Tuesday, August 5, 2014

ဖိလစ်ပိုင် ဖိတ်ခေါ်ဖလားပြိုင်ပွဲ မြန်မာအသင်း ၀င်ရောက် ယှဉ်ပြိုင်မည်

မြန်မာလက်ရွေးစင် ဘောလုံး အသင်းသည် ၂၀၁၄ခုနှစ် အောက်တိုဘာလတွင် လာအိုနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပြုလုပ်မည့် အာဆီယံ ဆူဇူကီး ဖလား ခြေစစ်ပွဲစဉ် အတွက် ကြိုတင်ပြင်ဆင်မှု အနေဖြင့် ဖိလစ်ပိုင်ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲ( 2014 Philippine Peace Cup)သို့ ၀င်ရောက် ယှဉ်ပြိုင် သွားရန် ပြင်ဆင်လျက် ရှိနေကြောင်း သိရှိရသည်။
၂၀၁၄ခုနှစ် စက်တင်ဘာလ ၁ရက်နေ့မှ ၉ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြိုရှိ ရစ်ဇယ်မန်မိုရီရယ် အားကစားကွင်းတွင် ကျင်းပပြုလုပ်မည့် အဆိုပါဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ စီစဉ်ခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင်ဘောလုံးအဖွဲ့ချုပ်အနေဖြင့် မြန်မာနိုင်ငံ အပါအ၀င် တရုတ်(တိုင်ပေ)၊ မလေးရှား၊  ပါလက်စတိုင်းနှင့် ဗီယက်နမ် အသင်းတို့ကို ဖိတ်ကြားထားခြင်းဖြစ်သည်။ Philippine Peace Cup ပြိုင်ပွဲများကို ၂၀၁၂ခုနှစ်မှ စတင် ကျင်းပပြုလုပ်ခဲ့ပြီး အိမ်ရှင်ဖိလစ်ပိုင်အသင်းမှာ ၂၀၁၂၊ ၂၀၁၃ခုနှစ်များတွင် ဗိုလ်စွဲထားသည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးကျော်က ” ဖိလစ်ပိုင် ဖိတ်ခေါ်ဖလား ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်သွားဖို့ ပြင်ဆင်နေပါတယ်။ ဒီပြိုင်ပွဲ ကျင်းပချိန်ဟာ မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲ ကျင်းပနေချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် လက်ရွေးစင် အသင်းအတွက် ညှိနှိုင်းဆောင်ရွက် သွားရမှာပါ။ ဒီပြိုင်ပွဲ ခရီးစဉ်က လက်ရွေးစင် အသင်း အတွက် ဆူဇူကီး ဖလားပြိုင်ပွဲ အကြို ပြင်ဆင်မှုဖြစ်လို့  အခြားခြေစမ်းပွဲတွေ ထပ်ကစားသွားဖို့တော့ မရှိပါဘူး။ နည်းပြချုပ် အယ်ဗရာမိုဗစ် အနေနဲ့ ဆူဇူကီးဖလားပြိုင်ပွဲအတွက် ဒီပြိုင်ပွဲခရီးစဉ်ဟာ လုံလောက်မှုရှိပြီး ခြေစစ်ပွဲအောင်မြင်မယ်လို့ ယုံကြည်ကြောင်း ဆိုထားပါတယ်” ဟု ထုတ်ဖော်ပြောဆိုသွားခဲ့သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...