
တရုတ်နိုင်ငံတွင် အမျိုးသမီးများ မီးဖွားစဉ်ခံစားရသည့် ဝေဒနာကို အမျိုးသားများ ခံစားသိရှိနိုင်ငံပြီဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ် ကျင်နန်မြို့ရှိ ဆေးရုံတစ်ရုံက အမျိုးသားများအား မိမိတို့၏ဇနီးများ မီးဖွားစဉ် နာကျင်မှုဝေဒနာ မည်မျှခံစားရသည် ကို သိရှိနားလည်စေနိုင်မည့် ကိရိယာတစ်မျိုးကို တီထွင် လိုက်ခြင်းဖြစ်သည်။ ဆေးရုံမှ ပညာရှင်များက အမျိုးသားများ၏ ၀မ်းဗိုက်သို့ အဆိုပါကိရိယာကို ချိတ်ဆက်ပေးကာ လျှပ်စစ်လွှတ်၍ မီးဖွားစဉ်နာကျင်မှုအတိုင်း ခံစားစေသည်ဟု ဆိုသည်။ ပါဝင် စမ်းသပ်ကြသည့် အမျိုးသားအများစုတွင် ကိုယ်ဝန်ဆောင်ထားသည့် ဇနီးသည်များ ရှိကြသည်ဟု ဆိုသည်။
ကလေးမီးဖွားသည့်အခါ အမျိုးသမီးများ မည်မျှခံစားရသည်ကို အမျိုးသားများ သိရှိနားလည်စေရန်နှင့် အမျိုးသမီးများအပေါ် အမျိုးသားများ ပိုမို လေးစားစွာ ဆက်ဆံလာကြစေရန် ရည်ရွယ်၍ ယင်းသို့ ဖန်တီးလိုက်ခြင်းဖြစ်ကြောင်း ဆေးရုံမှ တာဝန်ရှိသူများက ဆိုသည်။
မီးဖွားစဉ် နာကျင်မှုဝေဒနာခံစားရသည့် အစီအစဉ်တွင် အမျိုးသား ၂၀ ခန့် ပါဝင် အစမ်းသပ်ခံခဲ့ကြပြီး ယင်းကို ရုပ်သံမှတစ်ဆင့် ထုတ်လွှင့်ပြသခဲ့သည်။
မချိမဆန့် နာကျင်မှုဝေဒနာကို Level ၁၀ ခုအထိ ခွဲခြားကာ ယှဉ်ပြိုင်စေခြင်းဖြစ်ပြီး နာကျင်အဆင့်သတ်မှတ်ချက် ၅၀ မှ ၅၀၀ အထိ သတ်မှတ် ထားသည်ဟု သိရသည်။
ယင်းပြိုင်ပွဲတွင် တရုတ်နိုင်ငံ၌နေထိုင်လျက်ရှိသော ဗြိတိန်အဆိုတော် လိန်းအင်းဂလစ်လည်း ပါဝင်ခဲ့ပြီး နာကျင်အဆင့် သတ်မှတ်ချက် ၁၀၀ အထိသာ ရရှိခဲ့သည်။ “ကျွန်တော့်အတွက်တော့ လုံလောက်ပြီ။ ဒီဝေဒနာက တော်တော်ဆိုးတာပဲ”ဟု မှတ်ချက်ပြုခဲ့သည်။
နာကျင်မှုအဆင့်သတ်မှတ်ချက် ၅၀၀ အထိ ရရှိခဲ့သည့် ကျူနန်ဆိုသူကမူ “ကျွန်တော်ဟာ သုံးမြွှာပူးမွေးထားတဲ့ ဖခင်တစ်ဦးပါ။ ကျွန်တော့်မိန်းမ ကလေး မွေးတုန်းက ဘယ်လောက်တောင်ခံစားရလဲဆိုတာကို ကျွန်တော် သိချင်နေခဲ့တာဗျ။ တော်တော် ဆိုးရွားတဲ့ ခံစားချက်ကြီးပါဗျာ။ ဒီလို ကိုယ်တိုင် ကြုံပြီးတော့ မိခင်တွေအားလုံးကို တော့်တော့်ကို လေးစားသွားမိပါတယ်”ဟု ဆိုထားသည်။
အမျိုးသားများအား စမ်းသပ်ခံစားစေသည့် အစီအစဉ်တွင် တစ်ကြိမ်လျှင် စက္ကန့် ၃၀ သာ ကြာမြင့်သည်ဟု သိရသည်။
Ref:Daily Mail
စည်သူကျော်စွာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
0 comments:
Post a Comment