ပြိုင်ပွဲဝင်များတွင်ကိုယ့် ထက်လှသူများ ပါသောကြောင့် ဆုရရှိရန် မှန်းမထားဘဲ ကံကောင်း၍ ဆုရခဲ့ခြင်းဖြစ်ပြီး ကြိုးစားမှုနှင့် ထပ်တူကျခဲ့သည်ဟု ထင်ကြောင်း Miss Myanmar World 2014 ဆုရှင် ၀ိုင်းလေး က ပြောသည်။
‘‘ပြိုင်ပွဲတောက်လျှောက် အကောင်းဆုံးကြိုစားခဲ့တယ်။ ဆုရ ရမယ်ဆိုတာထက် အကောင်းဆုံး ပြင်ဆင် ခဲ့တယ်။ နောက်ဆုံးဖိုင်နယ်နေ့မှာလည်း ဆုကိုမှန်းမထား ဘဲ မထင်မှတ်ဘဲ ရခဲ့တဲ့အတွက် ကိုယ့်ရဲ့ ကြိုးစားမှုနဲ့ ထပ်တူညီတယ်လို့ ထင်ပါ တယ်’’ဟု ၀ိုင်းလေး က ပြောသည်။
Miss Myanmar World 2014 ဆုကို ၀ိုင်းလေး ရရှိခဲ့သည့်အပေါ် ပရိသတ်အချို့ က နောက်ဆုံးပြိုင်ပွဲတွင် ၀ိုင်းလေး ၀တ်ဆင်သည့် ၀တ်စုံအရောင်နှင့် ဗဟုသုတ မေးခွန်းများမေးသည့် ကဏ္ဍတွင် ၀ိုင်းလေး၏ ဖြေဆို မှုကို ဝေဖန်မှုများရှိခဲ့သည်။
ဝေဖန်မှုများနှင့်ပတ်သက်၍ ၀ိုင်းလေး က မေးခွန်းဖြေဆိုသည့် ကဏ္ဍတွင် မေးခွန်းနှစ်ခု မေးခဲ့သော်လည်း အဖြေတစ်ခုကိုသာ ဖြေဆိုခဲ့ခြင်းသည် ပွဲကျင်းပ သည့် အဖွဲ့အစည်းဘက်မှ မေးခွန်းဖြေဆိုချိန် စက္ကန့် သုံးဆယ်သာ သတ်မှတ် ပေးထားသောကြောင့် သတ်မှတ်ထားသည့် အချိန်အတွင်း အကောင်းဆုံး အဖြေ တစ်ခုကို ဖြေဆိုခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
ထို့အပြင် ၎င်းဝတ်ဆင်ထားသည့် ၀တ်စုံအရောင်နှင့် သရဖူအရောင် တူညီနေ ခြင်းမှာလည်း တိုက်ဆိုင်မှု တစ်ခုသာဖြစ်ပြီး ဒီဇိုင်နာပေးသည့် အရောင်ကိုသာ ၀တ်ဆင်ခဲ့ခြင်းဖြစ်ကာ ကြိုတင်စီစဉ်ထားခြင်း မဟုတ်ကြောင်း ၎င်းက ဆိုသည်။
Miss Worldပြိုင်ပွဲကို ဒီဇင်ဘာလအတွင်း ဗြိတိန်နိုင်ငံတွင် သွားရောက်ယှဉ်ပြိုင် ရမည်ဖြစ်ပြီး ယခုအချိန်မှစ၍ ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်သွားမည်ဟု ၀ိုင်းလေး က ပြောသည်။
‘‘ပြိုင်ပွဲကြီးမှာ ဆုမရရင်တောင် ၀ိုင်းလေးကိုကြည့်ပြီး မြန်မာနိုင်ငံမှာ အရည် အချင်းရှိတဲ့ အမျိုးသမီးတွေ ရှိပါလားဆိုတာကို သိအောင်တင်ပြသွားမယ်’’ဟု ၎င်းကပြောသည်။
လေ့ကျင့်မည့် အစီအစဉ်များကိုမူ အသေးစိတ် မသိရသေးဘဲ Talent ပိုင်း ပြင်ဆင်မှုအတွက် စန္ဒရား(သို့) ပတ္တလားဖြင့် မြန်မာသံ သီချင်းသီဆိုရန် ရည်မှန်း ထားကြောင်း ၎င်းကဆိုသည်။
7Day Daily
0 comments:
Post a Comment