Monday, September 8, 2014

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဇူးရစ်မြို့ရှိ ပြတိုက်များအား ကြည့်ရှုလေ့လာ



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် စက်တင်ဘာ(၇)ရက် နံနက် ပိုင်းတွင် ဘန်းမြို့မှ မော်တော် ယာဉ်များဖြင့် ထွက်ခွာလာရာ ဒေသစံတော်ချိန် နံနက်(၁၀)နာရီတွင် ဇူးရစ်မြို့ရှိ ယဉ်ကျေးမှု သမိုင်းပြတိုက် (Schweizer Landesmuseum) သို့ ရောက်ရှိကြသည်။

ထို့နောက် ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ဆွစ်ဇာလန်နိုင်ငံ၏ သမိုင်းဆိုင်ရာပြခန်းများမှ ခေတ် အဆက်ဆက် လူ့အသုံးအဆောင်ပစ္စည်းများ၊ အဝတ်အထည်များနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် လက်ရာ များကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ပြတိုက်၏ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ပြတိုက်မှ တာဝန်ရှိသူများသည် အမှတ်တရလက်ဆောင်ပစ္စည်းများကို အပြန် အလှန်ပေး အပ်ကြသည်။

ဆွစ်ဇာလန်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန Federal Office of Culture vufatmufcH Swiss National Museum သည် ဇူးရစ်မြို့၌ တည်ရှိပြီး ၁၈၉၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ အဆောက်အအုံ ဗိသုကာ ပညာရှင်မှာ ဆွစ်လူမျိုး Mr. Gustav Gull ဖြစ်ပြီး ၎င်းသည် ဇူးရစ်နည်းပညာ သိပ္ပံကျောင်းဆင်းတစ်ဦးဖြစ်သည်။ ပြင်သစ် ခေတ်ဆန်း ရဲတိုက်ပုံစံများဖြင့် Sihl နှင့် Limmat မြစ်နှစ်ခုကြားရှိ အလယ်ကျွန်းတွင် တည်ရှိနေပြီး သာယာ လှပသည့်အတွက် ဇူးရစ်မြို့ဟောင်း၏ အဓိကလည်ပတ် စရာ နေရာ တစ်ခုဖြစ်သည်။

သမိုင်းမတင်မီ ရှေးပဝေသဏီ လူသားအစကာလမှသည် အလယ်ခေတ်နှင့် (၂၀)ရာစုအထိကို လည်းကောင်း၊ ခေတ်သစ် အနုပညာလက်ရာများ ကိုလည်းကောင်း ခင်းကျင်းပြသထားသည်။ ဂျာမန်နှင့် ပြင်သစ် ဘာသာ များဖြင့် ယဉ်ကျေးမှုမဂ္ဂဇင်းကို ထုတ်ဝေသည်။

အခါအားလျော်စွာ ပြုလုပ်သည့် ပြပွဲအစီအစဉ်များ ရှိပြီး ပန်းချီနှင့် ရုပ်ရှင် ပြပွဲများလည်း ပြုလုပ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ရှင်းလင်းပြသသည့် Guided Tour များကို အပတ် စဉ်ပြုလုပ်လေ့ရှိသည်။

ယင်းနောက် နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့်အဖွဲ့သည် ပုဂံနှင့် ပျူယဉ်ကျေးမှုပြပွဲကျင်းပမည့် Rietberg Museum သို့ ရောက်ရှိကြပြီး ပြတိုက် အတွင်း ခင်းကျင်းပြသထားမှုများကို ကြည့်ရှုလေ့လာကြသည်။

ယင်းပြတိုက်သည် ဇူးရစ်မြို့၌ပင် တည်ရှိသည့် ဥရောပတိုက်ပြင်ပမှ အနုပညာလက်ရာများကို ခင်းကျင်းပြ သသည့် ပြတိုက်တစ်ခုဖြစ်ပြီး ဇူးရစ်မြို့၏ တတိယအကြီးဆုံးပြတိုက်ဖြစ်ကာ နှစ်စဉ်လေ့လာ သူပေါင်း (၁၅၀၀၀၀) ကျော်ရှိသည်။ ၁၉၄၀ ခုနှစ်များမှ စတင်တည်ထောင်ခဲ့ပြီး Monograph စာအုပ်များနှင့် အာရှ ရှေးဟောင်း သုတေသနပညာ တစ်နှစ်နှစ်ကြိမ်ထုတ် ပညာရပ်ဆိုင်ရာဂျာနယ် ထုတ်ဝေမှုကိုလည်း ပြုလုပ်သည်။

ဇူးရစ်မြို့ အုပ်ချုပ်ရေးမှူးရုံးမှ စီမံခန့်ခွဲပြီး ခင်းကျင်းပြသထားသည့် အနုပညာ လက်ရာများသည် စုဆောင်းရရှိသည့် ပစ္စည်းများ အပြင် လှူဒါန်းမှုများမှ လက်ခံရရှိသည်များလည်း အများအပြားရှိသည့်အတွက် ဥရောပဒေသပြင်ပ လက်ရာများကို စုံလင်စွာ လေ့လာနိုင်သည့် ဥရောပတိုက်အတွင်းရှိ တစ်ခုတည်းသော ပြတိုက် ဖြစ်သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...