Wednesday, September 24, 2014

ဝမ်ပေါင်ကုမ္ပဏီမှ တရုတ်နိုင်ငံသားနှစ်ဦးအား ဖမ်းဆီးခဲ့မှုတွင် ပါဝင်သည်ဟုဆိုကာ ဖမ်းဆီးခံနေရသော မဖြူနှင်းထွေးအား ဒုတိယအကြိမ်ရုံးထုတ်စဉ် အထက်မြန်မာပြည် ဗကသအဖွဲ့ဝင်များက ပြန် လွှတ်ပေးရေး တောင်းဆို

 
 
ဟိန်းမင်းထက်

ဖမ်းဆီးခံထားရသည့် မဖြူနှင်းထွေးအား စက်တင်ဘာ ၂၃ ရက်က ယင်းမာပင်ခရိုင် တရားရုံးတွင် ရုံးထုတ်စဉ် ဗကသအဖွဲ့ဝင် ကျောင်းသားကျောင်းသူများက ပြန်လွှတ်ပေးရန် တောင်းဆိုနေကြစဉ် (ဓာတ်ပုံ-ဟိန်းမင်းထက်)
၂၀၁၄ ခုနှစ် မေ ၁၈ ရက်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တူးဖော်ခွင့်ရ မြန်မာဝမ်ပေါင်ကုမ္ပဏီမှ တရုတ်နိုင်ငံသားနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်ခဲ့မှုတွင် ပါဝင်ခဲ့သည်ဟုဆိုကာ တရားစွဲဆိုခံရသော မန္တလေးဗကသမှ ကျောင်းသူ မဖြူနှင်းထွေးအား စက်တင်ဘာ ၂၃ ရက်က ယင်းမာပင်ခရိုင် တရားရုံးတွင် ဒုတိယအကြိမ် ရုံးချိန်းအဖြစ် ခေါ်ယူကြားနာစစ်ဆေးရန် ရုံးထုတ်လာစဉ် အထက်မြန်မာပြည် ဗကသအဖွဲ့ဝင်များက မဖြူနှင်းထွေးအား ပြန်လည်လွှတ်ပေးရေးအတွက် တောင်းဆိုခဲ့ကြသည်။

ပထမအကြိမ်ရုံးချိန်းအား စက်တင်ဘာ ၁၅ ရက်တွင် ရုံးတင်စစ်ဆေးခဲ့ပြီး အမှုအားလက်ခံခဲ့ကာ စက်တင်ဘာ ၂၃ ရက်တွင် တရားလိုအဖြစ် ဆောင်ရွက်သူ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တာဝန်ခံဦးလှစိန်အား စစ်ဆေးခဲ့ပြီး တရားလိုပြ သက်သေများဖြစ် သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဥပဒေအကြံပေး ဦးအောင်မြင့်နှင့် ယင်းမာပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်တို့အား စစ်ဆေးခဲ့သည်။

မဖြူနှင်းထွေးမှ ယင်းမာပင်ခရိုင် တရားသူကြီး ဒေါ်နွယ်နွယ်ရီထံသို့ အာမခံလျှောက်ထားခဲ့ရာ အာမခံအား ပယ်ချပြီး စက်တင်ဘာ ၃၀ ရက်နှင့် အောက်တိုဘာ ၁ ရက်တို့တွင် ရုံးချိန်းပြန်လည် ဆင့်ခေါ်ခဲ့သည်။

မဖြူနှင်းထွေးသည် မန္တလေးအဝေးသင်တက္ကသိုလ်၌ မြန်မာစာတတိယနှစ် တက်ရောက်နေသူတစ်ဦးဖြစ်ပြီး မကြာမီ စာမေးပွဲဖြေဆိုရန်အတွက် လျှောက်လွှာတင်ထားသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

ယင်းမာပင်ခရိုင် တရားရုံးတွင် ရုံးထုတ်လာသော မန္တလေးဗကသကျောင်းသူ မဖြူနှင်းထွေးအား စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ်

“ကျွန်မအနေနဲ့ တရုတ်လူမျိုးနှစ်ယောက်ကို မဖမ်းခဲ့ပါဘူး။ ရွာကို ကလေးတွေ စာသင်ဖို့အတွက်နဲ့ နစ်နာနေတဲ့ ဒေသခံတောင်သူတွေအရေးကို ဆောင်ရွက်ဖို့ လာနေခဲ့တာပါ။ အခုလက်ရှိ အချုပ်ထဲမှာ ကျန်းမာရေးလည်း ကောင်းပါတယ်။ နောက်နောင်မှာလည်း တောင်သူတွေအကျိုးအတွက် ဆက်လက် ရပ်တည်နေဦးမှာပါ” ဟု တရားရုံးမှအထွက်တွင် မဖြူနှင်းထွေးက ပြောကြားသည်။

“အခုလို မတရားစွပ်စွဲပြီး အတင်းအဓမ္မ တရားစွဲတင်တာတော့ မကောင်းပါဘူး။ ကျွန်တော်တို့ ဗကသအဖွဲ့အနေနဲ့ ပြန်လည်လွှတ်ပေးရေးအတွက် ဆက်လက်တောင်းဆိုသွားမယ်။ အရှိန်မြှင့်ပြီး တောင်း ဆိုမှုတွေ လှုပ်ရှားမှုတွေ လုပ်သွားမယ်။ တရားစွဲဆိုခဲ့စဉ်က ခုနစ်ဦးကို စွဲဆိုပြီး ငါးဦးကို ကျေအေးပေးတယ်။ ကျန်တဲ့ နှစ်ဦးကျမှ အခုလို ဆောင်ရွက်တယ်ဆိုတော့ တရားဥပဒေက ဘာလဲဆိုတာ စဉ်းစားကြည့်ပါ။ ဗကသတွေမို့ အငြိုးအတေးနဲ့ လုပ်သလားလို့ မေးရမယ့် အနေအထားကို ရောက်နေပါတယ်” ဟု အထက်မြန်မာပြည် ဗကသအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ကိုနွေဦးကိုက ပြောကြားသည်။

ယင်းမာပင်ခရိုင် တရားရုံးအတွင်း၌ မုံရွာခရိုင်ဗကသ၊ အထက်မြန်မာပြည် ဗကသများအဖွဲ့၊ ကျောက်ဆည် ခရိုင်ဗကသ၊ မြင်းခြံခရိုင် ဗကသအဖွဲ့များမှ အင်အား ၂၀၀ နီးပါးဖြင့် ဗကသရဲဘော် ဖြူနှင်းထွေး ချက်ချင်းလွှတ်၊ မတရားစွဲဆိုထားသော ပုဒ်မများ ဖျက်သိမ်းပစ်၊ ကျောင်းသားထုအခွင့်အရေး ချက်ချင်းပေး၊ ကျောင်းသားရဲဘော်များ မတရားစွဲဆိုခံထားရသော ပုဒ်မများ ခြွင်းချက်မရှိ ရုပ်သိမ်းပေး အစရှိသည့် တောင်းဆိုချက်များဖြင့် တောင်းဆိုပြီး ဗကသသီချင်းများအား သံပြိုင်ရွတ်ဆိုခဲ့ကြသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...