ သွားလာနေသော ကုန်တင်ယာဉ်များအား အောက်တိုဘာ ပထမပတ်မှစကာ ရှမ်းပြည်တိုးတက်ရေးပါတီနှင့် ရှမ်းပြည်တပ်မတော်(SSPP/SSA)အဖွဲ့မှ ဆက်ကြေးငွေများ ကောက်ခံ နေကြောင်း ယင်းလမ်းကြောင်းတွင် ပြေးဆွဲနေသော ကားသမားများထံမှ သိရသည်။
``လမ်းကြောင်းတောက်လျှောက်ပဲ၊ ၃ နေရာလောက်ကောက်တာဗျ၊ မပေးပြန်ရင်လဲ ကားသိမ်းလူဖမ်းလုပ်မှာ ကြောက်လို့ ပေးခဲ့ရတယ်´´ ဟု (၁၀)ဘီးကားမောင်းသော ကားဆရာတစ်ဦးက ပြောသည်။
SSPP/SSA အဖွဲ့မှ အဆိုပါ လမ်းကြောင်းပေါ်တွင် ပါချီးလမ်းခွဲဂိတ်စခန်း၊ ၀မ်ဟိုင်းဌာနချုပ်ရှိ စည်ပင်ရုံးနှင့် ပန်လော့ရွာထိပ် ရှိ ၀ါးတားဂိတ်စခန်းစသဖြင့် နေရာ ၃ နေရာခွဲကာ ဆက်ကြေးငွေများ ကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုန်တင်ယာဉ်များသည် ပါချီးလမ်းခွဲဂိတ်စခန်းတွင် ၁ စီးလျှင် ၅၀၀၀ ကျပ်နှုန်း၊ ၀မ်ဟိုင်းဌာနချုပ် စည်ပင်ရုံးတွင် ၁ စီးလျှင် ၂၀၀၀၀ ကျပ်နှုန်း၊ ပန်လော့ရာထိပ်ရှိ ၀ါးတားဂိတ်စခန်းတွင် ၁ စီးလျှင် ၅၀၀၀ ကျပ်နှုန်း ပေးဆောင်နေရကြောင်း လားရှိုးမြို့ခံ ကားဆရာတစ်ဦးထံမှ သိရသည်။
``တိုက်ပွဲတွေဖြစ်တုန်းက လမ်းကိုပိတ်ထားတာ၊ ပြန်ဖွင့်ပေးပြီဆိုလို့ သွားလိုက်မိပါတယ်၊ ဆက်ကြေး ၃ နေရာကောက်တာ နဲ့ ကြုံတယ်၊ လားရှိုးကို ဒီလမ်းက နီးတယ်၊ ကျေးသီးဘက်ကသွားရင် အရမ်းဝေးတယ်၊ ဒါပေမယ့် ဆက်ကြေးပေးရတာ များတဲ့အတွက် ဒီလမ်းကိုသွားဖို့ စဉ်းစားနေတယ်´´ ဟု မိုင်းနောင်မြို့မှ ကားပိုင်ရှင်တစ်ဦးက ဆိုသည်။
SSPP/SSA အဖွဲ့၏ ဆက်ကြးငွေ ကောက်ခံမှုကြောင့် ကုန်တင်ယာဉ်များအနေဖြင့် ကုန်များပို့ဆောင်သယ်ယူရာတွင် အနည်းဆုံး ၃၀၀၀၀ ကျပ် ပေးဆောင်နေရသဖြင့် ၎င်းလမ်းကြောင်းအား အသုံးမပြုတော့ဘဲ အခြားလမ်းကြောင်းအား အသုံးပြုရန် စီစဉ်နေကြကြောင်း သိရှိရပါသည်။
20.10.2014
ဇွဲထက်
0 comments:
Post a Comment