၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်
၂၀၁၄ခုနှစ် အောက်တိုဘာလ ၉ရက်နေ့မှ ၂၃ရက်နေ့အထိ နေပြည်တော် ဇေယျာသီရိ အားကစားကွင်းနှင့် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်း များတွင် ကျင်းပပြုလုပ်မည့် အာရှယူ- ၁၉ပြိုင်ပွဲအတွက် လက်မှတ် များကို အောက်တိုဘာလ ၈ရက်နေ့မှ စတင်၍ ရိုးရိုးတန်း ၂၀၀၀ကျပ်၊ အထူးတန်း ၅၀၀၀ ကျပ်ဖြင့် အောင်ဆန်းကွင်း၊ စလင်းကွင်းနှင့် သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံရှိ လက်မှတ် အရောင်း ကောင်တာများတွင် ၀ယ်ယူရရှိနိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။ အာရှယူ-၁၉ ပြိုင်ပွဲမှ အုပ်စု(က)နှင့် အုပ်(ခ) ပွဲစဉ်များကို ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင် ကစားကြမည် ဖြစ်ပြီး အုပ်စု(ဂ)နှင့် အုပ်စု(ဃ) ပွဲစဉ်များကို နေပြည်တော်၊ ဇေယျာသီရိ ကွင်းတွင် ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။အာရှယူ-၁၉ ပြိုင်ပွဲအတွက် ကြိုတင် လက်မှတ်များ ရောင်းချမှုနှင့် ပတ်သတ်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် လက်ထောက် မီဒီယာ ဒါရိုက်တာ ဦးဇော်မင်းထိုက်က ” ပြိုင်ပွဲအတွက် လက်မှတ်တွေကို ရိုးရိုးတန်း ၂၀၀၀ကျပ်၊ အထူးတန်း ၅၀၀၀ကျပ်နဲ့ လာမယ့် အောက်တိုဘာလ ၈ရက်နေ့ကနေ စတင်ပြီး သတ်မှတ် ထားတဲ့ နေရာတွေမှာ မနက် ၉နာ၇ီကနေ ညနေ ၄နာရီအထိ ရောင်းချပေး သွားမှာပါ။ နေ့စဉ်ပွဲကြည် လက်မှတ်တွေ အပြင် ပွဲစဉ်တစ်လျှောက် လက်မှတ်တွေကိုလဲ ရောင်းချပေးသွားဖို့ ရှိပါတယ်။ ပွဲစဉ်တစ်လျှောက် လက်မှတ်တွေကိုတော့ ရန်ကုန်မြို့မှာ ကျင်းပမယ့် ပွဲစဉ် အားလုံးအတွက် စီစဉ်ရောင်းချပေး သွားမှာပါ။ ဒီလက်မှတ်တွေကို တစ်စောင်
၅သောင်းကျပ်နှုန်းနဲ့ ရောင်းချပေး သွားမှာဖြစ်ပြီး ၀ယ်ယူသူတွေ အတွက် ပရိသတ်တွေ ၀တ်ဆင်နိုင်မယ့် မြန်မာအသင်း ဂျာစီ၊ လည်စည်းပ၀ါနဲ့ ဖုန်းဆင်းကတ်တွေကို လက်ဆောင် အဖြစ် ပြန်လည်ပေးသွားမှာပါ။
ဒီလက်မှတ်တွေကိုတော့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှာ ရုံးချိန်အတွင်း လာရောက် ၀ယ်ယူနိုင်ပါပြီ” ဟုထုတ်ဖော် ပြောဆိုသွားခဲ့သည်။
အိမ်ရှင်မြန်မာ လက်ရွေးစင် ယူ-၁၉အသင်းမှာ အုပ်စု(က)တွင် အီရန်၊ ထိုင်းနှင့် ယီမင်၊ အုပ်စု(ခ)တွင် ဥဇဘက် ကစ္စတန်၊ သြစတြေးလျ၊ ယူအေအီးနှင့် အင်ဒိုနီးရှား၊ အုပ်စု(ဂ)တွင် လက်ရှိချန်ပီယံ တောင်ကို ရီးယား၊ ဂျပန်၊ တရုတ်နှင့် ဗီယက်နမ်၊ အုပ်စု(ဃ)တွင် အီရတ်၊ မြောက်ကိုရီးယား၊ ကာတာနှင့် အိုမန် အသင်းတို့ အသီးသီးပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ မြန်မာယူ-၁၉ အသင်းမှာ အောက်တိုဘာလ ၉ရက်နေ့ ည ၆နာရီခွဲတွင် ယီမင်အသင်း၊ အောက်တိုဘာလ ၁၁ရက်နေ့ ည ၆နာရီခွဲတွင် ထိုင်း၊ အောက်တိုဘာလ ၁၃ရက်နေ့ ည ၆နာရီခွဲတွင် အီရန်အသင်းတိုနှင့် တွေဆုံ ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်းသိရှိရသည်။
Soccer Myanmar
0 comments:
Post a Comment