Tuesday, August 5, 2014

ကျွန်တော့်အမြင်

မိမိ၏ မျှော်လင့်ချက်ကို အကောင်အထည်ဖော်နိုင်သော နိုင်ငံရေးဝန်းကျင်

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်ကို ပါဝင်ကူညီဆောင်ရွက် ပေးနိုင်ဖို့ အတွက် မိခင်တိုင်းပြည် ပြန်ရောက်လာပြီးတဲ့နောက် ပြည်တွင်းမှာရှိတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးပါတီတွေမှာ ပါဝင်နေတဲ့သူတွေနဲ့ နေ့တိုင်းလိုလို တွေ့ဆုံနေရတဲ့အတွက် သူတို့ရဲ့ဆန္ဒတွေ၊ ခံစားချက်တွေကို တစ်နည်းတစ်ဖုံ သိခွင့်မြင်ခွင့် ရခဲ့ပါတယ်။ ပြဿနာကတော့ မိမိတို့ရဲ့ မျှော်လင့်ချက်တွေ လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့အတွက် နေရာအခက်အခဲတစ်ခု ရှိနေပြီဆိုတာ သံသယရှိစရာ မလိုသလောက် ဖြစ်ပါတယ်။
ဖြေလျှော့မှု (Liberalization)

အသွင်ကူးပြောင်းရေးကာလလို့သာ ပညာရှင်များက သတ်မှတ်ကြပေမယ့် အများစုက ဒီမိုကရေစီရနေပြီ ဆိုတဲ့အမှတ်နဲ့ ဒီမိုကရေစီစံနှုန်းတွေကို အကုန်ရသင့်ပြီလို့ ယူဆတာများနေတာကို တွေ့ရပါတယ်။ လက်ရှိသမ္မတကြီး ဦးသိန်းစိန်ရဲ့ အစိုးရသက်တမ်းသုံးနှစ်မှာ စိန်ခေါ်မှုတွေကို ကဏ္ဍအသီးသီးမှာ တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခန်းကဏ္ဍတွေမှာဆိုပြီး အကြမ်းဖျင်းကြည့်နိုင်ပေမယ့် နိုင်ငံရေးဖြေလျှော့မှုတွေဟာတော့ ၂၀၁၁ ခုနှစ် နောက်ပိုင်းအသိသာဆုံး ဖြေလျှော့မှုတွေလို့ ပြောနိုင်ပါ တယ်။ စီးပွားရေး ဖြေလျှော့မှုတွေကတော့ နိုင်ငံရေး ဖြေလျှော့မှုတွေလောက် မလွယ်ပါဘူး၊ ထင်သာမြင် သာ မရှိနိုင်ပါဘူး။ ဥပဒေနဲ့ နည်းဥပဒေတွေ ပြင် နေရတဲ့အတွက် ပေးကားပေး၏ မရဆိုသလို ဖြစ်နေတာ ကိုလည်း တွေ့နိုင်ပါတယ်။ နှစ် (၅၀) ကျော် အရိုးစွဲနေတဲ့ စနစ်ဟောင်းတစ်ခု၊ သံချေးတက်နေတဲ့ စိတ် ဓာတ်တွေကို နေ့တွင်း၊ ညတွင်းချင်း ပြင်ဆင်ဆောင်ရွက်ရတာဟာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။

စိန်ခေါ်မှုတွေအကြား

စနစ်ဟောင်းကနေ အားလုံးလိုချင်တဲ့ စနစ်သစ်တစ်ခု အကူးအပြောင်းမှာ လိုအပ်ချက်တွေ၊ အားနည်း ချက်တွေ၊ ယုံကြည် မှုတည်ဆောက်မှုတွေ၊ တတ်ကျွမ်းနားလည်မှုတွေနဲ့ အားနည်းမှုတွေကိုက စိန်ခေါ်မှု တစ်ခုလို ဖြစ်နေ ပါတယ်။ ကျွန်တော် မြန်မာပြည်ကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလလောက်က ပြန်ရောက် လာတော့ အဲဒီအချိန် မှာပဲ စက်ရုံအလုပ်သမားတွေရဲ့ ဆန်္ဒဖော်ထုတ် မှုတွေနဲ့ မတရားမှုတွေဟာ လွတ်လွတ်လပ်လပ် ဆန္ဒဖော်ထုတ်လာနိုင်တဲ့ အခြေ အနေတစ်ရပ် ရလာတာကို တွေ့မြင်ရပါတယ်။ ဒါပေမဲ့ ကျွန်တော် စဉ်းစားကြည့်မိ တာက ဆန္ဒပြလိုက်တာနဲ့ ကိုယ်လိုချင်တာကို ရမယ်လို့ အာမခံချက်မရှိတာပါပဲ။ နေ့စဉ် နဲ့ အမျှ ဂျာနယ်တွေမှာ ဆန္ဒပြပွဲတွေ အကြောင်း၊ ဆန္ဒပြသူတွေကို ပံ့ပိုးကူညီပေးသူ တွေအကြောင်း၊ မတရားခံရမှုတွေအကြောင်း၊ အစိုးရကို ဝေဖန်စရာနေရာအနေနဲ့ သတ်မှတ်လာတာတွေ၊ လုံခြုံရေးဝန် ထမ်းတွေကို ဘက်လိုက်မှုရှိတယ်ဆိုတဲ့ အကြောင်းတွေကိုပဲ ထပ်တလဲလဲ ဖတ်ခဲ့ရပါတယ်။တစ်ဖက်မှာ စက်ရုံ၊ အလုပ်ရုံ ၀န်ထမ်းတွေရဲ့ အဓိကလိုလားချက်ဖြစ်တဲ့ သူတို့ရဲ့ အလုပ်ချိန် သတ်မှတ်မှုတွေ၊ လုပ်ငန်း ခွင် သက်သာချောင်ချိရေး၊ ၀န်ထမ်းလစာ တိုးရေးကိုဦးတည်ပြီး ဆန္ဒပြမှုတွေ လုပ်ဆောင်ခြင်း ဖြစ်သော်လည်း တစ်ဖက်မှာ ဆန်္ဒပြပွဲများကို ကူညီပေးနေတဲ့ နိုင်ငံရေးတက်ကြွသူတွေက ပါဝင်အဖြေရှာနိုင်ဖို့အစား အစိုးရရဲ့ အားနည်းမှုတွေ၊ ဒီမိုကရေစီ နည်းလမ်းမကျမှု တွေနဲ့ စစ်အာဏာရှင် ချုပ်ငြိမ်းရေးကိုသာ ဦးတည် ဆောင်ရွက်နေခဲ့တဲ့အတွက် အနာနဲ့ဆေးနဲ့တခြားစီ ဖြစ်သွားခဲ့ရပါတယ်။ ဒါ့ကြောင့် အလုပ်ရှင်နဲ့အလုပ် သမားအကြား စေ့စပ်ညှိနှိုင်းဖို့ အခြေအနေတစ်ရပ် ဖန်တီးမှုမပေးနိင်ဘဲ ဆန္ဒပြနေရုံသာ ဖြစ်နေတဲ့ အတွက် အလုပ်ရှင်အပေါ် ဆန္ဒပြနေတဲ့ ရေရှည် စက်ရုံအလုပ်သမား ၀န်ထမ်းတွေရဲ့ စားဝတ်နေရေးဟာလည်း စိန်ခေါ်မှု ဖြစ်လာပါတယ်။ အလုပ်သမား သမဂ္ဂ ထူထောင်ဖို့ဆိုတဲ့ အဓိပ္ပာယ်ထက် သပိတ်စုံသူပုန် ထလိုကြတဲ့ စိတ်ကူးယဉ် တက်ကြွလှုပ်ရှားသူတချို့ အကြား အချင်းချင်းလည်း ယုံကြည်မှုတွေ ကျဆင်းလာတာ ကိုလည်း ကြားသိနေရပါတယ်။ ထိုအရေးဆောင်ရွက်သူ ဆရာ၊ ဆရာမများ တခြား Issue ခေါင်းစဉ် တွေအပေါ် အာရုံတွေ ပြောင်းကုန်ကြပါတယ်။ ၀မ်ပေါင်ပြဿနာ၊ သမီးလေး အရေးကိစ္စနဲ့ လူအများ စိတ်ဝင် စားမှုရှိတဲ့ နေရာတွေကို အာရုံအသီးသီး ရောက်ကုန်ပါတယ်။ ဆန်္ဒပြ ကြတဲ့ လှိုင်သာယာစက်မှုဇုန်လည်း အလုပ် သမားသမဂ္ဂ တွေ ဖွဲ့နိုင်ခဲ့ပြီး ထိုသမဂ်္ဂက တစ်ဆင့် အလုပ်ရှင်၊ အလုပ်သမား ပြဿနာ ကို ဆွေးနွေးနိုင် တဲ့နည်းနဲ့ ဖြေရှင်းသလို၊ ဆန်္ဒပြခြင်းကို နောက်ဆုံးကျည်ဆံအဖြစ် အသုံးပြုရမှန်း သိလာတာကို တွေ့ရပါတယ်။ ၀န်ထမ်းတွေ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်မှဆိုတဲ့ အဖြေရှာမှု၊ အသိကလေးတွေ ဖြစ်လာတာ ကို တွေ့ရပါတယ်။

ရန် ... ငါပြတ်မပြတ်

အသွင်ကူးပြောင်းရေး ကာလတစ်ခုမှာ တွေ့ကြုံရမှာပဲဆိုတဲ့ သီအိုရီကို ကျွန်တော် မကြိုက်ပေမယ့် လက် တွေ့ကြုံနေရတာပါပဲ။ နိုင်ငံရေးအကဲဆပ်မှုတွေ၊ ပွင့်လင်းမှုတွေ၊ စောင့်ကြည့်မှုတွေ ရှိသင့်တာဟာ ဖြစ်သင့် ပေမယ့် ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ နိုင်ငံရေး စနစ်တစ်ခု မြန်မာနိုင်ငံမှာ အမြစ်တွယ်လာမှာကို စိုးရိမ်မိပါ တယ်။ စနစ်တစ်ခုကို အလွဲ သုံးစားပြုမိတဲ့ ကျွန်တော်တို့နိုင်ငံ ဒီလို ဒုက်္ခ တွေထဲက ပြန်ထွက်နိုင်ဖို့ ကြိုးစား မှုတွေနဲ့ စုပေါင်းလုပ်ဆောင်နေချိန်မှာ ပြန်ထွက်ဖို့ ကြိုးစားနေ တဲ့ ဦးဆောင်နေတဲ့ သူတွေကို တောင် ချောက်ထဲ ပြန်တွန်းချနေသလားလို့ ခံစားရပါတယ်။

ငါနဲ့မတူငါ့ရန်သူဆိုတဲ့ အဖြူအမည်းနိုင်ငံ ရေးကို အမြစ်မတွယ်ခင်ဖယ်ထုတ်ဖို့ နစ်နေတဲ့ နွံထဲက တွန်းထုတ် ကြမလားဆိုတာ စိန်ခေါ်မှုနဲ့ ရွေးချယ်မှုဖြစ်လာမယ်လို့ ယုံ ကြည်ပါတယ်။ တိုင်းပြည်ရဲ့အနာဂတ်က ပြည် သူတွေလက်ထဲမှာပဲ ရှိပါလိမ့်မယ်။ ဦးဆောင်လမ်းပြကလွဲလို့ ကျန်တဲ့ အင်အားတွေဟာ ပြည်သူတွေရဲ့ အား ဖြစ်ပါ လိမ့်မယ်။

ထိုင်းနိုင်ငံမှာ ၂၀၀၆ ခုနှစ်ကစခဲ့တဲ့ နိုင်ငံရေးပဋိပက္ခတွေဟာ “ကိုယ်ကောင်း၊သူဆိုး” ဆိုတဲ့ နိုင်ငံရေး အ ပြစ်ဖို့မှု လမ်းစဉ်ကနေ မထွက်နိုင်ခဲ့လို့ ဖြစ်ခဲ့ကြတာပါ။ ၀န်ကြီးချုပ်ဟောင်းသက်ဆင်ကို ထောက်ခံသူနဲ့ ဆန့်ကျင်သူတွေဟာ ဘက်နှစ်ဖက်ကို ရောက် သွားခဲ့ရပါတယ်။ တချို့ဆိုရင် မိသားစုဝင်တွေအကြား သဘောထား ကွဲလွဲမှုတွေ ပေါ် ပေါက်လာခဲ့ပြီး အမေနဲ့သား၊ အဖေနဲ့သမီးအကြား စကား မပြောနိုင်တဲ့ အထိ တင်းမာ ခဲ့သလို လင်မယားကွဲတဲ့အထိတောင် သဘောထားတွေ ကွဲလွဲခဲ့ပါတယ်။ မပြေးသော် လည်း ကံရာရှိဆိုသလို လူမှုအဖွဲ့အစည်း တွေအကြား ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး ဂယက်ကြောင့် လူမှု အဖွဲ့အစည်းတွေ၊ မိ သားစုတွေအကြား အစိတ်စိတ်အမြွာမြွာ ဖြစ်ခဲ့ရပါတယ်။ “ငါနိုင်ဖို့ဆိုတဲ့” အတ္တဟာ နောက်ကွယ်နိုင်ငံရေးမှာ ပထမလိုက်နာရ မယ့်စည်းမျဉ်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ ဘက် တော်သားများဟာ အတိုက်အခံတွေကို နိုင်ငံရေးနေရာ မပေးတဲ့ အပြင် သတ်ဖြတ်မှုတွေ နဲ့ပါ ရင်ဆိုင်စေခဲ့ပါတယ်။ ငါတို့ လိုချင်တာ မရရင် မင်းတို့ အသက်မရှင်စေရဆိုတဲ့ အ စွန်းရောက် အောက်ခြေနိုင်ငံရေး သမားများ ကို ၀န်ကြီးချုပ်ဟောင်းလည်း မထိန်းနိုင်တော့ပါ။ တစ်ဖက် မှာကြည့်ရင် ပြည်သူ့ထောက်ခံ မှု ရွေးကောက်ပွဲမဲတွေကနေ အနိုင်ရ၊ အာဏာရလာခဲ့ပေမယ့် တစ်ဖက် မှာတော့ အတိုက်အခံကို ဆန့်ကျင်တာနဲ့ လက်ပစ်ဗုံးနဲ့ လာပစ်တော့တာပါပဲ။ ဒါကြောင့် ဒီမိုကရေစီ နည်းနဲ့ အာဏာရှင် တစ်ဖြစ်လဲ ဖြစ်နေပါတယ် လို့ အတိုက်အခံတွေက နာမည်ပေးတာပါပဲ။

ဒါကြောင့်လည်း ထိုင်းစစ်တပ်အနေနဲ့ ရွေးစရာလမ်းမရှိတော့ဘဲ လူထောင်နဲ့ချီ အသတ်ခံရမယ့်အရေးကို လက်ပိုက်ကြည့် နေခဲ့ရင် ဆိုတာထက် ယင်လတ်အစိုးရရဲ့ အောက်ခြေမှာမျက်ကွယ် တရားစီရင်ရေး ဖြစ်လာခဲ့လို့ မဖြစ်မနေ အာဏာသိမ်းရ ကြောင်း အာဏာသိမ်းစစ်တပ် ပြောရေးဆို ခွင့်ရှိသူက အလွတ်သဘော ရှင်းပြခဲ့ပါတယ်။

အရှေ့တီမော လွတ်လပ်ရေးနဲ့ အမျိုးသားရေးတာဝန်

အရှေ့တီမောလွတ်လပ်ရေးရပြီး သုံးနှစ်လောက်မှာ တော်လှန်းရေးသမား တစ်ဖြစ်လဲ သတင်းဆရာ တစ်ဦးနဲ့ ဧရာဝတီဂျာနယ်အယ်ဒီတာချုပ် ကိုအောင်ဇော်ရဲ့ ရုံးခန်းမှာ ဆုံဖြစ်ကြပါတယ်။ ညဘက် သေ နတ်ကိုင်၊ နေ့ဘက် သတင်းစာတိုက်မှာ အယ်ဒီတာ လုပ်ခဲ့တဲ့ပုဂ်္ဂိုလ်ကို ကိုအောင်ဇော်က “သမ္မတနဲ့ သူ့အစိုးရရဲ့ အားနည်းချက်တွေကို မရေးဘူးလား” လို့ ထိုသူကို မေးပါတယ်။ တီမော အယ်ဒီတာအနေနဲ့ ပြန်ဖြေတာက “အစိုးရအနေနဲ့ သုံးနှစ်သားပဲရှိသေးတာ၊ အမှားတွေကို လုပ်နိုင်တယ်။ လုပ်ချင်တိုင်း မလုပ်နိုင်တာကို ဝေဖန်မယ်၊ ဆော်မယ်ဆို ရင် သုံးနှစ်သားကလေးကို ၀ိုင်းရိုက်နေ သလို ခံစားရတယ်လို့” ပြောသွားပါတယ်။ သူပြောသွားတာလည်း မမှားပါဘူး။ ဆန္ဒစောလွန်းတဲ့၊ ငါပြောတာမလုပ်လို့ဆိုတဲ့ အတ္တတွေ၊ ငါလုပ်ရင် ရနိုင်ပါတယ်ဆိုတဲ့ “ငါ” ဆိုတဲ့ ဆန္ဒတွေက မလိုအပ်တဲ့ နိုင်ငံရေးအကျိုးဆက်ကို ရနိုင်ပါတယ်။

နိုင်ငံရေးဝန်းကျင်(Political Space)ကို ဘယ်လိုဖန်တီးကြမလဲ

အမေရိကက နိုင်ငံရေးသိပ္ပံပညာရှင်ကြီးတစ်ဦးက ကျွန်တော့်ရဲ့ စာတမ်းတစ်စောင်ကို ၂၀၀၆ ခုနှစ် လောက်က ပယ်ပယ်နယ်နယ် ဝေဖန်ဖူးပါတယ်။ “ခင်ဗျားစာတမ်းက စစ်အစိုးရမကောင်းကြောင်း၊ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ၊ ရက်စက်မှုတွေပဲ ရေးထားတာ တွေ့ရတယ်။ အတိုက်အခံ နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ ခင်ဗျားတို့ ဘာလုပ်မလဲ၊ ဘယ်လိုပြင်မလဲ၊ ဘယ်လို လုပ်ကြမလဲဆိုတာ တစ်ခုမှ မပါသလို၊ သူတို့ထက်ကောင်းတာ ဘာတွေလုပ်ပေးမလဲ ဆိုတာလည်းမပါတဲ့အတွက် ခင်ဗျားစာတမ်းက ခပ်ညံ့ညံ့ တိုင်စာတစ်စောင်အဆင့် ထက်မပိုပါဘူးတဲ့” ။ ဒီလိုပါပဲ။ ကျွန်တော် တို့တွေက မျှော်လင့်ချက်ကို အကောင်အ ထည်ဖော်နိုင်မယ့် ပတ်ဝန်းကျင်ကို အခွင့်အခါသင့်တဲ့အချိန်၊ အခြေအနေပေးတဲ့ အချိန်မှာ ကိုယ်တိုင်ဖန်တီးမယူဘဲနဲ့ ပေး တာကို ထိုင်စောင့်နေရင် ပေးသလောက်ပဲ ရမှာပါ။ မပေးရင်လည်း မပေးပါဘူးဆိုတာ ကို တာဝန်ကျေအော်ရုံကလွဲလို့ ကျန်တာ ဘာမှ မရနိုင်ပါဘူး။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းမှာ လူ စွမ်းကောင်း (သို့) ခေါင်းဆောင်ရှာပြီး တင် လေ့ရှိကြတယ်။ “မင်း လောင်း” ပေါ့လို့ ကျွန်တော်အင်မတန်လေးစားရတဲ့ အဘ ဦးဝင်းတင်က ၂၀၁၂ တုန်းက သူ့အိမ်မှာ ပြော ဖူးတာ ပြန်အမှတ်ရပါတယ်။ ကျွန်တော်တို့ လူမျိုးဟာ “မင်းလောင်း”ကိုပဲ မျှော်လေ့ ရှိ တယ်ဗျ။ တိုက်ဆိုင် မှုတွေရှိတိုင်းလည်း အဘ ရဲ့စကားသံကို အမှတ်ရရင်း ပြုံးမိပါတယ်။

ကိုယ့်အားကိုယ်ကိုးဖို့၊ စုပေါင်းတာဝန်ယူချင်တဲ့စိတ်နဲ့ လုပ်ဆောင်ဖို့ ဖြစ်လာရတာ ကလည်း ခေါင်းဆောင် ကောင်းတွေ ပေါ်ထွက်လာခဲ့လို့ဆိုရင်လည်း မမှားပါဘူး။ သို့သော်လည်း ခေါင်းဆောင်ကောင်းတစ် ယောက်ရတဲ့အခါ သူနဲ့မတူတဲ့ တခြားခေါင်းဆောင်တွေ အရည်အသွေးပြဖို့ အခွင့်အလမ်း နည်းပါးသွား လေ့ရှိတာ ဓမ္မတာပါ။

အစိုးရတစ်ရပ်အနေနဲ့ တာဝန်ခွဲလုပ်ရ တဲ့အတွက် ပြဿနာမရှိပေမယ့်၊ နိုင်ငံရေး ပါတီတွေ၊ နိုင်ငံရေး လှုပ်ရှား မှုတွေမှာ လုပ်ပိုင်ခွင့် နေရာရနိုင်မှုပြဿနာ ပေါ်ပေါက်လေ့ ရှိပါတယ်။

ဒါပေမဲ့ Political Space ကိုတော့ ကိုယ့်ဘာသာကိုယ် တည်ဆောက်ယူလေ့ ရှိပါတယ်။ ဒီမိုကရက်တစ် ပါတီအတွင်းရေးမှူးဟောင်း ဆူထမ်တစ်စဘန်း တစ်ယောက် ပါတီကို အားမလိုအားမရ ဖြစ်တဲ့အတွက် ခေါင်းဆောင်မဲ့နေတဲ့ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုတွေကိုဦးဆောင်ပြီး ၀န်ကြီးချုပ်ဟောင်း ယင်လတ် ရဲ့ အစိုးရကို ထိပ်တိုက်ရင်ဆိုင်ခဲ့တာပါပဲ။ သူ့ရဲ့ပေးဆပ်မှုက မသေးခဲ့ပါ။ ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌ ၀န်ကြီးချုပ်ဟောင်း အပီဆစ် ၀ိဇ္ဇာဇီဝကတော့ ရှေ့ရိုးနည်းနဲ့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းချင်တယ်။ ဒါပေမဲ့ နိုင်ငံ ရေးအာဏာ၊ ဒီမိုကရေစီရွေးကောက်ပွဲ၊ ဓနအင်အား၊ မီဒီယာဆက်သွယ်ရေး ယန္တရားတွေကို ပိုင်ဆိုင်ချုပ်ကိုင်ထားနိုင်တဲ့ ၀န်ကြီး ချုပ်ဟောင်းသက်ဆင်နဲ့ သူ့မိသားစုနိုင်ငံရေး အင်ပါရာကိုယှဉ်ဖို့ အကြီးအကျယ် အခက်အခဲ ရှိပါတယ်။

ဘုံဦးတည်ချက်

နိုင်ငံရေးလှုပ်ရှားမှုတိုင်းမှာ နည်းနာ ကွဲပြားမှု၊ ပန်းတိုင်အကွာအဝေးကွာခြားမှု၊ အချိန်အတိုင်းအတာ ကွာဟမှုတို့က အပြင်ကကြည့်လိုက်ရင်တော့ အားလုံးဟာ ဦး တည်ချက် တူညီနေတယ်လို့ ထင်ရပေမယ့် တကယ်တော့ တူသယောင်နဲ့ ကွဲပြားခြားနားနေတာကို တွေ့ရပါတယ်။ မျှော်လင့်ချက်၊ ဦးတည်ချက်တွေရဲ့ ကွဲပြားခြားနား မှုဟာ မဟာဗျုဟာချမှတ်မှုတွေမှာလည်း ကွဲပြားသွားလေ့ရှိတာကို တွေ့ရပါတယ်။ ဒါတွေ ကို ၁၀ နှစ်နီးပါးလောက် နယ်စပ် အစည်းအဝေးတွေမှာ တွေ့ခဲ့ရသလို ရည်မှန်းချက်ပန်းတိုင်ကိုWish List (ရည်ရွယ်ချက်များ) အပေါ် ကွဲပြားနေတာကို တွေ့ရပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ စီးပွားရေး ဆောင် ရွက်မှုနဲ့မတူနိုင်ပါ။ စနစ်တကျ ကူးပြောင်းနိုင်ဖို့အတွက် အားလုံး ၀ိုင်းဝန်း လုပ်ဆောင်မှုနဲ့ မျှော်လင့်ချက် အကောင်အထည်ဖော်နိုင်ဖို့ နိုင်ငံရေးဝန်းကျင်တစ်ခုကို သက်ဆိုင်ရာနေရာမှာ တည်ဆောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

http://www.mizzimaburmese.com/ မှ ကူးယူဖော်ပြသည်

Written by ညိုအုန်းမြင့်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...