တွံတေးမြို့နယ် တွံတေး-လှိုင်သာယာ ကားလမ်းနံဘေးရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတစ်ခုသို့ သွားရောက်စုံစမ်းနေသူအချို့ကို သြဂုတ် ၂၇ ရက်က တွေ့ရစဉ်
ရန်ကုန်မြို့သစ် စီမံကိန်းဧရိယာတစ်ဝိုက်ရှိ လယ်မြေများအား တရုတ်နှင့် တရုတ်အနွယ်ဝင် တိုင်းရင်းသားအမည်ခံများ အများစုဆင်းဝယ်နေပြီး လယ်မြေဈေးများမှာ တစ်ဧကလျှင် ကျပ်သိန်း ၅ဝဝ၊ ၆ဝဝ မှအမြင့်ဆုံး သိန်းထောင်ဂဏန်းအထိ အရောင်းအဝယ် ဖြစ်နေကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် ဈေးနှုန်းသည် ယခင် ဈေးနှုန်းထက်အဆပေါင်းများစွာ မြင့်တက်နေကြောင်း ဒေသခံများမှရရှိသော သတင်းများအရ သိရသည်။“မနှစ်ကဆို တစ်ဧကကို ၁ဝ သိန်း၊ ၁၂ သိန်းလောက်ရှိတယ်။ အခုကျတော့ အတွင်းပိုင်းတွေက သိန်း ၂ဝဝ ကနေ သိန်း ၃ဝဝ လောက်ဖြစ်သွားပြီး ကားလမ်းဘက်တွေကျတော့ သိန်း ၅ဝဝ လောက်ကနေ ၁ဝဝဝ နီးပါးလောက်ထိ ဈေးခေါ်ကြတယ်။ တချို့ကျတော့လည်း ၇ဝဝ တို့ ၆ဝဝ တို့နဲ့ ရောင်းကြတယ်။ တချို့ကျတော့လည်း မရောင်းကြသေးဘူး။ သူဌေးတွေကလည်း တောင်းတဲ့ဈေးအတိုင်း ပေးချင်မှပေးကြတာပါ။ ရန်ကုန်မြို့တွေကနေ ပွဲစားတွေ၊ သူဌေးကိုယ်စားလှယ်တွေ ဒီရက်ပိုင်းကို ပိုဆင်းလာကြတာတွေ့ရတယ်။ တရုတ်တွေလည်း လာတယ်။ တရုတ်အနွယ်ဝင် တိုင်းရင်းသားအမည်ခံတွေလည်း လာကြတာပါပဲ။ ဒုက္ခဆင်းရဲရောက်နေကြတဲ့ လယ်သမားတွေကျတော့လည်း ဘဝလေးနည်းနည်းပြောင်းအောင် ရောင်းသင့်ရောင်းကြတာတွေလည်း ရှိတယ်” တွံတေးမြို့နယ် လှိုင်သာယာ-တွံတေး ကားလမ်းမကြီးဘေးရှိ တမံကြီးကျေးရွာမှ လယ်သမားကြီး ဦးဖြူက ဩ ဂုတ် ၂၇ ရက် ညနေပိုင်းက ပြောကြားသည်။
“ဆိပ်ကြီးခနောင်တိုမှာ ဒီနှစ်စပိုင်းကတည်းက အရောင်းအဝယ်လုပ်တဲ့သူတွေက ဆင်းနေတယ်။ ကိုယ်စားလှယ်လိုလူတွေက မြေကိုလာကြည့်တယ်။ တကယ်တမ်းငွေချေတော့မှ တရုတ်အနွယ်ဝင် တိုင်းရင်းသားအမည်ခံတွေ ရောက်လာပြီး ငွေချေတယ်။ ခြံကွက်အများစုကို လာဝယ်တာလည်း တရုတ်အနွယ်ဝင် တိုင်းရင်းသားအမည်ခံတွေပဲ လာဝယ်ကြတာတွေ့ရတယ်။ ဝယ်ပြီးပြီဆိုရင်လည်း အစောင့်နဲ့ထားရင်ထား၊ မထားရင် ခြံကို ဒီအတိုင်းပစ်ထားတာပဲ”ဟု ဆိပ်ကြီးခနောင်တိုတွင် နေထိုင်သူတစ်ဦးက ဆိုသည်။
ရန်ကုန်မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနှင့် တွံတေးမြို့နယ်များအတွင်း မြေဧက ၃ဝဝဝဝပေါ်တွင် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီလီမိတက်မှ အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ဩဂုတ် ၂၂ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားသည်။
တွံတေးမြို့နယ် တွံတေး-လှိုင်သာယာကားလမ်းနံဘေးရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတစ်ခုသို့ သွားရောက်စုံစမ်းနေသူအချို့ကို သြဂုတ် ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
“စီမံကိန်းဧရိယာမှာပါဝင်တဲ့ လှိုင်သာယာ -တွံတေးလမ်းမကြီးပေါ်တွေဆိုရင် တစ်ဧကကို သိန်း ၁ဝဝဝ လောက်အထိ အရောင်းအဝယ်ဖြစ်နေတယ်။ ကြည့်မြင်တိုက်တစ်ဖက်ကမ်းက အလတ်ချောင်းဘက်မှာဆိုရင် ပေ ၂ဝ_၄ဝ ပါမစ်မြေတွေမှာ အရင် ကျပ်သိန်း ၄ဝ၊ ၅ဝ ရှိတာတွေက သိန်း ၃၅ဝ၊ ၄ဝဝ လောက်အထိ ရှိလာတယ်။ စောစောကပြောတဲ့ သိန်း ၁ဝဝဝ လောက်ဖြစ်သွားတယ်ဆိုတဲ့ နေရာက ဆိပ်ကြီးခနောင်တိုကို ဝင်တဲ့လမ်းမဘေးတို့၊ လှိုင်သာယာ-တွံတေးကားလမ်းမ ဘေးဝဲယာတို့မှာ တစ်ဧကကို အဲဒီဈေးတွေ ဖြစ်နေတာပါ။
ကျပ် သိန်း ၄ဝဝ၊ ၅ဝဝ ကနေ ၈ဝဝ၊ ၁ဝဝဝ အထိ ရှိနေတာ။ စီမံကိန်းမရှိခင်ကတော့ လမ်းဘေးတွေက ၁၅ဝ လောက်ရှိခဲ့ပါတယ်”ဟု ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
လက်ရှိအချိန်တွင် လှိုင်သာယာ-တွံတေး ကားလမ်းမကြီးဘေးတစ်လျှောက်တွင် လယ်မြေ၊ ဥယျာဉ်ခြံမြေ၊ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ ဖွင့်လှစ်ပြီး တောင်သူနှင့်ဝယ်သူကြား အရောင်းအဝယ်ပြုလုပ်မှု များပြားလျက်ရှိကြောင်း၊ တောင်သူများဘက်မှ ဈေးခေါ်ရောင်းချမှုများလည်းရှိကာ ကျပ်သိန်း ၄ဝဝ၊ ၅ဝဝ ဝန်းကျင်ရှိ လယ်မြေများမှာ အရောင်းအဝယ်ပိုဖြစ်နေကြောင်း သိရသည်။
“အခုမြေဈေးတွေက ဗျောက်သောက် ဖြစ်နေတယ်။ တကယ်တော့ ဒီမြေကို အစိုးရကနေပြီးတော့ ယူ။ ယူပြီးရင် လယ်သမားကိုလည်း တန်ရာတန်ကြေးသတ်မှတ်ထားတဲ့ဈေးတစ်ခုခုနဲ့ လျော်ပေးလိုက်။ အဲဒါဆိုရင် ဒီမြေပေါ်မှာ အိမ်ရာတွေဆောက်ပြီး သွားလို့ရှိရင်လည်း တန်ဖိုးနည်းအိမ်ရာကို ကုမ္ပဏီက ထိုက်သင့်တဲ့ဈေးနဲ့ပြန်ရောင်းတာပဲ ဖြစ်သင့်တယ်။ အဲလိုမဟုတ်ရင် ကုမ္ပဏီကလည်း မြေဈေးကြီးလို့ဆိုပြီး တိုက်ခန်းတွေကို ဈေးမြှင့်ပြီးရောင်းမယ်ဆိုရင်တော့ အကျိုးမထူးဘူး။ Low Cost ဆိုတာ အစိုးရက တစ်ခုခုစိုက်ရတယ်။ ဥပမာ-မြေကို အစိုးရကပေးနိုင်တယ်ဆိုရင် ကုမ္ပဏီက တိုက်ခန်းကို ဈေးလျှော့ရောင်းလို့ရတယ်”ဟု စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။
ရန်ကုန်မြို့ပြစီမံကိန်းများနှင့် ဆက်စပ်ပြီး အိမ်ခြံမြေဈေးနှုန်းများ လိုက်ပါမြင့်တက်သည့် အစဉ်အလာတစ်ခုဖြစ်လာခြင်းသည် ရေရှည်အတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဖြစ်ပေါ်စေမည်ဖြစ်သည်။
“မြို့ပြစီမံကိန်းတွေရှိတယ်လို့ ပြောသံကြားတာနဲ့ အဲဒီနေရာတွေမှာ ဈေးကလိုက်တက်သွားတယ်။ အဲဒီလိုက်တက်သွားတဲ့ ဒဏ်ကို အများပြည်သူက ခံရတယ်။ နောက်တစ်ခုက ဖြစ်သင့်ဖြစ်ထိုက်တဲ့ဈေး မဟုတ်ဖူးဆိုရင် ပြန်ကျမှာပဲ။ အဲဒီတော့မှ အကြီးအကျယ်ဒုက္ခရောက်ရင်လည်း မကောင်းဘူး။ အခုကိစ္စမှာစီမံကိန်းရှိတယ်ဆိုပြီး ဈေးကစားချင်တဲ့သူက လိုက်ဝယ်တယ်။ သူ့ဆီကပြန် ပြီး Developer က လိုက်ဝယ်မယ်။ ထွက်လာတဲ့ တိုက်ခန်းက ဘယ်လိုလုပ်ပြီး Low Cost ဖြစ်နိုင်မလဲ။ ဒါကြောင့် အစိုးရအနေနဲ့လည်း Housing Policy နဲ့ ပတ်သက်ပြီး တစ်ခုခု ခိုင်ခိုင်မာမာရှိဖို့လိုနေပြီ။ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေပြဿနာကို ဖြေရှင်းဖို့ နိုင်ငံတကာကုမ္ပဏီတစ်ခုကို ကတိကဝတ်နဲ့ အပ်နှံလိုက်တာ အကောင်းဆုံးပဲ။ လိုသလောက် အိမ်ရာထုတ်ပေးနိုင်ရင် တစ်ရက် ဈေးပြန်ကျသွားမှာပဲ။ အခုလိုဆေးမြီးတိုနဲ့ ကုနေလို့တော့ ဒီပြဿ နာကပြီးမှာမဟုတ်ပါဘူး”ဟု ရန်ကုန်မြို့မှ မြို့ပြအင်ဂျင်နီယာတစ်ဦးက ဆိုသည်။
- See more at: http://news-eleven.com/business/%E1%80%9B%E1%80%94%E1%80%B9%E1%80%80%E1%80%AF%E1%80%94%E1%80%B9%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%80%9E%E1%80%85%E1%80%B9-%E1%80%85%E1%80%AE%E1%80%99%E1%80%B6%E1%80%80%E1%80%AD%E1%80%94%E1%80%B9%E1%80%B8%E1%80%A7%E1%80%9B%E1%80%AD%E1%80%9A%E1%80%AC%E1%80%90%E1%80%85%E1%80%B9%E1%81%80%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%9B%E1%80%BD%E1%80%AD-%E1%80%9C%E1%80%9A%E1%80%B9%E1%80%B1%E1%80%BB%E1%80%99%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8-%E1%80%90%E1%82%90%E1%80%AF%E1%80%90%E1%80%B9%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%90%E1%82%90%E1%80%AF%E1%80%90%E1%80%B9%E1%80%A1%E1%82%8F%E1%80%BC%E1%80%9A%E1%80%B9%E1%81%80%E1%80%84%E1%80%B9#sthash.JwftCIlw.RJEcm87t.dpuf


0 comments:
Post a Comment